ဦးမျိုးမြင့်
ကြက်မောက်တောင်ဆည်မြောင်းစီမံကိန်းသည် ယင်းအချိန်ကာလက ရမည်းသင်းမြို့နယ်အတွင်း ဆည်မြောင်းဌာန၏ ပထမစီမံကိန်းဖြစ်သည့် သစ်ဆုံ ဆည်မြောင်းစီမံကိန်း တည်ဆောက်ပြီးစီးသည့်နောက် တစ်ဆက်တည်းလိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်သော နိုင်ငံ့အကြီးဆုံး ဒုတိယမြောက် စီမံကိန်းဖြစ်လာသည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ ဆည်မြောင်းဌာန၏အဆင့်၊ ဂုဏ်မှာလည်း မြင့်တက်လာခဲ့ပါသည်။ နိုင်ငံခြား အကူအညီ လူ/ပစ္စည်းများ ရယူဆောင်ရွက်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်ရက် တမံ ရေပိုလွှဲမှ နှစ်ပေါင်း ၆၀ ကျော် အချိန်ကာလတွင် ရေကျော်ကျစီးဆင်းမှု ဖြစ်စဉ်ကြောင့် ကြက်မောက် တောင်ဆည်မှာ တစ်ကျော့ပြန် နိုးထလာခဲ့ရသည်ဆိုပါက မှားမည်မဟုတ်ပါ။ ရေပိုလွှဲမှ ရေကျော်ကျ စီးဆင်းမှုနှင့် ဆက်စပ်လာသော ဖြစ်စဉ်များ၊ မှတ်မိစုဆောင်းရရှိသမျှ မှတ်တမ်းများကို ဆောင်းပါး တွင် ဖော်ပြခဲ့ခြင်းနှင့်အတူ ဆည်ရေဝင်ရောက်မှု၊ သုံးစွဲမှု ဆက်စပ်လေ့လာတွေ့ရှိချက်ကိုလည်း ခြုံငုံ၍ ဖော်ပြလိုပါသည်။
ဆိုဗီယက်အင်ဂျင်နီယာများ/ ကျွမ်းကျင် ပညာရှင်များ မြန်မာနိုင်ငံသို့ စေလွှတ်ရောက်ရှိလာ
ကြက်မောက်တောင် ဆည်မြောင်းစီမံကိန်း လုပ်ငန်းများအဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လာရာတွင် မြန်မာနိုင်ငံနှင့် ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ ဆွေးနွေးညှိနှိုင်းခြင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုစာချုပ်များ ချုပ်ဆိုပြီးနောက် ဆိုဗီယက်အင်ဂျင်နီယာများ/ ကျွမ်းကျင် ပညာရှင်များ မြန်မာနိုင်ငံသို့ စေလွှတ်ရောက်ရှိလာ ခဲ့ကြပြီး နောက်ပိုင်းတွင် မြန်မာဘက်မှ အင်ဂျင် နီယာများ/ကျွမ်းကျင်ပညာရှင်များနှင့်အတူ အသေး စိတ် ကွင်းဆင်းစူးစမ်းလေ့လာခြင်း၊ ဒီဇိုင်းအချက် အလက်များ ရယူဒီဇိုင်းပုံထုတ်ခြင်း၊ ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရေထိန်းမျှော်စင်၊ တူးမြောင်းစနစ်များ စတင်တည်ဆောက်ခြင်း စသည့် လုပ်ငန်းအဝဝကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ တည်ဆောက်ရေးကဏ္ဍစုံ ဆောင်ရွက်ပြီးစီးသည့်နောက် ဆည်ရေစတင်သိုလှောင်ခဲ့ရာ ဝင်ရေ/ထွက်ရေများနှင့် ဆက်စပ်လျက် စိုက်ပျိုးသီးနှံများ ဆည်ရေသွင်းစိုက်ပျိုးနိုင်မှု၊ ကြက်မောက်တောင် ရေလှောင်ကန်အတွင်းသို့ အခြားရေလှောင်ကန်များမှ ရေကူပေးသွင်းနိုင်မှုအခြေအနေများကိုလည်း ခြုံငုံ၍ ဖော်ပြလိုပါသည်။
ကြက်မောက်တောင်ဆည် ရေဝင်ရောက်မှု မှတ်တမ်းများအရ ၂၀၀၂ မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ် ပျမ်းမျှဆည်ရေ ဝင်ရောက်မှု ၄၇၂၂၆ ဧကပေရှိ၍ အသုံးချနိုင်သည့် ရေပမာဏဧကပေ ၇၀၀၀၀ ထက် ၂၂၇၇၄ ဧကပေ လျော့နည်းနေပြီး စိုက်ပျိုးရေအဖြစ် ပေးဝေနိုင်သည့်ပမာဏမှာ ၃၂ ဒသမ ၅၀ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရပါသည်။ ဖော်ပြပါ ကာလအတွင်း အမြင့်ဆုံးဆည်ရေဝင်ရောက်မှုမှာ ၂၀၀၇ ခုနှစ်တွင် ဧကပေ ၇၀၁၆၀၊ ၂၀၁၇ ခုနှစ်တွင် ဧကပေ ၇၅၀၀ နှင့် ၂၀၂၅ ခုနှစ် (ရေပိုလွှဲမှ ရေလျှံနှစ်)တွင် ဧကပေ ၈၁၀၂၀ အသီးသီးရှိကြောင်း တွေ့ရှိရပါသည်။
တစ်ဖက်တွင်လည်း အဆိုပါကာလအတွင်း အနည်းဆုံး ဆည်ရေဝင်ရောက်မှုများမှာ ၂၀၀၂ ခုနှစ်တွင် ဧကပေ ၂၀၀၀၀၊ ၂၀၁၅ ခုနှစ်တွင် ဧကပေ ၁၉၇၂၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၅၈၇၅ ဧကပေ ရှိကြောင်းလည်း တွေ့ရှိရပါသည်။ ဖော်ပြပါဖြစ်ရပ်များကို လေ့လာပါက မိုးရေချိန် တစ်နှစ်လျှင်ပျမ်းမျှ ၃၂ လက်မသာ ရွာသွန်းသဖြင့် ဆည်ရေဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆည်ရေ ဝင်ရောက်မှုနည်းပါးခြင်းကို အထိုက်အလျောက် တိုးတက်ပြေလည်မှုရရှိရန် ရည်ရွယ်ချက်ဖြင့် နတ်မောက်မြို့နယ်အတွင်းရှိ ကျောက်တံခါး ရေလှောင်တမံနှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ တောင်ရေ ရေလှောင်တမံများမှ ဆက်သွယ်တူးမြောင်းများဖြင့် သိုလှောင်ရေ လွှဲပြောင်းပေးခြင်း ကို ၂၀၂၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ပျမ်းမျှ ဧကပေ ၁၁၉၀၀ ဖြည့်တင်းလျက်ရှိကြောင်း သိရှိရပါသည်။
နှစ်စဉ်ကန်တွင်း ဝင်ရောက်လာသမျှ ရေကိုသာ အသုံးပြုဆည်ရေအဖြစ် ပေးဝေနိုင်ခဲ့
တစ်ဖန် ဆည်ရေသောက်မြေဧရိယာ သတ်မှတ် ချက်မှာ မူလစီမံကိန်းပြီးစီးခဲ့သည့် ၁၉၆၆-၁၉၆၇ ခုနှစ်တွင် ၂၉၇၈၆ ဧကဖြစ်ပြီး သီးနှံပုံစံတွဲမှာ ချည် မျှင်ရှည်ဝါ၊ စပါး၊ မြေပဲ (ပင်ထောင်)၊ နှမ်းလျင်နှင့် ပဲမျိုးစုံဖြစ်ကြပါသည်။ သို့ရာတွင် အချိန်ကာလ ပြောင်းလဲလာခြင်း၊ နှစ်စဉ်စီမံကိန်းဒေသ မိုးရွာသွန်းမှု နည်းပါးခြင်း၊ ဆည်ရေလုံလောက်စွာ ဖြည့်တင်းပေးဝေနိုင်မှုမရှိခြင်း စသည်တို့ကြောင့် စီမံကိန်းသီးနှံများ စိုက်ပျိုးရန် မဖြစ်နိုင်သဖြင့် နှစ်စဉ်ကန်တွင်း ဝင်ရောက်လာသမျှ ရေကိုသာ အသုံးပြုဆည်ရေအဖြစ် ပေးဝေနိုင်ခဲ့ပါသည်။
လက်ရှိအချိန်တွင် တောင်သူများ စိတ်ကြိုက် သီးနှံများကို စိုက်ပျိုးရန် ခွင့်ပြုထား၍ ဆည်ရေ ပေးဝေနိုင်သည့် ဧရိယာကို ၂၂၇၆၅ ဧက ပြုပြင်သတ်မှတ်ထားသည်ဟု သိရှိရပါသည်။ စီမံကိန်းစနစ် မူလချမှတ်ခဲ့စဉ်က ဒေသနှင့်ကိုက်ညီမည့် “ရေအလိုနည်း” သီးနှံစိုက်ပျိုးရန်ဖြစ်သော်လည်း လက်ရှိတွင်မူ “ရေအလိုများ” သီးနှံ မိုးစပါး/ နွေစပါးတို့ကို သာ အားထားစိုက်ပျိုးကြ၍ ရေလှောင်တမံ ရေလှောင်ကန်၏ နှစ်စဉ်ဝင်ရေဖြင့် ဆည်ရေ သောက် ဧရိယာပြည့်မီနှံ့စပ်အောင် ဆည်ရေပေးဝေနိုင်ရန် အခက်ခဲရှိနေကြောင်း ဆည်ရေသောက် ဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ခြင်းလည်း မရှိကြောင်းတို့ကို တွေ့ရှိရပါသည်။
ကြက်မောက်တောင်ဆည်ရေသောက်ဧရိယာများ လျော့နည်းလာရခြင်းမှာ ဆည်ရေသောက် ဧရိယာအတွင်းရှိ ချောင်းငယ်၊ မြောင်းငယ်၊ စိမ့်စမ်း နှင့် ရိုးပြတ်များ ခန်းခြောက်လာခြင်း၊ ရွာသစ်/ရွာပိုးများ တိုးချဲ့ထူထောင်ခြင်း၊ ဆည်ရေမရောက်ရှိ သည့် အပိုင်းများသည် ဆည်ရေ မလုံလောက်မှုကြောင့် နှစ်အဆက်ဆက် ရေပေးဝေမှု ချန်လှပ်ခံထားရ၍ စမ်းသပ်ရေပေးဝေလျှင်ပင် လိုရာသို့ မရောက်ရှိနိုင်ခြင်း၊ ရေစီမံခန့်ခွဲမှု ထိရောက်မှုရှိရန် လိုအပ်ခြင်း၊ စိုက်ပျိုးသီးနှံများအတွက် သတ်မှတ် (ပျိုးထောင်/စိုက်ပျိုး/ ခါးရေ/အောင်ရေစသည်) သီးနှံရေလိုအပ်ချက် ရေယူတောင်သူများအား ပညာပေးစိစစ် ထိန်းချုပ်မှုအားနည်းခြင်း စသည် တို့ ဖြစ်ပါသည်။
ဆည်ရေကို လိုအပ်သည်ထက် ပိုမိုရယူနေခြင်းတို့ကြောင့် ရေဆုံးရှုံးမှု မြှင့်တက်များပြား
ရေသောက်စနစ်အရင်းပိုင်းများရှိ တောင်သူများက ဆည်ရေကို လိုအပ်သည်ထက် ပိုမိုရယူနေခြင်း တို့ကြောင့်လည်း ရေဆုံးရှုံးမှု မြှင့်တက်များပြားသဖြင့် ယင်းရေသောက်စနစ် အဖျားပိုင်းများသို့ ရေမရောက်ရှိခြင်းနှင့်အတူ တူးမြောင်းများအချိန် ကြာလာသည်နှင့်အမျှ ယိုယွင်းပျက်စီးလာ၍ ရေသောက်ဧရိယာများ လျော့နည်းလာခြင်းဖြစ်သည်ဟု ယူဆရပါသည်။
ယခင်နှစ်စဉ် ဆည်ရေပေးဝေခဲ့သည့် တူးမြောင်းမကြီးများ (ဝဲ/ယာ)နှင့် လက်တံတူးမြောင်း အရင်းပိုင်းတို့တွင် ၂၀၁၅-၂၀၁၆ မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ ကိုးနှစ်၏ လေ့လာမိသမျှ အချက်အလက်များအရ နှစ်စဉ် ပျမ်းမျှ ဧက ၄၃၇၀ ခန့်ကိုသာ စိုက်ပျိုးရေပေး ဝေခဲ့သည့်ပုံစံကို တွေ့ရှိရပြီး ပြန်လည်စိစစ်ပြုပြင် သင့်ပြီဖြစ်သည်ဟု သုံးသပ်ပါသည်။ ၂၀၂၅ ခုနှစ် မိုးကာလနောက်ပိုင်း ဆည်ရေဝင်ရောက်မှုမှာ ကန်ရေပြည့်ရေလှောင်ပမာဏထက် ပိုလျှံနေပြီဖြစ် ၍ အထူးသဖြင့် လက်ယာတူးမြောင်းမကြီးအဆုံး၊ ၎င်း၏ လက်တံမြောင်း (၂) အပိုင်းအချို့နှင့် လက်တံမြောင်း(၃) အပါအဝင် မြောင်းခွဲများသို့ ရေရောက်ရှိရန် စီမံဆောင်ရွက်သင့်ပါသည်။
ဆည်ရေသောက်ဧရိယာများ ထွက်ပေါ်လာစေရန် အခွင့်အရေးဖြစ်ပေါ်လာ
ယခုအချိန်သည် ကြက်မောက်တောင်ဆည်ရေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးလာ၍ ပူပြင်းခြောက်သွေ့သည့် ရေရှားအညာဒေသ စိုလန်းစိုပြည်လာတော့မည့် အခွင့်အလမ်းကောင်းများ ပေါ်ထွက်နေပြီဟု ဆိုရပါမည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်တွင် ကန်ရေပြည့် ရေလှောင်ပမာဏထက် ပိုမိုဝင်ရောက် ဆည်ရေကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ချွေတာ ထိရောက်အကျိုးရှိစွာ သုံးစွဲပြီးနောက် ကန်တွင်း လက်ကျန်ရေနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ ပုံမှန် စီးဝင်လာမည့် ဝင်ရေတို့ ပေါင်းစပ်ဆည်ရေဖြင့် လျော့နည်း သွားခဲ့သော ဆည်ရေသောက်ဧရိယာများ ထွက်ပေါ်လာစေရန် အခွင့်အရေးဖြစ်ပေါ်လာနေခြင်းဖြစ်ပါသည်။
ဆည်/ရေဦးစီးဌာန ထမ်းဆောင်ရမည့် တာဝန်အရပ်ရပ်ကို ရာခိုင်နှုန်းပြည့် အောင်မြင်စေရန် ချက်ချင်းလက်ငင်း အချိန်တိုအတွင်း ဆောင်ရွက် ပြီးစီးရန်မှာ မဖြစ်နိုင်သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုရရှိရန် လိုအပ်ဟု ယူဆပါသည်။ စီမံကိန်း၏ မူလဘက်စုံဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်း ချက်ကို ပြည့်မီအောင် ဆည်/ရေ ဦးစီးဌာနတစ်ခု တည်းမှ စွမ်းဆောင်နိုင်မည် မဟုတ်သည်ကို နားလည်ထားပါသည်။ ပါဝင်ကြသည့် ဆက်စပ် အဖွဲ့အစည်းအားလုံးက ကြိုးပမ်းအားထုတ်ပူးပေါင်း လုပ်ကိုင်ကြမှသာလျှင် လိုရာခရီးပေါက်ရောက်မည် ဖြစ်ပါသည်။
စာရေးသူသည် နှစ်ပေါင်း ၆၀ ကျော်ကြာကာလ အတွင်း ကြက်မောက်တောင်တမံ ရေပိုလွှဲမှ ကန်ရေပြည့် နိမ့်မြင့်မှတ် ကျော်လွန်၍ လျှံကျစီးဆင်းမှု မြင်တွေ့ရသည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်းနှင့်အတူ အစီအရီ ဆက်စပ်ဖြစ်ပေါ်လာသော ဖြစ်စဉ် အကြောင်းအရာများကိုသာ ထင်ဟပ်စေလိုသော ဆန္ဒမွန်ဖြင့် အတိတ်နှင့်ပစ္စုပ္ပန် အတွေ့အကြုံ များကို မျှဝေဖော်ပြခြင်းဖြစ်ပါသည်။ ဆည်/ရေ ဦးစီးဌာန၏ တာဝန်အရပ်ရပ်ကို လက်ရှိတာဝန်ရှိ ကြသူများနှင့် အနာဂတ်တွင် တာဝန်ယူကြရမည့် မျိုးဆက်များသည် စီမံကိန်းတည်ဆောက်ခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းကဏ္ဍအသီးသီးတွင် မည်သည့်နေရာမှပင် ပါဝင်သည်ဖြစ်စေ မူလဦးတည်ချက်ဖြစ်သည့် နောက်ဆုံးရေအသုံးချသူများ၏လိုအပ်ချက်ပြီး ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်မှသာလျှင် ရည်မှန်းချက်ပန်းတိုင် အောင်မြင်ပေါက်ရောက်မည်မှာ မလွှဲမသွေဖြစ်ပါသည်။
ကြက်မောက်တောင် ဆည်မြောင်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်တိုက်လိုက်ပါလျက် စီမံကိန်းသစ် များဆိုင်ရာ တည်ဆောက်ရေးရုံး၊ ခုနစ်ရုံးကို တာဝန်ခံ ညွှန်ကြားရေးမှူးများဖြင့် တိုးချဲ့ဖွဲ့စည်းပုံ ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ပြောင်းပြာစီမံကိန်း (မြင်းခြံ၊ တောင်မန်းတူးမြောင်းစီမံကိန်း (မင်းဘူး)၊ ရေဆင်း စီမံကိန်း (ပျဉ်းမနား)၊ ဟိုပုန်းချိုင့်ဝှမ်းစီမံကိန်း (တောင်ကြီး)၊ အောက်မြန်မာပြည် လယ်ယာမြေ ဖော်ထုတ်ရေးစီမံကိန်း (ရန်ကုန်၊ မြောက်နဝင်း စီမံကိန်း(၁)နှင့်(၂)၊ ပြည်မြို့)တို့ ဖြစ်ကြပြီး ၁၉၆၇ ခုနှစ် ဒီဇင်ဘာလမတိုင်မီတွင် ဝန်ထမ်းအင်အား အပြည့်အစုံနှင့်အတူ တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။ ကြက်မောက်တောင် ဆည်မြောင်းစီမံကိန်း အောင်မြင်မှုအတွက် “ချီးမြှင့်ဆု” ဟု ဆိုရပါမည်။ ကြက်မောက်တောင် ဆည်မြောင်းစီမံကိန်း၏ အစ နှင့် အဆုံးပါ ကောင်းခဲ့သည့် အကျိုးဆက်များအဖြစ် ဆည်မြောင်းဌာန (ယခုဆည်/ ရေဦးစီးဌာန) ၏ ဂုဏ်အရှိန်ကို ဆက်လက်ထိန်းသိမ်းသွားကြရမည် ဖြစ်ပါသည်။
စီမံကိန်းစတင်သည်မှ ပြီးဆုံးသည်အထိ စွမ်းစွမ်းတမံ ဦးဆောင်တာဝန်ထမ်းဆောင်ခဲ့ကြ သော ကွယ်လွန်သွားကြပြီဖြစ်သည့် အမှုဆောင် အင်ဂျင်နီယာ(၁) ဦးခင်မောင်လှ (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်)၊ အမှုဆောင်အင်ဂျင်နီယာ(၂)ဦးစောဗော်တာလူး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်)တို့အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။
၁၉၅၄-၁၉၅၅ ခုနှစ်များဝန်းကျင် စာရေးသူ သင်ကြားခဲ့ရသော အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းစာအုပ် “Golden Gate”တွင် ကဗျာဆရာ (Willian B.Yeats ဟု ယူဆ)၏ ကြိုကြိုကြားကြား တသွင်သွင်စီးဆင်း နေသော စမ်းချောင်းငယ်ဘေး ထိုင်ငေးစိတ်ကူးယဉ် ခံစားနေရင်း ရေးသားခဲ့သော ကောက်နုတ်စာပိုဒ်ငယ် ကို ပြန်ပြောင်းသတိရမိလာပါသည်။ ကန်ရေပြည့် ရေပြင်ကျယ်ကြီးအား အတွေးနယ်ချဲ့ ကြည့်ရှုနေစဉ် ထာဝရရှင်သန်လန်းဆန်းနေမည့် ကြက်မောက် တောင်ဆည်က မိမိအား ပြုံးပြနှုတ်ဆက်နေဟန်ကို နားလည်မိပါတော့သည်။
ကဗျာစာပိုဒ်လေးက -
“ Men may come and Men may go, but I go on forever ”
မှီငြမ်းကိုးကား -
- ကြက်မောက်တောင်ဆည် ကမ္ပည်း ကျောက်စာ (၁၉၆၅-၁၉၆၆)
- ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှု ဦးစီးဌာန၏ ရေဝင်ရောက်မှု၊ စိုက်ပျိုးရေ ပေးဝေမှုနှင့် ရေပိုလွှဲမှ ရေကျော်ကျစီးဆင်းမှုများနှင့် ဆက်စပ်အစီရင်ခံစာ မှတ်တမ်းများ


