စီးပွားရေးဦးမော့ဖို့ စည်းကမ်းလိုက်နာဖို့

၁၃ ဒီဇင်ဘာ

Coronavirus Disease 2015 (covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ကကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြရာ၌ “ရန်ကုန်ကနေပြီးတော့ မထိန်းချုပ်နိုင်တာကတော့ ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ကျွန်မတို့ရဲ့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေးမြို့တော်ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန် ထူအောင်လုပ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ စီးပွားရေးပြန်လည်ထူထောင်ရေး အတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း ကျွန်မကသတိပေးချင် ပါတယ်ဟု ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို လက်ရှိကာလအချိန်အထိ ထိန်းချုပ် နိုင်ခြင်းမရှိသေးဘဲ နေ့စဉ်နှင့်အမျှ လူတစ်ထောင်ကျော် ကူးစက်ဖြစ်ပွားနေပြီး လူ ၂၀ကျော် သေဆုံးနေသည်။ အထူးသဖြင့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု အများဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်သည်။ စီးပွားရေးအားဖြင့် လည်းကောင်း၊ လူဦးရေအားဖြင့်လည်းကောင်း အများဆုံး၊ အားအကောင်းဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေးကို လျစ်လျူရှု၍ ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းများကို လိုက်နာနိုင်ရေးကိစ္စမှာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေသည်။ သို့သော် ရန်ကုန်သည် မြန်မာနိုင်ငံအတွက် အရေးအကြီး ဆုံးဒေသဖြစ်၍ ကိုဗစ်-၁၉ ရောဂါကြေင့် နာလန်မထူနိုင်သည့်အဖြစ်သို့ မရောက်အောင် အထူးသတိပြုလိုက်နာ ဆောင်ရွက်ကြရန် လိုပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ဦးတည်ဆောင်ရွက်ကြရာ တွင် မိမိတို့လူမှုစီးပွားကို မပစ်ပယ်နိုင်ပါက စည်းကမ်းလိုက်နာဖို့လိုမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများကိုလည်း လိုက်နာ၊ စီးပွားရေးကိုလည်း လုပ်ကိုင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် အားကောင်းသည့်ဒေသများမှာ နယ်မြို့များဖြစ်ပြီး အားနည်းသည့်ဒေသမှာ စီးပွားရေးမြို့တော်တည်ရာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်နေသည်ကို တွေ့ရ မည်ဖြစ်သည်။ ရောဂါဖြစ်ပွားမှုမှာ လူဦးရေထူထပ်မှုအပေါ် မူတည်သည် ဆိုသော်လည်း စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် စည်းကမ်း လိုက်နာမှုကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူ ပြည်သားများအား အကြိမ်ကြိမ်အထပ်ထပ် သတိပေးမေတ္တာရပ်ခံ လျက် ရှိပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက် နေကြောင်း အသိပေးလျက်ရှိပါသည်။ “ကျွန်မတို့နိုင်ငံသားများက မြန်မြန် တိုးတက်ချင်တယ်။ မြန်မြန်ပိုပြီးတော့ သာမန်အရင်တုန်းကလိုပေါ့။ သွားလိုက်၊ လာလိုက်နဲ့ လွတ်လွတ်လပ်လပ်လုပ်ကိုင်စားသောက်နိုင်တဲ့ဘဝကို ပြန်ရောက်ချင်တယ်ဆိုရင်တော့ ကိုဗစ် ပြန့်ပွားမှုကို အားလုံးဝိုင်းပြီးတော့ ထိန်းပေးဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ အဲဒါကိုလည်း ကျွန်မတို့ ဂရုစိုက်စေချင်ပါတယ် ဟု ပြောကြားခဲ့သည်။

ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် နိုင်ငံသူ နိုင်ငံသားအားလုံးအား ကာကွယ်ဆေးထိုးနှံပေးရေးကို ကြိုးပမ်းအားထုတ်ဆောင်ရွက်နေပြီး နိုင်ငံ့စီးပွား၊ ပြည်သူများ လူမှုစီးပွား ပြန်လည်တည့်မတ်လာရေးကို ကြိုးပမ်းဆောင်ရွက်နေသည်။ Stay at Home မဟုတ်သည့်ဒေသများတွင် ပြည်သူများအတွက် ဖြေလျှော့ပေးမှုများ ပြုလုပ်ပေးလျက်ရှိပြီး stay at Home ဒေသများအနေဖြင့် ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်၍ မိမိတို့လူမှုစီးပွား ထိခိုက်မှုအနည်းဆုံးဖြင့် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မား နေဆဲဖြစ်၍ ကျန်းမာရေးဆိုင်ရာ ကန့်သတ်မှုများရှိနေမည်ဖြစ်ရာ အကန့် အသတ်များမှ မြန်မြန်လွတ်မြောက်လိုပါက၊ စီးပွားရေး မြန်မြန်ဦးမော့လိုပါက ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို အလေးထားလိုက်နာရန် လိုအပ်ပါသည်။ အထူးသဖြင့် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် နိုင်ရေးအတွက် သတိထားလိုက်နာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကို ကူညီကြပါရန် အထူးမေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ