နယူးဒေလီ  ဩဂုတ် ၂၇

ဆူဇူကီးကားကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် တပ်ဆင်သည့်  ၎င်း၏  ပထမဆုံး SUV    လျှပ်စစ်ကားများကို စတင်တင်ပို့နေပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ ဆူဇူကီးကုမ္ပဏီ၏ စက်ရုံအခမ်းအနားတွင် သြဂုတ် ၂၆  ရက်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယနေ့မှစ၍ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့် လျှပ်စစ်ကားများကို နိုင်ငံပေါင်း ၁၀၀ ကျော်သို့ စတင် တင်ပို့နိုင်တော့မည်ဟု  အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။  ထို့ပြင် ဂျပန်နိုင်ငံနှင့်စီးပွားရေးအရ ချည်နှောင်မှု၏ အရေးကြီးမှုကိုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ ၎င်းသည် လာမည့် ဩဂုတ် ၂၉  ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ရန်လည်း  စီစဉ်ထားသည်ဟု သိရသည်။

ဂူဂျာရတ်ပြည်နယ်တွင် ထုတ်လုပ်တပ်ဆင်သည့် VITARA   မော်ဒယ်သည် ဆူဇူကီးကုမ္ပဏီ၏  ပထမဆုံးသော    ဘက်ထရီပါဝါသုံးကားလည်းဖြစ်သည်။  အားသွင်းလျှင် ကီလိုမီတာ   ၅၀၀ ကျော်အထိ မောင်းနှင်နိုင်သည်ဟု ကုမ္ပဏီကပြောသည်။

ဆူဇူကီးကုမ္ပဏီသည် မာရူတီ ဆူဇူကီးလုပ်ငန်းခွဲမှတစ်ဆင့် အိန္ဒိယတွင် လျှပ်စစ်ကားထုတ်လုပ်မှုကို  ယခုနှစ်အစောပိုင်းတွင် စတင်ခဲ့သည်။

ဆူဇူကီးကုမ္ပဏီသည် လာမည့်ငါးနှစ်မှ ခြောက်နှစ်အတွင်း အိန္ဒိယတွင် အမေရိကန်ဒေါ်လာ  ၈ ဘီလီယံအထိ  ရင်းနှီးမြှုပ်နှံရန်  စီစဉ်ထားသည်။  ဆူဇူကီးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ   ဆူဇူကီးတိုရှီဟီရိုကလည်း အိန္ဒိယရှိ ၎င်းတို့၏ဈေးကွက်ကို ဆက်လက်ထိန်းသိမ်းထားရန် ရည်မှန်းထားကြောင်းလည်း ပြောသည်။ သို့သော်လည်း  ဈေးကွက်ပြိုင်ဆိုင်မှုမှာ ပြင်းထန်နေသည်။

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်သည့် တက်စလာသည်လည်း  လွန်ခဲ့သည့်လအတွင်းက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၎င်းတို့၏ ပထမဆုံး ကားပြခန်းကို  ဖွင့်လှစ်ခဲ့သည်။   တောင်ကိုရီးယား ကားကုမ္ပဏီဖြစ်သည့် ဟွန်ဒိုင်းသည်လည်း အိန္ဒိယတွင် လျှပ်စစ်ကားထုတ်လုပ်မှုကို ချဲ့ထွင်ရန် စီစဉ်နေသည်။                                       

အင်န်အိတ်ချ်ကေ