၁၇ ဇွန်

တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီမို့      မကြာခင်မှာ တက္ကသိုလ်ဝင်ခွင့်တွေ  လျှောက်လွှာတင်ကြရပါတော့မယ်။ လွန်ခဲ့တဲ့ ၅၅ နှစ် ၁၉၆၄ ခုနှစ်ကတည်းက  တက္ကသိုလ်ဝင်တန်း အောင်ရင်    ဆေးတက္ကသိုလ်ကို        တိုက်ရိုက်လျှောက်ရပြီး လျှောက်ထားသူတွေထဲက  ဝင်ခွင့်ပြုမယ့်အရေအတွက်ကို  အမှတ်အနည်းအများအလိုက် ရွေးခဲ့ပါတယ်။ အမှတ်ကောင်းသူ အများစုကလည်း ဆေးတက္ကသိုလ်ကိုပဲ ဦးစားပေးလျှောက် လေ့ရှိပါတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးကို ဆရာဝန် ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် တချို့တွေကလည်း ဆရာဝန် ဘဝ၊ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်း ဆရာဝန်ဘဝမှာ အဆင်မပြေမှု၊ မတရားမှု၊ မကျေနပ်မှုတွေ ခံစားရတာကြောင့် ဆရာဝန် မလုပ်ကြဖို့ အကြံပေးလှုံ့ဆော်တာ လူမှုမီဒီယာပေါ်မှာ ကျယ်ကျယ်လောင်လောင် အသံထွက်လာပါတယ်။ ဆရာဝန်အလုပ်က   လုပ်ငန်းခွင်မှာ  ဘာတွေလုပ်ရမှာလဲ၊ ဘယ်လိုစိတ်ထားခံယူချက် ရှိရမှာလဲ။ ဆရာဝန်ဖြစ်ဖို့အတွက်    ဆေးတက္ကသိုလ်မှာ     ခုနစ်နှစ်ဘာတွေဘယ်လို လေ့လာသင်ယူရမှာလဲ။ ဆေးပညာ တတ်ဖို့အပြင်          ဘာတွေလေ့လာဖြည့်ဆည်းမှာလဲဆိုတဲ့ အချက်တွေကို          တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမတင်မီ  ကျောင်းသားရော မိဘတွေပါ   ကြိုတင်သိစေချင်ပါတယ်။

ဆရာဝန်တစ်ဦးရဲ့ အခြေခံအကျဆုံးအလုပ်

ဆရာဝန်တစ်ဦးရဲ့ အခြေခံအကျဆုံးအလုပ်က လူတစ်ဦးချင်းအတွက်ဆိုရင် မကျန်းမာသူ (လူနာ) ကို ကျန်းမာလာအောင် ကုသပေးဖို့ဖြစ်ပါတယ်။ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တာ၊  အသိပညာပေးတာလည်း    ပါဝင်တယ်။ လူ့အဖွဲ့ အစည်းအတွက်ဆိုရင်လည်း အားလုံးကျန်းမာအောင် ကာကွယ်စောင့်ရှောက်တာ၊  လူထုကျန်းမာရေး အဆင့်မြင့် အောင်လုပ်တာ၊ ရောဂါဖြစ်နှုန်း၊ သေနှုန်းတွေလျှော့ချတာတွေ ပါဝင်တယ်။

ဆရာဝန်ဆိုတာ မကျန်းမာသူ၊ ရောဂါဝေဒနာ ခံစားနေရသူ လူနာကို  ကျန်းမာလာအောင်၊ ရောဂါသက်သာပျောက် ကင်းအောင် ကုသပေးရတာ အဓိကအလုပ်ပါ။ ဆေးကုသရာမှာ  ကိုယ်ချင်းစာ  စာနာစိတ်နဲ့  လူနာတစ်ယောက်ချင်းကို အာရုံစိုက် ကုသမှုပေးရပါမယ်။ ဆေးကုသမှုက ရောဂါသက်သာ ပျောက်ကင်းဖို့ တစ်စိတ်တစ်ပိုင်းသာ စွမ်းဆောင်နိုင်ပြီး ဆရာဝန်က လူနာအပေါ်   စာနာနားလည်မှု၊ အချိန်ပေး အရေး တယူပြုမှုတို့ကလည်း အရေးကြီးတဲ့အပိုင်းတွေ ဖြစ်ပါတယ်။ လူနာက သူ့ရဲ့ခံစားမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ အကုန်ထုတ်ဖော် တိုင်ပင်ရပြီး      တစ်ကိုယ်ရေ      စမ်းသပ်စစ်ဆေးမှုကိုလည်း သဘောတူ ခံယူကာ သူ့ကျန်းမာရေး၊ သူ့အသက်ကို အပ်နှံပြီး ကုသမှုခံယူရတာဖြစ်လို့  ဆေးကုသရာမှာ လူနာရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဆရာဝန်ရဲ့ ဝတ်စားဆင်ယင်မှု၊ ကိုယ်နှုတ်အမူအရာနဲ့ ပြောဆိုဆက်ဆံမှု၊ လူနာရဲ့ ဝေဒနာ ခံစားရမှုကို အရေးတယူ  အချိန်ပေးအာရုံစိုက်နား ထောင်တတ်မှု၊ စေ့စပ်သေချာညင်သာစွာ စမ်းသပ်မှု၊ တွေ့ရှိချက် ထင်မြင်ချက်တွေ၊ ဆက်လက်လုပ်ဆောင်ရမယ့် စစ်ဆေးမှုတွေ၊  ကုသမှု  အစီအစဉ်တွေကို    နားလည်အောင်  ရှင်းလင်းပြောပြနိုင်မှု၊    လူနာရဲ့သဘောတူညီချက်အရ  ကုသမှုတွေက လူနာရဲ့  ယုံကြည်မှုကို  ရရှိစေပါတယ်။  လူနာနဲ့  လိုက်ပါစောင့် ရှောက်သူတွေကို ကောင်းမွန်ရေလည်စွာ ဆက်သွယ်ပြောဆိုနိုင်တဲ့ အရည်အချင်းရှိဖို့ အရေးကြီးပါတယ်။  နိုင်ငံပိုင်ဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုအင်အားနဲ့ လူနာဦးရေမမျှတဘဲ အလုပ်လုပ် ကြရပါတယ်။ ရောဂါပြင်းထန်မှု၊ အရေးပေါ် ဖြစ်မှု၊ အ္တရာယ်ဖြစ် နိုင်မှုတွေအပေါ် မူတည်ပြီး ကြည့်ရှုကုသရပါတယ်။ လူနာတွေ၊ မိသားစုတွေကတော့ သူ့လူနာသာ အရေးအကြီးဆုံးလို့ ခံယူပြီး မကျေနပ်မှုတွေ၊ ထိပ်တိုက်ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ အများနဲ့ ဆက်ဆံရတဲ့အလုပ်ဖြစ်လို့ အဆင်မပြေမှုတွေ၊ စိတ်ဖိစီး မှုတွေလည်း ကြုံတွေ့နိုင်တာ မျှော်လင့်ထားရပါမယ်။

ပူးပေါင်းအလုပ်လုပ်နိုင်ရမယ်

ဆေးရုံအလုပ်၊ ဆရာဝန်အလုပ်ဟာ  မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ  ရုံးချိန်နဲ့  လုပ်ရတာမဟုတ်ဘဲ မနက်၊ ညနေ၊ ညအဆိုင်းလိုက်ရော တစ်နေ့အလုပ်ချိန် ၈ နာရီမကအောင်ပါ အချိန်ပိုလုပ်ခမရဘဲ  လုပ်ကြရပါတယ်။  အလုပ်သင်ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ ဘွဲ့လွန်သင်တန်းသားဆရာဝန်၊ ဘွဲ့လွန် အောင်ပြီး ဆရာဝန်၊ အထူးကုဆရာဝန်၊ ဆရာဝန်ကြီး၊ တွဲဖက်ပါ မောက္ခ၊  ပါမောက္ခအဆင့်ဆင့်တွေနဲ့  လုပ်ကိုင်ကြရပြီး  ကိုယ်နဲ့ အတူ အလုပ်လုပ်သူအပေါ် မူတည်ပြီး လုပ်ငန်းခွင် အဆင်ပြေမှု၊ လုပ်ငန်းခွင်ပျော်ရွှင်မှု ရှိ မရှိ ကြုံတွေ့ရမှာပါ။ အများနဲ့အဆင်ပြေအောင်၊ သင့်တင့်အောင် ဆက်ဆံတတ်ဖို့၊ ပူးပေါင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။  ဆေးပညာက အထူးပြုလိုင်းတွေခွဲကာ ကုသတဲ့ ခေတ်ဖြစ်ပြီး ဆရာဝန်တွေ ပူးတွဲတိုင်ပင် ကုသရပါတယ်။ သူနာပြု၊ ဓာတ်ခွဲခန်းနဲ့ ရောဂါဗေဒပညာရှင်၊ ဓာတ်မှန်နဲ့  ပုံရိပ် ဖော်ပညာရှင်စတဲ့ အတတ်ပညာရှင်တွေ၊  ဆေးရုံစီမံခန့်ခွဲဝန်ထမ်းတွေ၊  ကာယအမှုထမ်းတွေ  အများနဲ့လက်တွဲပြီး  အသင်းအဖွဲ့ အနေနဲ့ အလုပ်လုပ်နိုင်ရပါမယ်။

လူနာတွေကို ကုသနိုင်ဖို့က ဆေးပညာကို အမှန်တကယ်တတ်မြောက်အောင် သင်ယူဖို့ လိုအပ်ပါတယ်။ ဆေးပညာရှင် ဆရာဝန်ဖြစ်ဖို့ ဆေးတက္ကသိုလ် သင်တန်းတစ်လျှောက်မှာ သင်ကြားမှုကို ခံယူလေ့လာရမှာ အဓိကတာဝန်ဖြစ်ပါတယ်။ ရှည်ကြာတဲ့ ခုနစ်နှစ်တာကာလမှာ  လူ့ခန္ဓာဖွဲ့စည်းတည်ဆောက်ထားပုံ၊ ကိုယ်အင်္ဂါတွင်း စနစ်တွေ၊ ပုံမှန်အသက်ရှင်ဖို့ အလုပ်လုပ်ဆောင်ပုံတွေကို  သိနားလည်အောင်  သင်ယူရပါတယ်။  ရောဂါဖြစ်ပွား ဖောက်ပြန်မှုတွေ ဖြစ်ပေါ်ပုံ၊ အင်္ဂါအစိတ်အပိုင်းအလိုက် ထိခိုက် ပြောင်းလဲ ပျက်စီးပုံ၊ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ၊ ရောဂါကုသတဲ့ ဆေးဝါးတွေအကြောင်း လေ့လာဖတ်ရှု သင်ယူရပါတယ်။ ဖြစ်ပွားတဲ့ရောဂါကို ရှာဖွေဖော်ထုတ် အမည်တပ်နိုင်ဖို့အတွက်  လူနာရဲ့ ခံစားရတဲ့ဖြစ်စဉ်၊  အရင်ဖြစ်ဖူးတဲ့      ရောဂါတွေ၊  တစ်ကိုယ်ရေ အကြောင်းအရာတွေ စတာတွေကို စနစ်တကျမေးမြန်းမှတ်တမ်း တင်တတ်ဖို့၊ ခန္ဓာကိုယ်ကို စနစ်တကျ စမ်းသပ်တတ်ဖို့၊ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေကို စဉ်းစားတတ်ဖို့တွေကို ဆေးရုံလက်တွေ့ စဆင်းချိန်ကစလို့ အချိန်ယူ လေ့ကျင့်သင်ယူရပါတယ်။ လိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်မှု၊ ပုံရိပ်ဖော်မှု  စတာတွေရွေးချယ်တတ်ဖို့၊ ကုသမှု အဆင့်ဆင့်ကို တတ်ကျွမ်းနားလည် စီစဉ်တတ်ဖို့ သင်ယူရပါ တယ်။ ဆေးသိပ္ပံ အခြေခံအချက်အလက်တွေကို နားလည်တတ် ကျွမ်းအသုံးချပြီး ကုသမှုကို စီစဉ်ဆုံးဖြတ်တတ်အောင် သင်တန်း ကာလတစ်လျှောက်  အဆင့်ဆင့်  ဆက်စပ်သင်ယူရ၊  သဘော ပေါက်ရမှာဖြစ်ပါတယ်။ စနစ်တကျ စမ်းသပ်တာ၊ ဆေးထိုးတာ၊ သွေးကြောက သွေးဖောက်တာ၊ ဆေးသွင်းတာကစလို့ ခွဲစိတ်ကု သတာအထိ  လက်တွေ့ကျွမ်းကျင်မှုတွေကိုလည်း  သင်ယူလေ့ကျင့် ရပါတယ်။

စာဖတ်ဖို့ လိုအပ်

ဆရာဝန်ဖြစ်ဖို့ သင်ယူရတာ အတန်းတိုင်း၊ ဘာသာရပ်တိုင်း၊ သင်ခန်းစာတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆက်စပ်နေတာမို့ သင်တန်းတက်တာ ပျက်ကွက်သွားရင်၊ သင်ကြားခဲ့တာကို ပုံမှန်လေ့ လာဖတ်ရှုမှု မရှိရင် နောက်သင်တာတွေ နားမလည်၊ မလိုက်နိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။ စာမလိုက်နိုင်တော့ နောက်ထပ်သင်တာ တွေ နားမလည်၊ စိတ်မဝင်စား၊ သင်တန်းတက်တာပျက်ကွက်၊ ပိုလို့နားမလည်၊ မလိုက်နိုင်နဲ့ အဆိုးသံသရာ လည်တတ်ပါတယ်။  တက္ကသိုလ်ဝင်တန်းအောင်တဲ့အထိ ကျောင်းသား ကျောင်းသူ အများစုက  သင်ခန်းစာကို နားလည်သဘောပေါက်အောင် ဖတ်ရှုလေ့လာတဲ့ အလေ့အကျင့်နည်းပါးခဲ့ပြီး ကျူရှင်ကမှတ်စုကို အလွတ်ကျက်တာ အကျင့်ပါခဲ့ကြပါတယ်။ ဆေးတက္ကသိုလ် ရောက်လာတော့လည်း ကျူရှင်ကိုပဲ ဆက်အားကိုးကြပါတယ်။ ဌာနတွေကလည်း ဘာသာရပ်အများစုမှာ မှတ်စုစာအုပ်တွေ ပြုစုဖြန့်ဝေသင်ကြားကြတော့  ကျောင်းသားတွေမှာ  မူရင်းပြဋ္ဌာန်း စာအုပ်ဖတ်ရှုလေ့လာတဲ့ အကျင့်ကောင်း ပျောက်ဆုံးသွားပါတယ်။  ဆေးပညာရပ်က  အချက်အလက်တွေ  သိရုံနဲ့မပြီးဘဲ စဉ်းစား ဝေဖန်သုံးသပ်ကာ ဆုံးဖြတ်တတ်ဖို့ ဝါကျအပြည့်အစုံနဲ့ ရှုထောင့်စုံ ရှင်းလင်းဆွေးနွေးရေးသားထားတဲ့ မူရင်းပြဋ္ဌာန်း စာအုပ်တွေ ဖတ်ကြရပါမယ်။ ဆေးပညာကို ဖတ်ရှုလေ့လာသင် ယူနိုင်ဖို့အတွက်  အင်္ဂလိပ်စာကို  နားလည်သဘောပေါက်အောင် ဖတ်နိုင်ဖို့၊ ကိုယ်သိတာကို စနစ်ကျမှန်ကန်စွာ ရေးသားဖော်ပြတတ်ဖို့ တက္ကသိုလ်မတက်မီကတည်းက  ကြိုးစားလေ့ လာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ရှည်ကြာလှတဲ့ ဆေးပညာ သင်တန်းကာလကိုဖြတ်သန်းရမှာဖြစ်လို့ မိမိကိုယ်ကို  တာဝန်ယူတတ်ဖို့၊  ကျန်းမာအောင်ပြုမူနေထိုင်တတ်ဖို့လည်း    လိုပါတယ်။

ဘဝရှေ့ရေးရပ်တည်နိုင်မှု

တက္ကသိုလ်ပညာ ဆက်သင်ကြားဖို့  လိုင်းရွေးချယ်ရာမှာ (ပွင့်ပွင့်လင်းလင်းပြောကြရင်)  ဘဝရှေ့ရေး  ရပ်တည်နိုင်မှုအတွက် ဘွဲ့ရပြီး ရရှိလာနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကို  ထည့်စဉ်းစားကြမှာပါ။  ဘွဲ့ရဆရာဝန်တစ်ယောက်အနေနဲ့ အလုပ်သင်ဘဝပြီးတာနဲ့ ဆရာဝန်လုပ်ငန်း တစ်ခုခုနဲ့ မချမ်းသာရင်နေမယ်။ မဆင်းရဲနိုင်ဘဲ သင့်တင့်တဲ့ဝင်ငွေရနိုင်တဲ့  ဆရာဝန်အလုပ်တွေ  ရှိနေပါတယ်။  အလုပ်သင်ဆရာဝန် တာဝန်ပြီးတာနဲ့ ဆေးကုသခွင့် မှတ်ပုံတင်ရရှိပြီး ကိုယ်ပိုင်ဆေး ခန်းဖွင့်နိုင်သလို ပုဂ္ဂလိက ဆေးရုံတွေမှာလည်း လုပ်နိုင်ပါတယ်။ နိုင်ငံ့ဝန်ထမ်းအဖြစ်မှာလည်း ဆေးရုံမှာ ကုသတဲ့ဆရာဝန်သာမက ပြည်သူ့ကျန်းမာရေး ဆရာဝန်၊ ဆေးတက္ကသိုလ်မှာ သင်ကြားရေးဆရာဝန်၊  သုတေသန  ဆရာဝန်အလုပ်တွေလည်း ရွေးနိုင်ပါတယ်။  အစိုးရမဟုတ်တဲ့  အဖွဲ့အစည်းတွေ၊  ဆေးအရောင်း ကုမ္ပဏီတွေမှာလည်း လုပ်နိုင်ပါတယ်။ ဆရာဝန်ဘဝ မှာ ဆေးပညာကိုတော့ ဆရာဝန်ဘွဲ့ရပြီးရင်လည်း ဆက်လက် ဆည်းပူးလေ့လာနေရပါမယ်။ အဆင့်ဆင့်သော ဘွဲ့လွန်သင်တန်းတွေ  ဆက်လက်သင်ယူနိုင်ပါတယ်။

တက္ကသိုလ်ဝင်တန်းအထိ  မနားမနေ  အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီး ထိပ်ဆုံးအမှတ်တွေ၊ ဂုဏ်ထူးတွေနဲ့ ဆေးတက္ကသိုလ် ရောက်လာချိန်မှာ တချို့သော ကျောင်းသား ကျောင်းသူတွေက ကြိုးစားအားထုတ်မှုတွေ လျော့ကျပျောက်ဆုံးကြပါတယ်။    အတော်များများက    မိဘဆွေမျိုးတိုက်တွန်းလို့ ဆေးတက္ကသိုလ်တက်ရတာ၊ ဝါသနာမပါလို့၊ စိတ်မဝင်စားလို့ဆိုတာ အကြောင်းပြတတ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာမှာ ဆေးတက္ကသိုလ်လို့ မဖြည့်ခင် ဆရာဝန်တကယ်ဖြစ်ချင် တာလား၊ ဆေးပညာသင်ကြားတဲ့ ကာလမှာရော ဆရာဝန်ဘဝ လုပ်ငန်းခွင်မှာပါ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေ လက်ခံနိုင်မှာလားဆိုတာ ကျောင်းသားရော မိဘတွေပါ ကျေကျေ လည်လည် စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၉ ခုနှစ်က မန္တလေးဆေးတက္ကသိုလ်ကို  ဝင်ခွင့်ရခဲ့တဲ့  ဆရာဝန် တစ်ယောက်အနေနဲ့  နိုင်ငံနဲ့  ပြည်သူတွေအတွက်  မျိုးဆက် သစ်ဆရာဝန်တွေကို ကြိုဆိုပါတယ်။ 
       
ဒေါက်တာသန်းဝင်း