ပါမောက္ခ ဒေါက်တာသိန်းမြင့်
ယနေ့မျက်မှောက်ကာလတွင် လူသားတို့အား ခြိမ်းခြောက်နေသည့် မကူးစက်နိုင်သော ရောဂါပေါင်းများစွာရှိသည့်အနက် ဆီးချိုသွေးချိုရောဂါသည် အဖြစ်အများဆုံးရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူဦးရေသန်း ၅၀၀ ကျော်သည် ဆီးချိုသွေးချိုဝေဒနာခံစားနေရပြီး အဆိုပါရောဂါ ကြောင့် အသက်ဆုံးရှုံးသူများရှိသကဲ့သို့ လူမှုဒုက္ခခံစားနေရသူများလည်း နှစ်စဉ်တိုးပွားလျက်ရှိသည်။
မြန်မာနိုင်ငံ၌လည်း လူဦးရေ ၇ ဒသမ ၉ ရာခိုင်နှုန်းတွင် ဆီးချိုသွေးချိုဝေဒနာကို ခံစားနေရ ကြောင်း ၂၀၂၄ ခုနှစ် WHO Myanmar STEP Survey စစ်တမ်းများအရ သိရသည့်အတွက် ဆီးချိုသွေးချို နှင့်ပတ်သက်ပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီးချို သွေးချိုရောဂါအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာသိန်းမြင့် (ဆေးကုသဆောင် (၁) ရန်ကုန် ပြည်သူ့ဆေးရုံကြီး)နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်-
မေး။ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိတာတွေကို သိချင်ပါတယ်။
ဖြေ။ အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုရောဂါ အသင်းကြီး (International Diabetes Federation) ရဲ့ စစ်တမ်းတွေအရ အသက် ၂၀ ကနေ ၇၉ နှစ်ကြား အရွယ်ရောက်ပြီးသူ ၅၈၉ သန်းဟာ ရောဂါဖြစ်ပွားနေတယ်လို့ ဆိုထားတယ်။ နောက်ပြီး လူကိုးယောက်မှာ တစ်ယောက်ဟာ ဆီးချိုသွေးချို ရောဂါတွေ့ရှိရတယ်ဆိုတဲ့အတွက် ၂၀၅၀ ပြည့်နှစ်မှာ ဝေဒနာရှင် စုစုပေါင်း သန်း ၈၅၀ ကျော် ရှိလာလိမ့်မယ် လို့ ခန့်မှန်းရပါတယ်။ ၂၀၂၄ ခုနှစ် စစ်တမ်းတွေအရ လည်း ဆီးချိုသွေးချိုကြောင့် လူဦးရေ သုံးသန်းခွဲခန့် သေဆုံးနေကြတဲ့အတွက် ကိုးစက္ကန့်မှာ တစ်ယောက်နှုန်း သေဆုံးနေတယ်လို့ ပြောနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၂၄ ခုနှစ် တစ်နိုင်ငံလုံး လွှမ်းခြုံကောက်ယူခဲ့တဲ့ WHO Myanmar STEP Survey စစ်တမ်းအရ ပြည်သူလူထု ၇ ဒသမ ၉ ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါ ရှိနေတာကိုတွေ့ ရပါတယ်။ ဒီလိုဆိုတော့ မြန်မာနိုင်ငံရဲ့ ဆီးချိုသွေးချို ဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာမှာ ဖြစ်တဲ့နှုန်းထက်စာရင် အနည်းငယ်လျော့နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကနဦး ဆီးချိုလို့ခေါ်တဲ့ Prediabetes က ၁၂ ဒသမ ၃ ရာခိုင်နှုန်း၊ Metabolic Disease ဖြစ်တဲ့ ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူတွေက ၂၆ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိနေပါ တယ်။ ဟော်မုန်းနဲ့ပတ်သက်တဲ့ ရောဂါတွေလည်း အခြားနိုင်ငံတွေနည်းတူ ဖြစ်ပွားနေတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါတွေဟာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ အလေးထားရမယ့် ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်။
မေး။ ဆီးချိုသွေးချိုရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိချင်ပါတယ်။
ဖြေ။ ဆီးချိုသွေးချို ရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေက အများကြီးပါ။ မွေးရာပါ ဗီဇကြောင့် လည်း ဖြစ်နိုင်သလို မျိုးရိုးလိုက်တာကြောင့်လည်း မိသားစုလိုက်ဖြစ်ပွားတာတွေကို တွေ့ရနိုင်ပါတယ်။ မျိုးရိုးမရှိပေမယ့်လည်း လူတစ်ဦးချင်းရဲ့ အစား အသောက်၊ အနေအထိုင်မှာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဝလွန်တာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တာ ဥပမာ - အမျိုးသမီးတွေမှာဖြစ်တဲ့ မျိုးဥအိမ်မှာ ရေအိတ်လေး တွေအများကြီးဖြစ်တဲ့ Polycystic Ovary Syndrome လိုရောဂါမျိုးတွေ၊ ပြီးတော့ ဆီးချိုတက်စေတဲ့ ပန်ကရိယ ပျက်စီးတဲ့ရောဂါတွေ၊ ကော်တီစောဟော်မုန်းတွေ အထွက်များတဲ့ Cushing Syndrome လိုရောဂါတွေ၊ ဒီလို အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
အထူးအရေးကြီးတာက အချို့ဆေးတွေကလည်း ဆီးချိုတက်စေနိုင်ပါတယ်။ ဥပမာ - စတီးရွိုက် လို့ခေါ်တဲ့ဆေးတွေဟာ ဆီးချိုတက်စေနိုင်ပါတယ်။ ဒီဆေးတွေကို အချို့သော ရင်ကျပ်ဝေဒနာရှင်တွေ၊ လေးဘက်နာဝေဒနာရှင်တွေ၊ ကင်ဆာဝေဒနာရှင် တွေက လိုအပ်လာရင် မရှောင်လွှဲနိုင်ဘဲ အသုံးပြုကြရပါတယ်။ အမှန်တကယ်လိုအပ်လို့ သုံးတာထက် နီးစပ်ရာဆေးဆိုင်တွေမှာ အကိုက်အခဲပျောက်ဆေးအနေနဲ့ ဆေးသုံးလေးမျိုးစပ်ထားတဲ့ ဆေးတွေကို လွယ်လင့်တကူ ဝယ်သောက်နေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ ရေရှည်မှာ အန္တရာယ်ရှိနိုင်တဲ့ အလေ့အထဖြစ်လို့ အဲဒီလို မှားယွင်းတဲ့ ဆေးသုံးစွဲမှုတွေကို လျော့ကျလာအောင်လည်း ဝိုင်းဝန်းကြိုးပမ်း ရမှာဖြစ်ပါတယ်။
မေး။ ဆီးချိုသွေးချိုရောဂါ စတင်နေပြီဆိုတာကို သိနိုင်မယ့် လက္ခဏာတွေကို ပြောပြပေးပါ။
ဖြေ။ ဆီးချိုသွေးချိုရောဂါဟာ စဖြစ်ဖြစ်ချင်း လက္ခဏာတွေ မသိသာတာကြောင့်် ရောဂါဖြစ် တဲ့သူတွေ သတိမထားမိတတ်ကြပါဘူး။ အဖြစ် အများဆုံး လက္ခဏာတွေကတော့ ပုံမှန်ထက် ရေငတ်တာ၊ မကြာခဏဗိုက်ဆာတာ၊ ဆီးသွားတဲ့ အကြိမ်ရေ များလာတာ၊ အထူးသဖြင့် ညဘက်တွေမှာ ဆီးမကြာခဏသွားတာ၊ လူကနုံးချည့်နေတာ၊မျက်လုံး အမြင်မကြည်တာ၊ ကိုယ်အလေးချိန်ကျလာတာ၊ အနာတွေ အကျက်နှေးတာ စတာတွေဖြစ်ပါတယ်။ အဲဒီလို လက္ခဏာတွေ ပြလာပြီဆိုရင်၊ တစ်ခုထက် ပိုပြီးခံစားလာရပြီဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။ ဆီးချိုစစ်ပါလို့ ပြောချင်ပါတယ်။
မေး။ ဆီးချိုသွေးချိုရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းတွေရှိရင် သိချင်ပါတယ်။
ဖြေ။ ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ အတတ်နိုင်ဆုံး ကိုယ်အလေးချိန်ကို ထိန်းပါ။ ပုံမှန်ကိုယ်လက်လှုပ်ရှား မှုတွေပြုလုပ်ပေးပါ။ လမ်းလျှောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးပါ။ ယေဘုယျ အားဖြင့် ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကိုရှောင်ပါ။ ရေဆာရင် ရေသောက်ပါ။ အခုခေတ်မှာ ကျန်းမာရေးအန္တရာယ်တစ်ခုက အချိုရည်ပေါင်းစုံက အလွယ်တကူရရှိနေတဲ့အတွက် အချိုရည်သောက်သုံးမှုများတဲ့သူတွေဟာ အဝလွန်ကဲနိုင်သလို ဆီးချိုဖြစ်ပွားမှုနှုန်းလည်း များပါတယ်။
အချိုရည်လို့ ဆိုရာမှာ ဓာတ်ဆားရည်တွေလည်း ပါဝင်ပါတယ်။ ရောဂါဝေဒနာကြောင့် လိုအပ်လို့ တိုက်ကျွေးတာမဟုတ်ဘဲ ဓာတ်ဆားရည်ကို အချိုရည်မဟုတ်ဘူးဆိုပြီး အလွယ်တကူ သောက်သုံး တာတွေကလည်း အင်မတန် အန္တရာယ်များပါတယ်။ ဆီးချိုမဖြစ်သေးသူတွေအတွက် ဆီးချိုဖြစ်လာဖို့ အားပေးသလို ဖြစ်ပြီးသားလူတွေအတွက် ဆီးချို ထိန်းသိမ်းရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါတွေအပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆေးလိပ်သောက်သုံးမှုကို ရပ်ဆိုင်းရမယ်။ အရက်နဲ့ ပတ်သက်ရင် မသောက်ဖို့နဲ့ သောက်နေတဲ့သူဆိုလည်း ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်တဲ့နှုန်း မရောက်အောင် လျှော့ချဖို့လိုအပ်ပါတယ်။ ဒီအချက်တွေနဲ့ လျော်ညီအောင် နေနိုင်ရင်တော့ ဆီးချိုသွေးချိုကာကွယ်မှု လမ်းစဉ်နဲ့ ကိုက်ညီပါတယ်။
မေး။ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ဆီးချိုသွေးချိုကို အကောင်းဆုံး ထိန်းညှိထားနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးပါ။
ဖြေ။ ဆီးချိုသွေးချိုရောဂါက အရှင်းပျောက်ကင်းအောင် ကုသလို့မရတဲ့ နာတာရှည် ရောဂါ တစ်မျိုးဖြစ်လို့ ဆီးချိုသွေးချိုကို စနစ်တကျထိန်းထား နိုင်ရင် ရောဂါမရှိသူ လူတစ်ယောက်လို ကျန်းကျန်းမာမာ နေထိုင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒါတွေက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ အစားအစာကို အချိန်မှန်စားတာ၊ ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းတာတို့ ဖြစ်ပါတယ်။ ဆေးလိပ် သောက်ခြင်းဟာ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက် တွဲရောဂါတွေ ဖြစ်ပွားမှုနှုန်းတိုးစေတဲ့အတွက် ဆေးလိပ်သောက်တာဖြတ်ပါ။ အရက်မသောက်ပါနဲ့။ သွေးချိုပမာဏကို သိစေဖို့ သွေးရဲ့အချိုဓာတ်ကို မှန်မှန်ဖောက်စစ်ပြီး မှတ်တမ်းထားပါ။ ဆီးချိုသွေးချို အတွက် သောက်နေကျဆေးတွေကိုလည်း ဆရာဝန် ညွှန်ကြားချက်မပါဘဲ မရပ်ပါနဲ့။ အင်ဆူလင်ထိုးရ မယ်ဆိုလည်း ညွှန်ကြားချက်အတိုင်းထိုးပါ။ ဆရာဝန် နဲ့လည်း ပုံမှန်ပြသဖို့ လိုအပ်ပါတယ်။
နောက်တစ်ခုက ဆီးချိုသွေးချို ဝေဒနာရှင်တွေအနေနဲ့ သွေးအတွင်း အချိုဓာတ် လွန်ကဲနေပေမယ့် တစ်ခါတစ်ရံ အချိုဓာတ်လွန်ကဲစွာကျဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ဗိုက်ဆာတာ၊ ခေါင်းမူးတာ၊ နှလုံး တုန်တာ၊ တုန်တုန်ရီရီဖြစ်တာ၊ ချွေးထွက်များတာ၊ စိတ်တိုတာ၊ ပင်ပန်းနွမ်းနယ်တာအပြင် သတိလစ်တာစတဲ့ လက္ခဏာတွေဟာ သွေးအတွင်း အချိုဓာတ် လွန်ကဲစွာ ကျဆင်းတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
သွေးတွင်း အချိုဓာတ် အလွန်အမင်း ကျဆင်း တာဟာ ဆီးချိုသွေးချိုဝေဒနာရှင်တွေအနေနဲ့ အရေးကြီးတဲ့အချိန်ဖြစ်တဲ့အတွက် ချက်ချင်းမကုသ နိုင်ရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒါကိုလည်း အမြဲသတိထားပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေဖို့လိုပါတယ်။ ဆေးကုသနေစဉ် ဆီးချိုအတက်အကျ အပြောင်းအလဲထူးခြားရင်၊ ကြားကာလ နေထိုင်မကောင်းဖြစ်ပြီး အစားအသောက် အပြောင်း အလဲဖြစ်ရင် မိမိသဘောနဲ့ ဆေးကိုမရပ်ပါနဲ့။ မိမိကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြန်လည်ပြသပြီး အကြံဉာဏ်ရယူပါ။ ဆီးချိုသွေးချိုကို ကောင်းစွာ ထိန်းထားနိုင်မှသာ နောက်ဆက်တွဲ ရောဂါတွေဖြစ် တဲ့ မျက်စိရောဂါ၊ ခြေထောက်မှာ ဖြစ်တတ်တဲ့ရောဂါ၊ အရေပြားရောဂါ၊ သွားနဲ့ခံတွင်းမှာဖြစ်တဲ့ ရောဂါတွေ ခံစားရမှုကို သက်သာစေမှာဖြစ်ပါတယ်။
မေး။ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေရှိရင် သိချင်ပါတယ်။
ဖြေ။ အခု ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ် လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံ ဟော်မုန်းရောဂါဗေဒ ပညာရှင်များအသင်းနဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချို ရောဂါအသင်းတို့ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ဆီးချိုသွေးချိုနဲ့ ဟော်မုန်းရောဂါ ဆေးပညာညီလာခံကို ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ နိုင်ငံတကာ ဆေးပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တွေ၊ ကုထုံးတွေကို လေ့လာသိရှိခွင့်၊ ဖလှယ်ခွင့်ရခဲ့ပါတယ်။ ဒါဟာဆီးချိုသွေးချိုရောဂါကုသရေးမှာ များစွာ အထောက်အကူပြုပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဆီးချိုသွေးချိုနဲ့ ဟော်မုန်းရောဂါကာကွယ်ကုသ တိုက်ဖျက်ရေးမှာ ကျန်းမာရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ဟော်မုန်းရောဂါ ဗေဒပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီးချိုသွေးချို ရောဂါတိုက်ဖျက်ရေးစီမံချက်၊ မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်းတို့ ပူးပေါင်းပြီး ကျေးလက်ဒေသတွေအထိ ကွင်းဆင်းဆောင်ရွက်နေတာတွေရှိပါတယ်။
မေး။ နောက်ဆုံးသတိပေးချက်လေး ပြောပြပေးပါဆရာ။
ဖြေ။ ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပါ။ မဖြစ်အောင်နေပါ။ ဆီးချိုသွေးချို ရောဂါလက္ခဏာတစ်ခုမက တွေ့လာရပြီဆိုရင် အမြန်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဝါးကုသမှု ခံယူရမယ်။ ညွှန်ကြားချက်တွေ လိုက်နာပါ။ ဆီးချို သွေးချိုရောဂါဟာ ကုသလို့ ပျောက်ကင်းတဲ့ ရောဂါ မဟုတ်တဲ့ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ရောဂါ ဖြစ်လာပြီဆိုရင် လူမှုဒုက္ခတွေ ခံစားရမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ အကျယ်တဝင့် သိရှိလိုတာတွေရှိရင် Myanmar Diabetes Association အမည်နဲ့ ဖွင့်ထားတဲ့ Website နဲ့တကွ အခြားလူမှုမီဒီယာတွေမှာလည်း ဝင်ရောက် လေ့လာလို့ရပါတယ်လို့ ပြောကြားလိုပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း
မင်းသစ် /သီသီမင်း


