(၃၃) ကြိမ်မြောက် ဆီးဂိမ်းလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၁၁ ရက်က ဆက်လက်ကျင်းပရာ  မြန်မာလှေလှော်အဖွဲ့ ငွေတံဆိပ်တစ်ခု၊  ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိသည်။

မြန်မာလှေလှော်အဖွဲ့အတွက် ငွေတံဆိပ်ဆုကို ကနူး မီတာ ၂၀၀ အမျိုးသား နှစ်ယောက်လှော် ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းနှင့် ထွဋ်ခေါင်ဇော် အတွဲက ရရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းအတွဲက ရွှေတံဆိပ်နှင့် အင်ဒိုနီးရှားအတွက်  ကြေးတံဆိပ်ရရှိခဲ့သည်။ အမျိုးသမီးတစ်ဦးချင်း ကယက် Slalom ပြိုင်ပွဲတွင်   မြန်မာက ပိုပိုအောင်က   ကြေးတံဆိပ်ရခဲ့ပြီး ထိုင်းကစားသမားက  ရွှေတံဆိပ်၊ အင်ဒိုနီးရှား ကစားသမားက ငွေတံဆိပ်ရရှိခဲ့သည်။ ဆုတံဆိပ်ဆုရရှိသူများကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် နာယက ဦးကျော်စိန်၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း (Jewellery Luck Group of Companies) တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

မြန်မာလှေလှော်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက်ပွဲစဉ်များအပြီးထိ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိထားပြီး ကနူး/ကယက်ပြိုင်ပွဲ တတိယနေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။                               

သတင်း-မောင်စံကြီး၊ ဓာတ်ပုံ-MRF