နေပြည်တော် ၂၇ ဖေဖော်ဝါရီ 

 

စီမံကိန်းနှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

 

အဆိုပါတွေ့ဆုံရှင်းလင်းပွဲ၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်းက အမှာစကားပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲခြင်းကို (Myanmar Sustainable Development Plan- MSDP) နှင့် ချိတ်ဆက်သွားရန် လိုအပ်ကြောင်း၊ Project Bank တွင် စီမံကိန်းများ ထည့်သွင်းပြီးမှသာ ဘတ်ဂျက်လျာထားရန်ဖြစ်ကြောင်း၊ နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework)ဖြင့် ဘတ်ဂျက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသဖြင့် ရငွေနှင့် အသုံးစရိတ်များကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်လျာထားရန် လိုအပ်ကြောင်း၊ အသုံးစရိတ်များကို ထိရောက်စွာ ခွဲဝေသုံးစွဲ၍ ပိုလျှံငွေအပ်နှံမှုများကို စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းခံရာတွင် စိစစ်ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းရေးဆွဲခြင်းကို စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အရအသုံး ခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းကို ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ Myanmar Sustainable Development Plan (MSDP) နှင့် Project Bank တို့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်ကလည်းကောင်း ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဌာနအကြီးအကဲများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။ 

 

(သတင်းစဉ်)