ရန်ကုန် ဒီဇင်ဘာ ၉
(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၏ ခြင်းလုံးပြိုင်ပွဲ ပထမနေ့ကို ဒီဇင်ဘာ ၉ ရက်က စတင်ကျင်းပရာ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ ဦးဆောင်နေပြီး ရွှေတံဆိပ်ဆုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေသည်။
ခြင်းလုံးပြိုင်ပွဲကို ပိုက်ကျော်ခြင်းအားကစားနည်းအောက်တွင် ထည့်သွင်းကျင်းပပြီး ပြိုင်ပွဲ အမျိုးအစား နှစ်ခု(အမျိုးသား ပြိုင်ပွဲတစ်ခုနှင့် အမျိုးသမီးပြိုင်ပွဲတစ်ခု) ထည့်သွင်းကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲကို နှစ်ရက်ကျင်းပခြင်းဖြစ်ပြီး ပထမနေ့တွင် မြန်မာခြင်းလုံး အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း နှစ်သင်းစလုံး ဦးဆောင်နေခြင်းဖြစ်သည်။ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်း က ၅၄၅ မှတ်ဖြင့် ဦးဆောင်နေပြီး အိမ်ရှင်ထိုင်းအသင်းက ၅၀၁ မှတ်၊ လာအိုအသင်းက ၄၁၀ မှတ်၊ မလေးရှားအသင်းက ၁၆၇ မှတ်၊ တီမောအသင်းက ၆၈ မှတ် ရရှိထားသည်။ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက ၄၆၁ မှတ်ဖြင့် ဦးဆောင်နေပြီး ထိုင်းအသင်းက ၃၉၄ မှတ်၊ လာအိုအသင်းက ၃၁၇ မှတ်၊ မလေးရှားအသင်းက ၁၁၈ မှတ်ရရှိထားသည်။ ပြိုင်ပွဲဒုတိယနေ့ကို ဒီဇင်ဘာ ၁၀ ရက် (ယနေ့)နံနက်ပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် စတင်ထည့်သွင်းကျင်းပပြီး မြန်မာခြင်းလုံးအသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်း ပါဝင်သည့် အကြိမ်တိုင်း ရွှေတံဆိပ်ဆု မလွတ်တမ်းရယူနိုင်ခဲ့သည်။
ကိုညီလေး
ဓာတ်ပုံ - saregg Facebook


