နယူးယောက် ဒီဇင်ဘာ ၁၀

ဆူဒန်နိုင်ငံ၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ကလေးငယ်ငါးသန်းကို အကာအကွယ်ပေးနိုင်ရေး အရေးတကြီး လုပ်ဆောင်မှုများပြုလုပ်ရန် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ဒီဇင်ဘာ ၉ ရက်တွင် တောင်းဆိုထားသည်။

ဆူဒန်နိုင်ငံရှိ ဒါဖာနှင့် ကော်ဒိုဖန်ဒေသအများအပြားတွင် ငတ်မွတ်မှုဘေးနှင့် ကြုံတွေ့နေရကြောင်း ထုတ်ပြန်ကြေညာထားသည်။ ဆူဒန်နိုင်ငံတွင် လူပေါင်း ၁၀ သန်းခန့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် ထက်ဝက်ခန့်မှာ ကလေးသူငယ်များ ဖြစ်ကြောင်း၊ ယင်းပမာဏမှာ ကမ္ဘာပေါ်တွင် ဘေးလွတ်ရာတိမ်းရှောင်နေရသည့် ကလေးငယ် အရေအတွက် အများဆုံးဖြစ်ကြောင်း ယူနီဆက်ဖ်က ပြောသည်။

ကလေးသူငယ်များမှာ ပဋိပက္ခဖြစ်ပွားမှုများအတွင်း ပိတ်မိနေပြီး အစားအစာ၊ သန့်ရှင်းသော သောက်သုံးရေ၊ ဆေးဝါးထောက်ပံ့မှုများရရှိရန် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ နောက်ထပ် ထွက်ပြေးတိမ်းရှောင်နေကြရသော ကလေးငယ်များမှာ မောပန်းနွမ်းနယ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ဖြစ်ပေါ်နေပြီး အကာအကွယ်ပေးမှု၊ အာဟာရနှင့် ဆေးဝါးထောက်ပံ့မှုများ အရေးတကြီးလိုအပ်လျက်ရှိကြောင်း အေဂျင်စီက ပြောသည်။

ထောက်ပံ့ကူညီမှုများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိသော်လည်း မလုံခြုံမှုများက ယူနီဆက်ဖ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ဆက်လက်အဟန့်အတား ဖြစ်စေကြောင်း၊ ဆူဒန်နိုင်ငံရှိ ဒါဖာနှင့် ကော်ဒိုဖန် ဒေသအများအပြားတွင် ငတ်မွတ်ခေါင်းပါးမှု အခြေအနေများကို အတည်ပြုထားပြီး အဆိုပါအခြေအနေများမှာ ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း သိရသည်။           

ဆင်ဟွာ