ရန်ကုန်    အောက်တိုဘာ   ၂၃

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကို ပဏာမကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး အောက်တိုဘာ  ၁၃ ရက်မှစ၍ စခန်းဝင်လေ့ကျင့်နေခြင်းဖြစ်သည်။   မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် အာရှဖလားဖူဆယ်ခြေစစ်ပွဲ မအောင်မြင်ပြီးနောက် ကစားသမားများ     ပြောင်းလဲထားပြီး စီနီယာကစားသမားအချို့ကို ချန်လှပ်ကာ လူငယ်ကစားသမားများ၊  မျက်နှာသစ် ကစားသမားများ ဦးစားပေးရွေးချယ်ထားခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ပတ္တရားပီခွန်က ဆက်လက်ကိုင်တွယ်လျက်ရှိသည်။  လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားဖူဆယ်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ငါးသင်းသာရှိသဖြင့်  ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အိမ်ရှင်ထိုင်းအသင်း အပါအဝင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊  မြန်မာနှင့် မလေးရှားအသင်းတို့  ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်   ဖူဆယ်အမျိုးသားအသင်းတွင်   ပဏာမကစားသမားများအဖြစ်   ဂိုးသမား- မိုင်းစိုးမြတ်ထွေး၊ မျိုးကိုကိုဦး (MIU)၊ ကျော်ရဲသွေး (Winner Generations)၊ ကျော်ဇင်မျိုးဦး(YRG)၊ ကစားသမား- မင်းခန့်၊  သက်ထွန်း၊ မင်းခန့်သူ၊  စိုင်းပြုံးအောင်၊  ထွန်းအောင်ကျော်(MIU)၊ အောင်ကျော်ဖြိုး(United City)၊    ရှိုင်းထက်အောင်၊  ဝေယံဖြိုး၊ မျိုးသက်ကျော်(VUC)၊    မင်းချစ်သူ၊ မင်းထက်နိုင်(M2K)၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ စည်သူအောင်၊ သက်နောင်(YRG)၊ ဆက်ဝေယံ၊ ထွဋ်ထွဋ်လွင်(Winner Generations)၊ ထွန်းထွန်းဝင်း(ပြည့်စုံ FC)၊ ဂျင်မီစိုး (YCDC MHDT)၊ ထူးဝေယံ(ဟံသာဝတီ) တို့ ပါဝင်ကြသည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - MFF