နေပြည်တော် အောက်တိုဘာ ၁၄

 

ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Centre မှ ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဗလာဒီမာမိုရီဆေးယန်ကိုနှင့် အဖွဲ့သည် ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးနှင့် သက်ဆိုင်ရာဘာသာရပ် အသီးသီးမှ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများက ကြိုဆိုကြသည်။

 

ဦးစွာ ၂၀၂၄ ခုနှစ် ဇွန်လတွင် စိန့်ပီတာစဘတ်မြို့ Napalkov Cancer Centre ၌ မျက်လုံး ကြွက်သားကင်ဆာ ခွဲစိတ်ကုသမှုခံယူခဲ့သော ပုသိမ်မြို့နေ ၂၂ နှစ် အရွယ် အမျိုးသားလူနာအား တွေ့ဆုံခဲ့ပြီး ရောဂါတိုးတက်မှု အခြေအနေများကို ကြည့်ရှုရာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ အထူးကုဆရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုပါလူနာမှာ ကျန်းမာရေး ကောင်းမွန် တိုးတက်လျက်ရှိသည်။ ထို့နောက် အထွေထွေခွဲစိတ် ကုဌာန၊ ကင်ဆာဆေးကုဌာနနှင့် ဓာတ်ရောင်ခြည်ကု ဌာနများမှ ကင်ဆာရောဂါ ခံစားနေရသော သံဃာတော် တစ်ပါးအပါအဝင် လူနာခုနစ်ဦးအား ကြည့်ရှုစစ်ဆေး၍ လူနာများအတွက် ပိုမိုသင့်တော် ကောင်းမွန်သည့် ကုထုံးများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ အထူးကုဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ကြသည်။

 

ဆက်လက်၍ ခုနစ်ထပ်ဆောင်သစ် အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ လူနာများအား ကုသပေးနေမှု အခြေအနေ၊ ပါမောက္ခ/ဌာနမှူး (ကင်ဆာဆေးကု) ဒေါက်တာ ဖြူဖြူသိမ့်က ကင်ဆာ ဝေဒနာရှင်များအား ဆေးကုသ ပေးနေမှုအခြေအနေ၊ ပါမောက္ခ/ ဌာနမှူး (ဓာတ်ရောင်ခြည်) ဒေါက်တာ မိုးလှိုင်က ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ အမျိုးသားကင်ဆာကု ဌာနအပါအဝင် ရောင်ခြည်ဖြင့် ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် Professor Dr. Moiseyenko က “Why We Cannot Cure Cancer : The Role of Chemotherapy and Immunotherapy in Solid Tumors” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ Dr. Tatiana Sharabura  က “Stereotactic Body Radio- therapy” ခေါင်းစဉ်ကို Video Conferencing ဖြင့်လည်းကောင်း ဆေးပညာ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာ ကျော်ရွှေ၊ ဆေး တက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်နှင့် ပါမောက္ခ(ဌာနကြီးမှူး) ပါမောက္ခ ဒေါက်တာ မင်းဇော်ဦးနှင့် တက်ရောက်လာသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ တပ်မတော် ဆေးရုံကြီး (ခုတင် - ၁၀၀၀) မင်္ဂလာဒုံ၊ ခုတင် - ၅၀၀ အထူးကု ဆေးရုံကြီးနှင့် အထွေထွေရောဂါ ကုဆေးရုံသစ်ကြီးများမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီး/ ငယ်များ၊ လက်ထောက် အထူးကုများနှင့် ဘွဲ့လွန်ကျောင်းသား စုစုပေါင်း ၁၂၀ တက်ရောက်၍ နှစ်နိုင်ငံအကြား ကင်ဆာရောဂါဆိုင်ရာ ဆေးပညာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်