ဆိပ်ဖြူ ၂၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဒေသခံပြည်သူအများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန် အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ ရက်က အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပုဂ္ဂလိက မော်တော်ယာဉ် ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်း၍ ဒေသခံပြည်သူအများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ လျော့နည်းကျဆင်းစေရန်၊ ယာဉ်မောင်းနှင်သူ ဆိုင်ကယ်စီးနင်းသူများ စည်းကမ်းများနှင့်အညီ စနစ်တကျမောင်းနှင် သွားလာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ဆိုင်ကယ်စီးနင်းသူများ သတ်မှတ်လိုင်စင်ပြည့်စုံစွာဖြင့် စနစ်တကျ မောင်းနှင်ရန်၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ နှစ်ဦးထက်ပိုမစီးရန်၊ အရှိန်ပြင်းစွာ စီးနင်းခြင်းမပြုလုပ်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပေး စတစ်ကာများကပ်၍ အသိပေးခြင်းများအပြင် စစ်ဆေးအရေးယူခြင်းကို တနင်္လာနေ့မှ ကြာသပတေးနေ့အထိ အပတ်စဉ် အဆိုပါပူးပါင်းအဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စည်းကမ်းလိုက်နာမှု မရှိဘဲ ယာဉ်မောင်းနှင်သူများနှင့် ဆိုင်ကယ်စီးနင်းသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများရှိပြီး ဖေဖေဝါရီ ၉ ရက်မှ ၂၁ ရက်အထိ ဆိုင်ကယ်ဦးထုပ်မဆောင်းသူ၊ သတ်မှတ်လိုင်စင်မရှိဘဲ စီးနင်းမောင်းနှင်သူ (၁၀ဝ)ဦးခန့်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း ဆိပ်ဖြူ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်းက ပြောသည်။
ကိုဇွဲ (အညာမြေ)


