ရန်ကုန် ဒီဇင်ဘာ ၁၁
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၁၄ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၅ ရက်ကတည်းက ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ကြိုတင်ရောက်ရှိ ပြင်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ခြေစမ်းပွဲကစားပြီးနောက် ပဏာမကစားသမား ၁၆ ဦးမှ နှစ်ဦးလျှော့ချခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းတွင် နည်းပြချုပ်-ပီရာဆတ်(ထိုင်း)၊ အားကစားသမားများ အဖြစ် ဂိုးသမား-ချောစန္ဒီအောင်၊ သိမ့်စန္ဒာစိုး၊ ကစားသမား-ယမင်းလွင်၊ ယွန်းမီမီလွင်၊ ဆုဝါလွင်၊ ဖူးပွင့်ခိုင်၊ ယမင်းသန့်ဇင်၊ ဝတ်ရည်လွင်၊ မေဇင်ဦး၊ ဇင်ငြိမ်းချစ်၊ ဝေဖူးအိမ်၊ အိအိကျော်၊ နန်းဆိုင်ဘရင်း၊ နှင်းစန္ဒာလှိုင်တို့ ပါဝင်ကြသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု (B)၌ ကျရောက်နေပြီး ဒီဇင်ဘာ ၁၃ ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အုပ်စု (B) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၁ ရက်က ကျင်းပရာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ပီရာဆတ်က “ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ချိန် သုံးလရရှိခဲ့ပါတယ်။ ကစားသမားတွေလည်း ကြိုးစားကြတယ်။ ပြင်ဆင်မှုတွေလည်း အများကြီး ပြုလုပ်ထားပါတယ်။ ပထမဆုံးတွေ့ရမယ့် အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်ကိုပဲ အရင်အာရုံစိုက်ထားတယ်။ အဲဒီပွဲပြီးမှ ဗီယက်နမ်နဲ့ပွဲအကြောင်းကို စဉ်းစားပါမယ်”ဟု ပြောသည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MFF


