ရန်ကုန် ဒီဇင်ဘာ ၄

 

(၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကို ဒီဇင်ဘာ ၅ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အမျိုးသားအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (B) ပထမနေ့ကို ဒီဇင်ဘာ ၅ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ချောင်ဘူရီမြို့ရှိ IPE Chonburi Stadium ၌ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု (B) တွင် မြန်မာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့ နောက်တစ်ဆင့်တက်ရေး အပြိုင်ဖြစ်နေသဖြင့် ထိပ်တိုက်တွေ့ဆုံမည့်ပွဲများမှာ အရေးပါနေရာ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် အဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို အနိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် နောက်ဆုံးတွေ့ဆုံသည့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲတွင် တစ်ဂိုးစီသရေကျထားသည်။

 

အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက် (ယနေ့)ချင်းမိုင်မြို့ရှိ နှစ် ၇၀၀ ပြည့်အထိမ်းအမှတ်ကွင်း၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအုပ်စုတွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင် သုံးသင်းသာ ပါဝင်ပြီး မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် ဖိလစ်ပိုင်အသင်းကို မဖြစ်မနေ အနိုင်ကစားရန် လိုအပ်နေသည်။ မြန်မာ ယူ-၂၂ အသင်းအနေဖြင့် လက်ရှိနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ကူရိုဆာကီ လက်ထက်တွင် နိုင်ငံတကာ ပြိုင်ပွဲများ၌ နိုင်ပွဲလုံးဝမရသေးသလို ရလဒ်မကောင်းသေးသော်လည်း ယင်းအစဉ်အလာဆိုးကို ဆီးဂိမ်းပြိုင်ပွဲ၌ ချေဖျက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF