၅ သြဂုတ်
Triclosan ဆိုတာ ဘက်တီးရီးယားတွေနှိမ်နင်းနိုင်ဖို့ လူသုံးကုန်ပစ္စည်းတွေမှာ အသုံးများတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သုတေသနတွေ့ရှိချက် အသစ်က ဖော်ပြခဲ့ပါတယ်။
ဆီးထဲမှာ Triclosan ပမာဏများနေတာက ပေါင်နဲ့ ခါးအောက်ပိုင်းအရိုးတွေမှာ သိပ်သည်းဆ လျော့နည်းမှုနဲ့ ဆက်နွှယ်နေပြီး အမျိုးသမီးတွေ(အထူးသဖြင့် သွေးဆုံးပြီးအရွယ်)မှာ အရိုးပွရောဂါဖြစ်နိုင်ခြေပိုများစေတယ်လို့ တရုတ်နိုင်ငံ Hangzhou Medical College School of Public Health မှ သုတေသီ Yingjun Li က ပြောပါတယ်။
Triclosan က ဆဲလ်တွေနဲ့ တိရစ္ဆာန်တွေမှာ အရိုးသိပ်သည်းဆအပေါ် သက်ရောက်မှှုရှိတယ်လို့ တွေ့ရှိထားပြီးဖြစ်ပေမယ့် လူမှာ ဒီလိုသက်ရောက်မှုရှိတဲ့အကြောင်း အထောက်အထားတွေ့တာ ပထမဆုံးဖြစ်တယ်လို့ Li က ပြောပါတယ်။
ဒီဓာတုပစ္စည်းကို ဆပ်ပြာ၊ သွားတိုက်ဆေး၊ ခံတွင်းသန့်ဆေးရည်တို့အပါအဝင် လူသုံးကုန်ပစ္စည်း အမျိုးအစား အတော်များများမှာ အသုံးများပါတယ်။ သူ့ကို လက်သန့်ဆေးရည်တွေမှာ မထည့်ဖို့ အမေရိကန်မှာ တားမြစ်ထားပေမယ့် တခြားကုန်ပစ္စည်းတွေမှာ သုံးနေကြဆဲပါပဲ။
ဒီသုတေသနမှာ triclosan ထိတွေ့မှုရှိတဲ့ အမျိုးသမီးတွေကိုပဲ လေ့လာခဲ့တာဖြစ်တဲ့အပြင် သူတို့ရဲ့ဘဝမှာ တခြားဓာတုပစ္စည်းတွေလည်း ရှိနိုင်တာမို့ triclosan တစ်မျိုးတည်းကြောင့် အရိုးပွရောဂါဖြစ်စေတယ်လို့ ကောက်ချက်မဆွဲနိုင်သေးတာဖြစ်ပါတယ်။
အထောက်အထား အတိအကျမပြောနိုင်သေးပေမယ့် Triclosan ဟာ သိုင်းရွိုက်ဟော်မုန်းတချို့ကို လျော့နည်းစေပြီး ဘက်တီးရီးယားတချို့ကို ဆေးယဉ်သွားစေနိုင်တယ်လို့လည်း တွေ့ရှိထားပြီးဖြစ်ပါတယ်။
ဘယ်ဓာတုပစ္စည်းကိုပဲဖြစ်ဖြစ် သုံးမယ်ဆို ဖြစ်လာနိုင်တဲ့အန္တရာယ်နဲ့ သူ့ဆီကရမယ့် အကျိုးကျေးဇူးကို ချင့်တွက်သင့်တယ်လို့ University of California မှ ပါမောက္ခ Bruce Hammock ကပြောပါတယ်။ Triclosan လိုမျိုး အကျိုးကျေးဇူးမပေးဘဲ ထိတွေ့လိုက်တိုင်း ဆိုးကျိုးပေးမယ်ဆိုရင် ရှောင်သင့်ပြီလို့ Hammock ကဆိုပါတယ်။
၂၀ဝ၅ နဲ့ ၂၀၁၀ ခုနှစ်အတွင်း အမေရိကန်အမျိုးသားကျန်းမာရေးနဲ့ အာဟာရစစ်တမ်းမှာပါဝင်ခဲ့တဲ့ အမျိုးသမီး ၁၉၀ဝ နီးပါးရဲ့အချက်အလက်တွေအရ ဆီးအတွင်း triclosan ပမာဏများနေတဲ့ အမျိုးသမီးတွေဟာ အရိုးအားနည်းတာကို တွေ့ရပါတယ်။
Triclosan နဲ့ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို အတည်မပြုနိုင်သေးပေမယ့် သူ့ကိုတတ်နိုင်သလောက် ရှောင်သင့်တယ်လို့ ပညာရှင်တချို့က ယုံကြည်နေပါတယ်။
ဒီသုတေသနက အကြံပြုချင်တာက ဘက်တီးရီးယားကာကွယ်တဲ့ Triclosan ကို အသုံးလွန်ကဲပြီး ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်တာကို သတိပေးဖို့ပါလို့ Arizona State University မှ Rolf Halden ကပြောပါတယ်။
သုံးစွဲသူတွေအနေနဲ့ triclosan ပါတဲ့ သွားတိုက်ဆေးတွေမသုံးတော့တာ၊ triclosan ပါတဲ့ ဘက်တီးရီးယားကာကွယ်တဲ့လူသုံးကုန်တွေရှောင်တာ စတဲ့နည်းလမ်းတွေနဲ့ triclosan အသုံးပြုမှုကို ကန့််သတ်နိုင်ပါတယ်လို့ သူကပြောပါတယ်။
ဒီသုတေသနရလဒ်ကို Clinical Endocrinology & Metabolism ဆေးပညာဂျာနယ်မှာ အွန်လိုင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


