ခါတွန် စက်တင်ဘာ ၃၀
ဆူဒန်နိုင်ငံအနောက်ပိုင်း မြို့တော် အယ်လ်ဖာရှာရှိ အဘူရှောက် ရွှေ့ပြောင်းခိုလှုံရေးစခန်း၌ လွန်ခဲ့သော ရက်ပေါင်း ၄၀ ကျော်အတွင်း ဆာလောင်ငတ်မွတ်မှုကြောင့်သော်လည်းကောင်း၊ ရောဂါဘယထူပြောမှုကြောင့်သော်လည်းကောင်း လူ ၉၅ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု စေတနာရှင် လုပ်အားပေးအဖွဲ့များက ပြောကြားသည်။
အဘူရှောက် ရွှေ့ပြောင်းခိုလှုံရေးစခန်းအရေးပေါ်ခန်းက အသက်ငါးနှစ်အောက် ကလေးငယ် ၇၃ ဦးနှင့် အရွယ်ရောက်သူ ၂၂ ဦးတို့သည် ဆာလောင်ငတ်မွတ်မှုနှင့် ဖျားနာမှုကြောင့် သေဆုံးခဲ့သည်ဟု ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။
အယ်လ်ဖာရှာမြို့၌ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ ဆိုးရွားနေဆဲ ဖြစ်ကြောင်း၊ အကူအညီများနှင့် အခြေခံဝန်ဆောင်မှုများ ဖြတ်တောက်ထားသောကြောင့် ဒေသခံများ စားရေရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားစွာပြတ်တောက်လျက်ရှိကြောင်း အဆိုပါ ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
မလုံခြုံမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် မြို့အနှံ့ မသင်္ဂြိုဟ်ရသေးသော ရုပ်အလောင်းများ ပြန့်ကျဲနေသည်ကို ကိုးကား၍ ကျန်းမာရေးအခြေအနေသည် ရှိရင်းစွဲအခြေအနေထက် ပိုဆိုးနိုင်ကြောင်း စေတနာရှင်လုပ်အားပေးအဖွဲ့က ပြောသည်။ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခြင်း၊ အခြေခံဝန်ဆောင်မှုများ ပြိုလဲသွားခြင်း၊ ထောက်ပံ့ငွေပြတ်တောက်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပရဟိတစားရိပ်သာများ ပိတ်သိမ်းခဲ့ရခြင်းကို ကိုးကား၍ လူသားချင်းစာနာထောက်ထားမှု အခြေအနေများ သိသိသာသာဆိုးရွားလာသည်ဟု အခြားစေတနာရှင်လုပ်အားပေးအဖွဲ့တစ်ဖွဲ့က ဖော်ပြခဲ့သည်။
အကြမ်းဖက်ပဋိပက္ခများသည် အယ်လ်ဖာရှာမြို့တွင် ၂၀၂၄ ခုနှစ် မေလကတည်းက ဖြစ်ပွားလျက်ရှိသည်။ မကြာသေးမီရက်များအတွင်း လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။
ဆင်ဟွာ


