မြန်မာ့ရွေးကောက်ပွဲများ - အရှေ့တောင်အာရှရှိ အမေရိကန်၏ မူဝါဒကို ပြန်လည်ချိန်ညှိခြင်းလား (Myanmar Elections: U.S. Policy Reset in Southeast Asia?)

 

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တည်ငြိမ်အေးချမ်းမှုအပိုင်းတွင် တိုးတက်မှုများရှိလာသည်ကို အကြောင်းပြုလျက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မြန်မာနိုင်ငံသားများအပေါ် ပေးအပ် ထားသော ယာယီအကာအကွယ်ပေးထားသည့်အဆင့်အတန်း (Temporary Protected Status for Burmese-TPS) ကို မကြာသေးမီကရပ်စဲလိုက်ခြင်းသည် အမေရိကန်-မြန်မာဆက်ဆံရေးတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အချက်ပြနေပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် စတင်ကျင်းပမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရွေးကောက်ပွဲများသည် ဆယ်စုနှစ်များစွာကြာ ရပ်တန့်နေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် ဝါရှင်တန် (အမေရိကန် အစိုးရ) အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်စေပြီး အရှေ့တောင်အာရှတစ်ဝန်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် နေရာယူရပ်တည်မှုအပေါ် သက်ရောက်မှုများ ရှိလာစေနိုင်ပါသည်။

 

လတ်တလော ဒေသတွင်းအရှိန်အဟုန်

 

အမေရိကန်အစိုးရအဖွဲ့သည် အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ ဒေသများတွင် စီးပွားရေးအရ ထိတွေ့ဆက်ဆံရန် စဉ်ဆက်မပြတ် အလေးထားလျက်ရှိကြောင်း ပြသခဲ့ပါသည်။ ကာဇက်စတန်နိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ မကြာသေးမီက သဘောတူညီချက်တွင် အမေ ရိကန်နိုင်ငံထုတ် မီးရထားစက်ခေါင်း ဝယ်ယူမှုအတွက် ဒေါ်လာ လေးဘီလီယံ ပါဝင်ပါသည်။ ထို့ပြင် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်ဆက်ဆံရေး အဆင့်တိုးမြှင့်ထားသော ဥဇဘက်ကစ္စတန်နိုင်ငံနှင့်လည်း အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံတန် သဘောတူညီချက်တွင် အမေရိကန်နိုင်ငံထုတ် လေယာဉ်ဝယ်ယူမှုတန်ဖိုး ရှစ်ဘီလီယံကျော် ပါဝင်ပါသည်။

 

မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်သည့် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် ကုန်သွယ်ရေးသဘောတူညီချက်များက အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော တွင်းထွက်သတ္တုများကို ပိုမိုလက်လှမ်းမီစေခဲ့ပါသည်။ ထို့ပြင် ယင်းသဘောတူညီ ချက်များသည် နိုင်ငံဖြတ်ကျော် ဆိုက်ဘာ ရာဇဝတ်မှုကွန်ရက်များကို ဖြိုခွင်းရာ၌ အမေရိကန်နိုင်ငံနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်း လာစေခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း သတ္တုသယံဇာတကြွယ်ဝမှုနှင့် ယင်း၏နယ်နိမိတ်အတွင်း လှုပ်ရှားနေသော ရာဇဝတ်ဂိုဏ်း ကွန်ရက်များနှင့်ပတ်သက်သည့် စိန်ခေါ်မှုများရှိနေခြင်းကြောင့် အဆိုပါ အစပျိုးလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် အသုံးချနိုင်မည့် ပုံစံကွက်တစ်ရပ်ကို ဖော်ဆောင်ပေးလျက်ရှိပါသည်။

 

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှု

 

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားတစ်ခုတည်းကပင် မဟာဗျူဟာအရ အာရုံစိုက်မှုကို ခံရထိုက်သည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် နှစ်ခုစလုံးသို့ တိုက်ရိုက်ထွက်ပေါက်ရှိသည့် တစ်ခုတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသကို ချိတ်ဆက်ပေးထားသည့် အရေးပါသောနေရာတွင် တည်ရှိနေပါသည်။ 

 

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသကို ထိန်းချုပ်ထားနိုင်ခြင်းသည် အရေးပါသော ပင်လယ် ရေကြောင်းများတွင် အမေရိကန်ရေတပ်အတွက် ဝင်ထွက်သွားလာခွင့်အလားအလာကို ပေးစွမ်းနိုင် သကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ် နေခြင်းကလည်း ဒေသတွင်းကုန်သွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် သဘာဝအလျောက် အချက်အချာကျသော ဆုံချက်နေရာတစ်ခု ဖြစ်ပေါ်စေပါသည်။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုနှင့် ထွန်းသစ်စနည်းပညာများအတွက် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုများ (Rare Earth Elements) အပါအဝင် နိုင်ငံ၏သဘာဝသယံဇာတများသည် မြန်မာနိုင်ငံ၏ မဟာ ဗျူဟာမြောက်တန်ဖိုးကို ပိုမိုမြင့်မားစေသော အခြားကဏ္ဍတစ်ခု ဖြစ်ပါသည်။

 

အမေရိကန်နိုင်ငံက ဆယ်စုနှစ်နှစ်စုကြာ ကျင့်သုံးလျက်ရှိသည့် မြန်မာနိုင်ငံအပေါ် သီးခြား ဖယ်ကြဉ်ရေးမူဝါဒသည် ဟာကွက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ယင်းနေရာတွင် ပြိုင်ဘက်အင်အားကြီး နိုင်ငံများက ဝင်ရောက်နေရာယူခဲ့ကြပါသည်။ အမေရိကန်က သိသာထင်ရှား ရှိမနေခြင်းကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု၊ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုများအတွက် အခြားနေရာအရပ်ဒေသသို့ ပိုမိုမျှော်ကြည့်လာခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ပြန်လည်ချိတ်ဆက်ခြင်းသည် အဆိုပါ လွှမ်းမိုးမှုများကို ပြန်လည်ထိန်းညှိရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကာကွယ်ရေးနှင့် နည်းပညာကဏ္ဍများအတွက် မရှိမဖြစ်လိုအပ်သော အရေးပါသည့်အရင်းအမြစ်များကို အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံမှ ရရှိနိုင်စေမည်ဖြစ်ပါသည်။

 

လတ်တလော သံတမန်ရေးရာအချက်ပြမှုများက နှစ်နိုင်ငံ ထိုကဲ့သို့ ပြန်လည်ထိတွေ့ဆက်ဆံ နိုင်ရန် လမ်းဖွင့်ထားသည်ကို ညွှန်ပြလျက်ရှိပါသည်။ အောက်တိုဘာလတွင်ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေး၌ (အမေရိကန်) အစိုးရအဖွဲ့က မြန်မာအစိုးရအပေါ် လူသိရှင်ကြားဝေဖန်ခြင်းမှ ထူးခြားစွာရှောင်ကြဉ်ခဲ့ပြီး ယင်းသည် ယခင်ချဉ်းကပ်ဆောင်ရွက်မှုများနှင့် သိသာထင်ရှားစွာကွဲပြားသည်။ ယခုကဲ့သို့ ချင့်ချိန်တုံ့ပြန်မှုသည် နိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်များ (political conditionality) ထက် မဟာဗျူဟာမြောက်ထိတွေ့ ဆက်ဆံရေးကို ဦးစားပေးလိုသည့်ဆန္ဒရှိကြောင်း ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။

 

အလားအလာရှိသည့် ပြန်လည်တည်ဆောက်ရေးအစီအမံများ

 

ခိုင်မာသောမူဝါဒပြင်ဆင်မှုအချို့သည် အပြန်အလှန်တုံ့ပြန် ဆက်သွယ်မှုများအတွက် အခြေ အနေများကို ဖန်တီးပေးရင်း တစ်ဖက်တွင် အမေရိကန်အနေဖြင့် ထိတွေ့ဆက်ဆံမှုအသစ်များ ပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း အချက်ပြနိုင်သည်။ ပုံမှန်ဆက်ဆံရေးဆီသို့ ဦးတည်သွားမည့် အရှိန်အဟုန်ကို တည်ဆောက်ရန်အတွက် ဂရုတစိုက် အဆင့်ဆင့်စီစဉ်ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ 

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr. Rubio က အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ တရားမျှတမှု၊ ယုံကြည်နိုင်မှု၊ တရားဝင်မှု သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ၏ ဒီမိုကရေစီ တန်ဖိုးများအပေါ် အမြင် သဘောထား ထုတ်ဖော်ပြောကြားခြင်းကို ရှောင်ရှားမည်ဟု ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတရားကို မြန်မာနိုင်ငံ၏ ယခုပြုလုပ်မည့် ရွေးကောက်ပွဲများအပေါ် လိုက်နာအသုံးချမည်ဆိုပါက အမေရိကန်အစိုးရ၏ ထုတ်ပြန်ထားသော မူဝါဒနှင့်ကိုက်ညီသည့် လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ ပိတ်ထားသော သံတမန်လမ်းကြောင်းများကို ပွင့်သွားစေနိုင်သည်။

 

ဤရပ်တည်ချက်က ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ ဝေဖန်မှုများ ကြုံတွေ့ရနိုင်သော်လည်း အထူးသဖြင့် အထီးကျန်ထားခြင်းက မြန်မာနိုင်ငံအတွင်းလိုလားသော နိုင်ငံရေးအပြောင်းအလဲများကို မဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဆက်လက်အထီးကျန်ထားခြင်းထက် ထိတွေ့ဆက်ဆံခြင်းက အမေ ရိကန်၏ အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေနိုင်သည်ဟူသော သုံးသပ်ဆုံးဖြတ်ချက်ကို ထင်ဟပ်စေသည်။ 

 

စီးပွားရေးမျက်နှာစာတွင် လေယာဉ်အစိတ်အပိုင်းများ၊ သတ္တုတူးဖော်ရေးစက်ပစ္စည်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံများအတွက် အသုံးပြုမည့်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများအပါအဝင် အမေရိကန်ကုမ္ပဏီများအတွက် အကျိုးရှိစေမည့် စီးပွားရေးအခွင့်အလမ်း များအတွက် ပံ့ပိုးမှုများ တည်ဆောက်ပေးရမည်။ ထိုကဲ့သို့အစီအစဉ်များသည် ပြစ်ဒဏ်ခတ်သည့် အစီအမံများကိုကျော်လွန်၍ ရှေ့ဆက်လိုသော အမေရိကန်၏ဆန္ဒကို ပြသရာရောက်မည်ဖြစ်သည်။

 

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှုစည်းမျဉ်းများ (Burma Sanctions Regulations) က အမေရိကန်စွမ်းအင်ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ထိရောက်စွာ ဖယ်ထုတ်ထားခဲ့သည်။ ထိုကဲ့သို့ ကန့်သတ်ချက်များကို ပြန်လည် သုံးသပ်ပြင်ဆင်ပါက လက်ရှိ မြန်မာ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးထားသော အခြားနိုင်ငံများ၏ နိုင်ငံပိုင်စွမ်းအင်လုပ်ငန်းများနှင့် အမေရိကန်ကုမ္ပဏီများအကြား ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးများ ရှိလာနိုင်ပါသည်။ အမေရိကန် စွမ်းအင်ကုမ္ပဏီများသည် အရင်းအနှီးနှင့် နည်းပညာသာမက မြန်မာ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်မည့် ပိုမိုမြင့်မားသော သဘာဝပတ်ဝန်းကျင်နှင့် ဘေးကင်းရေးဆိုင်ရာ စံချိန်စံညွှန်းများ ကိုပါ ယူဆောင်လာပေးနိုင်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် စီးပွားရေးအကျိုးအမြတ်များကို ရရှိစေမည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းကြောင်းနှင့် နိုင်ငံတကာ ရပ်တည်မှုများကို ပုံဖော်ပေး နေသော ကဏ္ဍတစ်ခုအပေါ်တွင် မဟာဗျူဟာမြောက် လွှမ်းမိုးမှုကိုပါရရှိစေမည်ဖြစ်သည်။

 

ဒေသတွင်းဆက်စပ်အခြေအနေများနှင့်သာဓကများ

 

မြန်မာနိုင်ငံခေါင်းဆောင်ပိုင်းက အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းများကို တန်ပြန်ရာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့ပါသည်။ မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု စင်တာများကိုနှိမ်နင်းရန် ခြေလှမ်းများစတင်ခြင်းဖြင့် အပြန်အလှန်စိုးရိမ်ပူပန်ဖြစ်စေသည့် ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းကို ပြသခဲ့ပါသည်။ မွန်ဂိုလီးယားနှင့် ကာဇက်စတန် နိုင်ငံတို့တွင် အောင်မြင်စွာကျင့်သုံးခဲ့ပြီးဖြစ်သော (အမေရိကန်)အစိုးရ၏ “တတိယအိမ်နီးချင်း (Third Neighbor)” ကုန်သွယ်ရေးမူဘောင်သည် ၎င်းတို့၏ နိုင်ငံတကာ မိတ်ဖက်ဆက်ဆံရေးများကို စုံလင် ကွဲပြားစေရန် ကြိုးပမ်းနေသော နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် သက်သေပြပြီးသား သာဓက တစ်ခုဖြစ်သည်။

 

အဆိုပါမူဘောင်သည် ကမ္ဘာ့နိုင်ငံများအား အမေရိကန်နိုင်ငံနှင့် လွတ်လပ်သော စီးပွားဆက်ဆံ ရေး တည်ဆောက်နိုင်စေမည်ဖြစ်သည့်အပြင် အရေးပါသည့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်ဆံ ရေး ဟန်ချက်ညီမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
 

 

မဟာဗျူဟာမြောက် ထည့်သွင်းစဉ်းစားစရာများ

 

အမေရိကန်နိုင်ငံက ထိတွေ့ဆက်ဆံမှုထက် အထီးကျန်ထားခြင်း (Isolation) ကို ဦးစားပေးထား သည့်မူဝါဒကို ဆယ်စုနှစ်နှစ်စုကြာ ကျင့်သုံးခဲ့သည်။ ဤအချက်က မဟာဗျူဟာမြောက်နေရာများကို ပြိုင်ဘက်များထံ လက်လွှတ်လိုက်ရုံသာ ဖြစ်စေခဲ့သည်။ 
မူဝါဒဆိုင်ရာမေးခွန်းတစ်ခုမှာ ဆက်လက်အထီးကျန်ထားခြင်းက စည်းကမ်းသတ်မှတ်ချက်များ ပါရှိသော ထိတွေ့ဆက်ဆံမှု (conditional engagement) ထက် အမေရိကန်၏အကျိုးစီးပွားကို ပိုမိုအကျိုးပြုမည်လား ဆိုသည်ပင်ဖြစ်သည်။ 

 

မကြာမီကျင်းပမည့် ရွေးကောက်ပွဲများသည် အမြဲတမ်းရှိမနေနိုင်သော သံတမန်ရေးရာလမ်းစတစ်ခုကို ပေးစွမ်းနေသည်။ 

 

အုပ်ချုပ်မှုတိုးတက်မှုများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီအပြင် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ဆက်စပ်နေသည့် ခိုင်မာသော စံနှုန်းများအပေါ်တွင်အခြေခံ၍ ထိတွေ့ဆက်ဆံမှုကို ဖော်ဆောင်နိုင်ပါမည်။ ထိုကဲ့သို့သော ချဉ်းကပ်မှုသည် ဘက်စုံပြောင်းလဲမှုကို ကြိုတင်စည်းကမ်းချက်အဖြစ် တောင်းဆိုခြင်းမျိုးမဟုတ်ဘဲ တစ်ဆင့်ချင်းတိုးတက်မှုအတွက် မက်လုံးများဖန်တီးပေးရင်း တစ်ဖက်တွင်လည်း သြဇာညောင်းမှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

 

ချဉ်းကပ်မှုသည် ကြီးမားသောပြောင်းလဲမှုများကို တိုက်ရိုက်တောင်းဆိုခြင်းအစား တဖြည်း ဖြည်းဖော်ဆောင်မည့် တိုးတက်မှုအတွက် လှုံ့ဆော်မှုကို ထိန်းသိမ်းပေးနိုင်မည်ဖြစ်ပါသည်။

 

အရှေ့တောင်အာရှဒေသ၏ နိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်းကို ပြိုင်ဘက်အင်အားကြီး နိုင်ငံများက တက်ကြွစွာပုံဖော်ပေးလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ တွင် ဩဇာလွှမ်းမိုးမှုရရန် ယှဉ်ပြိုင်မည်လား သို့မဟုတ် ပြိုင်ဘက်များက မြေပြင်အခြေအနေများကို အခိုင်အမာတည်ဆောက်နေချိန်တွင် ဆက်လက်စောင့်ကြည့်နေမည်လားဆိုသည်မှာ အင်ဒို-ပစိဖိတ် ဒေသတွင်း အင်အားချိန်ခွင်လျှာအတွက် ရေရှည်အကျိုးသက်ရောက်မှုများရှိစေမည့် အခြေခံကျသော မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခုဖြစ်သည်။ 

 

အလယ်အာရှနှင့် ပင်မအရှေ့တောင်အာရှရှိ(အမေရိကန်)အစိုးရ၏ လတ်တလော လုပ်ဆောင် ချက်မှတ်တမ်းများက မဟာဗျူဟာ အကျိုးစီးပွားများနှင့် အမေရိကန်အကျိုးစီးပွားများ ကိုက်ညီသည့် နေရာတွင် ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြသနေသည်။ 

 

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ သယံဇာတများနှင့် အာဆီယံအတွင်းတည်ရှိမှုတို့က ဤချဉ်းကပ်မှုအတွက် ယုတ္တိရှိသော နောက်ထပ်အာရုံစိုက်စရာဖြစ်လာစေပါသည်။ ။

 

Joe Buccino သည် အမေရိကန်ကြည်းတပ် ဗိုလ်မှူးကြီး(ငြိမ်း) တစ်ဦးဖြစ်ပြီး Vantage + Vox ၏ CEO လည်းဖြစ်သည်။
 (မြန်မာနိုင်ငံ၌ မကြာမီပြုလုပ်မည့် ရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံ၏ အရှေ့တောင် အာရှဒေသဆိုင်ရာမူဝါဒ ပြောင်းလဲမှုဖြစ်စေနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ ၂၂-၁၂-၂၀၂၅ ရက်နေ့က RealClear Defense တွင် သုံးသပ်ရေးသားဖော်ပြခဲ့သည့် Joe Buccino ၏ Myanmar Elections: U.S. Policy Reset in Southeast Asia? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)