ဒေါက်တာအောင်ထွဏ်း
ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၁၀ ရက်နေ့ရောက်တိုင်း ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ကျင်းပကြပါသည်။ ၂၀၂၅ ခုနှစ်အတွက် “ကပ်ဘေးဆိုးများနှင့် အရေးပေါ်အခြေအနေများအတွင်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရေး” “Access to Service : Mental Health in Castatrophies and Emergencies” ဆိုသည့် ဆောင်ပုဒ် ကို သတ်မှတ်၍ အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများနှင့် ရာသီဥတုအကျပ်အတည်းများသည် ကမ္ဘာတစ်ဝန်းလူ့ဘဝများကို ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများပျောက်ကင်းသွားပြီး နောက်ပိုင်းတွင်ပင် စိတ်ပိုင်းဆိုင်ရာ မမြင်ရသောဒဏ်ရာများကို ကျန်ရစ်စေတတ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခမရှိဘဲ လူ့အသိုင်းအဝိုင်းများ ပြန်လည်ထူထောင်ခြင်း၊ ကလေးများသင်ယူခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းတို့ မပြုနိုင်ပါ။ သိမြင်နားလည်မှုမြင့်တက်လာသည့်တိုင် မြန်မာ နိုင်ငံကဲ့သို့သော သဘာဝဘေးအန္တရာယ် မကြာခဏဒဏ်ခံနေရသည့် နိုင်ငံများတွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလိုအပ်လျက်ရှိပါသည်။
ကမ္ဘာ့စိတ်ကျန်းမာရေးအခြေအနေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ပဋိပက္ခ သို့မဟုတ် အကျပ်အတည်း နယ်ပယ်များတွင် လူဦးရေ ငါးဦးတွင် တစ်ဦး (၂၂ ရာခိုင်နှုန်း) သည် စိတ်ဓာတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှုမှသည် စိတ်ဒဏ်ရာနောက်ကျန်ရောဂါ (Post-traumatic Stress Disorder-PTSD)၊ စိတ်နှစ်ခွရောဂါနှင့် စိတ်ကစဉ့်ကလျားရောဂါအထိ စိတ်ကျန်းမာရေးအခြေအနေများ ဖြစ်ပွားလာကြသည်ဟုဆိုပါသည်။ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါများကဲ့သို့သော ကမ္ဘာ့အရေးပေါ်အခြေအနေများသည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို မြင့်တက်စေရုံသာမက ရှိရင်းစွဲ ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ကမောက်ကမဖြစ်စေပြီး လိုအပ်သည့်အချိန်တွင် လိုအပ်သလို စိတ်ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြပါ။ WHO က လူသားချင်း စာနာထောက်ထားမှု အရေးပေါ်အခြေအနေများတွင် လိုအပ်နေသူ များ၏ နှစ်ရာခိုင်နှုန်းသာ စိတ်ကျန်းမာရေးစောင့်ရှောက်မှုများကို အမှန်တကယ်ရရှိကြောင်း သတိပေးထားပါသည်။
မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများ
မြန်မာနိုင်ငံတွင် မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရာယ်များကြောင့် စိတ်ဒဏ်ရာများခံစားနေရကြောင်း ဆိုကြပါသည်။၂၀၂၅ ခုနှစ်တွင် လူဦးရေ ၁၉ ဒသမ ၉ သန်း (လူဦးရေ၏ သုံးပုံတစ်ပုံကျော်) သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပါ သည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (IOM) ၏ အဆိုအရ ပဋိပက္ခနှင့် ရာသီဥတုအကျပ်အတည်းများက ဤအခြေအနေကို ပိုမိုဖြစ်ပွားစေပါသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ထောင်ချီသော လူအသေအပျောက်ရှိခဲ့ကာ အချို့မှာ စိတ်ကျန်းမာရေးခံစားကြရသည်။ ရေကြီးရေလျှံမှုများနှင့် ဆိုင်ကလုန်း မုန်တိုင်းများကလည်း စိတ်ဝေဒနာကို ပိုမိုဆိုးရွားစေပါသည်။ ရေလျှံနယ်မြေများတွင် အမျိုးသား ၄၇ ရာခိုင်နှုန်းက ပြင်းထန်သော စိတ်ဓာတ်ကျရောဂါရှိကြောင်း၊ ၄၁ ရာခိုင်နှုန်းက ပြင်းထန်သော စိုးရိမ်ပူပန်မှုရှိကြောင်း သိရှိရသည်။
လူငယ်များသည် အဆိုးရွားဆုံး ထိခိုက်ခံရပါသည်။ လန်ဒန်ဆေးတက္ကသိုလ် London School of Hygiene & Tropical Medicine (LSHTM) ၏ ၂၀၂၅ ခုနှစ် လေ့လာမှုတစ်ခုက ပဋိပက္ခဇုန်များရှိ ဆယ်ကျော်သက်မိန်းကလေးများကို စစ်တမ်းကောက်ယူခဲ့ပါသည်။ ၎င်းတို့တွင် အကြမ်းဖက်မှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုတို့မှ စိတ်ဖိစီးမှုနှုန်း မြင့်မားကြောင်း တွေ့ရှိရပါသည်။ အခြားစစ်တမ်းတစ်ခုက စခန်းများရှိ ရွှေ့ပြောင်းနေထိုင်သူ လူကြီးများတွင် ဆုံးရှုံးမှု၊ ကြောက်ရွံ့မှုနှင့် ဆက်စပ်နေသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိကြောင်း ဖော်ပြပါသည်။
၂၀၁၆ ခုနှစ် ကမ္ဘာ့ကျောင်းသားများ ကျန်းမာရေးစစ်တမ်း (Global Student Health Survey 2016 - GSHS)
ဤသုတေသနစစ်တမ်းသည် လက်ရှိအကျပ်အတည်းများမတိုင်မီ ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဆယ်ကျော်သက်စိတ်ကျန်းမာရေးအတွက် အရေးပါသော အချက်အလက်များကို ဆက်လက်ပေးစွမ်း နေပါသည်-
• ၈ ဒသမ ၅ ရာခိုင်နှုန်းသော ကျောင်းသားများက မကြာခဏ သို့မဟုတ် အမြဲတမ်း အထီးကျန်ခံစားရကြောင်း ဖော်ပြခဲ့သည်။
• ၃ ဒသမ ၆ ရာခိုင်နှုန်းသော ကျောင်းသားများသည် ပုံမှန် အိပ်ပျော်နိုင်ခြင်းမရှိအောင် စိုးရိမ်ပူပန်မှုရှိကြသည်။
• ၈ ဒသမ ၇ ရာခိုင်နှုန်းသော ကျောင်းသားများသည် လွန်ခဲ့သော ၁၂ လအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံစည်ခဲ့ဖူးသည်။
• ၈ ဒသမ ၄ ရာခိုင်နှုန်းသော ကျောင်းသားများသည် သတ်သေရန် အစီအစဉ်ဆွဲခဲ့ဖူးသည်။
ဤဂဏန်းများသည် ထိခိုက်လွယ်သော လူငယ်အလွှာနှင့် လက်ရှိ အကျပ်အတည်းများအောက်တွင် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ခြေ မြင့်မားသော လူဦးရေကို မီးမောင်းထိုးပြပါသည်။ ယခုအခါ ကလေးသန်းပေါင်းများစွာသည် စိတ်ဓာတ်ကျရောဂါ၊ စိတ်ဒဏ်ရာနောက်ကျန်ရောဂါ (PTSD) နှင့် မိမိကိုယ်ကို ထိခိုက်စေမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏အန္တရာယ်မှာ သိသိသာသာ ပိုမိုမြင့်မားနေပါသည်။
စိတ်မကျန်းမာမှုနှင့်ပတ်သက်၍ အယူသည်းမှုများသည် မြန်မာနိုင်ငံတွင် ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ဆင်းရဲဒုက္ခခံစားနေရသူ များစွာကို နှုတ်ဆိတ်စေပါသည်။ ဤအချက်သည် ကျောင်းများ၊ လူ့အသိုင်းအဝိုင်းများနှင့် မိသားစုများအတွင်း ကြိုတင်ကာကွယ်ခြင်းနှင့် ပွင့်လင်းသော ဆွေးနွေးမှုများပြုလုပ်ရန် အရေးတကြီးလိုအပ်ပါသည်။
အဖြစ်များသော စိတ်ရောဂါများနှင့် ၎င်းတို့၏ သက်ရောက်မှုများ
အရေးပေါ်အခြေအနေများတွင် အဖြစ်အများဆုံး စိတ်ကျန်းမာရေးအခြေအနေများတွင် အောက်ပါတို့ ပါဝင်ပါသည်-
၁။ စိတ်ဓာတ်ကျရောဂါ – ဆက်တိုက်ဝမ်းနည်းမှု၊ မျှော်လင့်ချက် ကင်းမဲ့မှုနှင့် စိတ်ဝင်စားမှုဆုံးရှုံးမှု။
၂။ စိုးရိမ်ပူပန်မှုရောဂါများ – ကြောက်ရွံ့မှု၊ အလန့်တကြား တက်ခြင်းနှင့် ဆက်တိုက်စိုးရိမ်မှု။
၃။ စိတ်ဒဏ်ရာနောက်ကျန်ရောဂါ (PTSD) – အိပ်မက်ဆိုးများ၊ စိတ်ထဲပြန်ပေါ်လာခြင်းနှင့် ဒဏ်ရာရပြီးနောက် လူရှောင်ခြင်း။
၄။ မူးယစ်ဆေးဝါး အလွဲသုံးစားလုပ်မှုရောဂါများ – အိုးမဲ့အိမ်မဲ့ ဖြစ်ခြင်းနှင့် ဆုံးရှုံးမှုပြီးနောက် မကြာခဏ မြင့်တက်လာ ခြင်း။
၅။ မိမိကိုယ်ကိုသတ်သေရန် အတွေးအခေါ်များနှင့် အပြုအမူ– ဝမ်းနည်းဖွယ်ရာ သို့သော် တားဆီးကာကွယ်နိုင်သော အကျိုးဆက်။
ကုသမှုမခံယူပါက ဤအခြေအနေများသည် ပညာရေးကို နှောင့်ယှက်ပြီး မိသားစုများကို စိတ်ဖိစီးစေကာ နိုင်ငံတော်ပြန်လည် ထူထောင်ရေးကို အဟန့်အတားဖြစ်စေပါသည်။ လူဦးရေအများစုသည် လူငယ်များဖြစ်သည့် မြန်မာနိုင်ငံအတွက် လူငယ်များ၏ စိတ်ကျန်းမာရေးသည် နိုင်ငံ၏အနာဂတ် ပုံဖော်ရာတွင် အခရာကျသည်။
အန္တရာယ်ဖြစ်စေသည့် အချက်များနှင့် ထိခိုက်လွယ်မှုများ
အရေးပေါ်အခြေအနေများတွင် စိတ်ကျန်းမာရေးကို ပိုမိုဆိုးရွားစေသည်မှာ အဘယ်နည်း။ အန္တရာယ်များသည် ကမ္ဘာတစ်ဝန်း တူညီသော်လည်း ဒေသတွင်းအန္တရာယ်များက ပြင်းထန်စွာ သက်ရောက်မှုရှိပါသည်။
ကမ္ဘာတစ်ဝန်း၌ ဆင်းရဲမွဲတေမှုကဲ့သို့သော ရှိရင်းစွဲပြဿနာများက အခြေအနေကို ဆိုးရွားစေသည်။ အရေးပေါ်အခြေအနေများသည် ဝမ်းနည်းပူဆွေးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အထီးကျန်မှုတို့ကို ပေါင်းထည့်ပေးသည်။ ကူညီသူများသည်လည်း “စာနာစိတ်နှင့် ပင်ပန်းနွမ်းနယ်မှု” ကို ရင်ဆိုင်ရသည်။ သက်ရောက်မှုများတွင် မိမိကိုယ်ကို သတ်သေမှုမြင့်တက်ခြင်း၊ မိသားစုပြိုကွဲခြင်းနှင့် ထုတ်လုပ်မှုဆုံးရှုံးခြင်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံတွင် လူအများစုသည် အရှက်ကြောင့် ဝေဒနာကို ဝှက်ထားကြသည်။ အန္တရာယ်ဖြစ်စေသည့်အချက်များတွင် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ အစားအစာရှားပါးခြင်းနှင့် လုံခြုံသည့်နေရာမရှိခြင်းတို့ ပါဝင်သည်။ GSHS က အားနည်းသော မိဘဆက်ဆံရေးသည် မိမိကိုယ်ကို သတ်သေမှုအန္တရာယ်ကို ၂-၃ ဆမြင့်တက်စေကြောင်း ပြသခဲ့သည်။ သက်ရောက်မှုများသည် နှစ်ပေါင်းများစွာ ကြာရှည်သည်။ ငလျင်ပြီးနောက် ကလေးများသည် အိပ်မက်ဆိုးများကဲ့သို့သော PTSD လက္ခဏာများ ပြသကြသည်။ အမျိုးသမီးများသည် အိမ်တွင်းတာဝန်များမှ စိုးရိမ်ပူပန်မှု ပိုမိုများပြားစွာခံစားကြရသည်။ စီးပွားရေးလည်း ထိခိုက်စေသည်။ စိတ်ဓာတ်ကျနေသော အလုပ်သမားများသည် ပြန်လည်မထူထောင်နိုင်ပါ။ အကူအညီမရှိပါက ပြဿနာငယ်များသည် တစ်သက်တာဒဏ်ရာများအထိ ဖြစ်လာနိုင်သည်။
ကာကွယ်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း – လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်း
WHO နှင့် UNICEF တို့သည် စိတ်ကျန်းမာရေးနှင့် လူမှုရေးစိတ်ခံစားမှုအကူအညီ (MHPSS) ကို လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်မှုအားလုံးတွင် အခြေခံကျသည်ဟု အလေးပေးဖော်ပြကြသည်။ မြန်မာနိုင်ငံတွင်အောက်ပါတို့ဖြင့် ဆောင်ရွက်နိုင်ပါသည်-
၁။ ကျောင်းအခြေပြု ဆောင်ရွက်ချက်များ – GSHS အချက် အလက်ကို အခြေခံအဖြစ် အသုံးပြုကာ သင်ရိုးညွှန်းတမ်းများတွင် ဒဏ်ခံနိုင်မှုနှင့် ရင်ဆိုင်ကျော်လွှားနည်းများကို ပေါင်းစပ်ခြင်း။
၂။ လူမှုအသိုင်းအဝိုင်းဦးဆောင်ပံ့ပိုးမှု – နှစ်သိမ့်မှုနှင့် ဆွေးနွေးအကြံပေးလမ်းညွှန်မှုပေးရန် စေတနာ့ဝန်ထမ်းများအား စိတ်ပိုင်းဆိုင်ရာ ပထမဆုံးအကူအညီပေးရန် လေ့ကျင့်ခြင်း။
၃။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုသို့ ပေါင်းစည်းခြင်း – လေ့ကျင့်သင်ကြားထားသော ပညာရှင်များ တိုးချဲ့ခြင်းနှင့် စိတ်ကျန်းမာရေးကို ယေဘုယျကျန်းမာရေးဝန်ဆောင်မှုများနှင့် ချိတ်ဆက်ခြင်း။
၄။ လူငယ်နှင့်အဆင်ပြေသော ဝန်ဆောင်မှုများ – ဆယ်ကျော်သက်များအတွက် ပူးပေါင်းကူညီသူများအဖွဲ့များနှင့် လုံခြုံသောနေရာများကို ဖန်တီးပေးခြင်း။
၅။ အရှက်တကွဲအကျိုးနည်းဖြစ်စေမှု လျှော့ချခြင်း – စိတ်ကျန်း မာရေးဆွေးနွေးမှုများကို ပုံမှန်ဖြစ်စေရန် အများပြည်သူကို စည်းရုံးလှုံ့ဆော်မှုများ။
၆။ စောင့်ရှောက်သူများအား စောင့်ရှောက်ခြင်း – ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ဒဏ်ရာမှ ကာကွယ်မှုရရှိစေရန် သေချာစေခြင်း။
လုပ်ဆောင်ရန်တိုက်တွန်းခြင်းနှင့် တာဝန်ဝတ္တရား အတူတကွ ထမ်းဆောင်ခြင်း
၂၀၂၅ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့တွင် စိတ်ကျန်းမာရေးသည် လူတိုင်း၏ တာဝန်ဝတ္တရားဖြစ်သည်ဟူသောအချက်ကို သတိရစေပါသည်။ အစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကျောင်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူ့အသိုင်းအဝိုင်းများနှင့် မိသားစုများသည် အတူတကွ လုပ်ဆောင်ရန် လိုအပ်ပါသည်-
• အစိုးရ – စိတ်ကျန်းမာရေးအတွက် ဘတ်ဂျက်ခွဲဝေမှုတိုးမြှင့်ခြင်း၊ အရေးပေါ်အစီအစဉ်အားလုံးတွင် MHPSS ကို ထည့်သွင်း ခြင်း။
• လူ့အသိုင်းအဝိုင်းများ – မျှဝေရန် အရှက်တကွဲအကျိုးနည်းမှုကင်းသော လုံခြုံသည့်နေရာများ ဖန်တီးခြင်း။
• လူငယ်များ – အသံထွက်ပြောဆိုခြင်း၊ အချင်းချင်းပံ့ပိုးကူညီခြင်းနှင့် တိတ်ဆိတ်မှုကို ချိုးဖျက်ခြင်း။
• အပြည်ပြည်ဆိုင်ရာမိတ်ဖက်များ – အရင်းအမြစ်များ၊ နည်းပညာဆိုင်ရာကျွမ်းကျင်မှုနှင့် စည်းရုံးလှုံ့ဆော်မှုများပေးခြင်း။
စိတ်ကျန်းမာရေးသည် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တစ်ခုတည်း သာမက၊ လူမှုရေးနှင့် စီးပွားရေး ဦးစားပေးကိစ္စရပ်လည်း ဖြစ်ပါသည်။ စိတ်ဒဏ်ရာများ ကောင်းကောင်းကျက်သောအခါ လူ့အဖွဲ့အစည်းများ ပြန်လည်ထူထောင်နိုင်လာကြပါသည်။
လူငယ်စိတ်ကျန်းမာ၊ အနာဂတ်ချမ်းသာ
အရေးပေါ်အခြေအနေများသည် လူသားတို့၏ ဒဏ်ခံနိုင်မှုကို စမ်းသပ်သည်။ သို့သော် ၎င်းတို့သည် ပိုမိုအားကောင်းပြီး ပိုမိုကရုဏာ ရှိသောစနစ်များကို ပြန်လည်ထူထောင်ရန် အခွင့်အလမ်းကိုလည်း ပေးပါသည်။ မြန်မာနိုင်ငံအတွက် လူငယ်စိတ်ကျန်းမာရေးကို ကာကွယ်ခြင်းသည် ၎င်းတို့၏အနာဂတ်ကို စောင့်ရှောက်ရန်အတွက် အရေးကြီးပါသည်။ သို့ပါ၍၂၀၂၅ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့တွင် ပြည်သူအပေါင်းနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးတို့သည် စိတ်ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ တိုးတက်မြင့်မားလာရေးအတွက် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
Reference
၁။ Charlson F, et al. (2019). New WHO prevalence estimates of mental disorders in conflict settings: a systematic review and meta-analysis. Lancet.
၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO). (2025). Mental health in emergencies. Fact Sheet.
၃။ World Federation for Mental Health (WFMH). (2025). WMHD 2025 Document: Access to Service: Mental Health in Catastrophes and Emergencies.
၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာ. (2016). Myanmar Global School-based Student Health Survey (GSHS) Report.
၅။ UNICEF. (2025). Mental Health and Psychosocial Support in Emergencies.
၆။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး. (2024). Global Humanitarian Overview 2025.
၇။ London School of Hygiene & Tropical Medicine (LSHTM). (2025). War, displacement and disaster: The mental health toll on girls in Myanmar.


