နန္ဒာဝင်း
လူ့ကိုယ်ခန္ဓာတွင် ဆဲလ်များ၊ ကလာပ်စည်းများသည် ပုံမှန်နေ့စဉ်ပွားများနေပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးထားသည်မှာ ကိုယ်ခံအားစနစ်ဖြစ်သည်။ ဆဲလ်တစ်ခုသည် ပုံမှန်မှ ကင်ဆာဆဲလ်ဖြစ်သွားပါက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ဖြစ်သော ဆဲလ်များက တိုက်ထုတ်လိုက်သည်။ ထို့ကြောင့် ကိုယ်ခံအားကောင်းသည့်သူများတွင် ကင်ဆာဆဲလ်များ သေဆုံးသွားသဖြင့် ကင်ဆာရောဂါမဖြစ်ပွားခြင်း ဖြစ်သည်။ ကိုယ်ခံအားကျဆင်းသွားပါက ခန္ဓာကိုယ်၏ ခုခံအားစနစ်ချို့တဲ့သွားပြီး ကင်ဆာဆဲလ်များ တဖြည်းဖြည်းပွားလာကာ နောက်ဆုံးတွင် ထိန်းမနိုင်၊ သိမ်းမရ အကျိတ်၊ အခဲများဖြစ်လာကာ ကင်ဆာရောဂါဟူ၍ ဖြစ်လာသည်။ ကင်ဆာရောဂါကို မြစ်ပွားနာဟုလည်း ခေါ် ကြသည်။
ကင်ဆာရောဂါသည် သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သည့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားခြင်း၊ စားသောက်နေထိုင်မှု၊ အန္တရာယ်ရှိသည့် အစားအသောက်များကြောင့် ဖြစ်ပွားခြင်းနှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပွားခြင်းစသည့် အကြောင်းအရင်း သုံးခုပေါ်တွင် အခြေခံ၍ ဖြစ်ပွားတတ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၁၈ ဒသမ ၁ သန်း ဖြစ်ပွားခဲ့ပြီး ၉ ဒသမ ၆ သန်း သေဆုံးခဲ့ကြောင်း၊ မြန်မာ နိုင်ငံတွင် ၂၀၁၈ ခုနှစ်စာရင်းများအရ ကင်ဆာ ရောဂါဖြစ်ပွားသူ ၆၉၅၅၄ ဦးရှိခဲ့ပြီး ၅၁၀၅၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ကင်ဆာရောဂါက ကမ္ဘာမှာ သေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်ပါတယ်။ သုတေသန ပြုချက်တွေအရ အမျိုးသားငါးယောက်မှာ တစ်ယောက်၊ အမျိုးသမီးခြောက်ယောက်မှာ တစ်ယောက် ဖြစ်ပွားနေပါတယ်။ ကင်ဆာကြောင့် အမျိုးသားရှစ်ယောက်မှာ တစ်ယောက် သေဆုံးပြီး အမျိုးသမီး ၁၁ ယောက်မှာ တစ်ယောက်သေဆုံးတယ်လို့လည်း သိရပါတယ်” ဟု စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောသည်။

ကင်ဆာရောဂါဖြင့် သေဆုံးသူများ၏ ရာခိုင်နှုန်း ၇၀ သည် ဝင်ငွေနိမ့်ကျသူ၊ ဝင်ငွေအလယ် အလတ်ရှိသူများဖြစ်ကြောင်း၊ ကင်ဆာရောဂါသည် ဆေးလိပ်သောက်သူများတွင် အဖြစ်အများဆုံး၊ အရက်သောက်သူများတွင် ဒုတိယ၊ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသူများတွင် ဖြစ်တတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) က ထုတ်ပြန်ထားသည်။ WHO ၏ အစီရင်ခံစာတွင် ဆေးလိပ်သောက်သူများသည် မသောက်သူများထက် အဆုတ်ကင်ဆာဖြင့် သေဆုံးနိုင်ခြေ ၂၅ ဆ ပိုမိုများပြားပြီး ကင်ဆာရောဂါဖြင့် သေဆုံးမှုသုံးခုတွင် တစ်ခုသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ဆေးလိပ်ငွေ့မှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း ၇၀ နီးပါး ပါဝင်တယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်သူတွေဟာ ကိုယ်တိုင် ဆေးလိပ်သောက်သုံးသူတွေနည်းတူ ရောဂါ ရရှိစေပါတယ်။ ကင်ဆာရောဂါကြောင့် သေဆုံးသူတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကိုယ်တိုင်ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲသူ မဟုတ်ဘဲ အခြားသူ သောက်သုံးတဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိလို့ ဖြစ်ကြရပြီး အဲဒီအထဲက ၇၅ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်နေတာ ဝမ်းနည်းစရာ ကောင်းလှပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောသည်။
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သွေးကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုထိပ်ကင်ဆာနှင့် အစပြွန်ကင်ဆာများ ဖြစ်ပွားစေတတ်ကြောင်း သိရသည်။ ထို့အပြင် နေ့စဉ်စားသုံးနေသည့် လက်ဖက်၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငါးပိ၊ ပုစွန်ခြောက်၊ မျှစ်၊ ပဲဝါ၊ ဆော့အမျိုးမျိုး၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ အချိုရည်၊ ဝေဖာ၊ ဂျယ်လီ၊ ဆီးထုပ်တို့တွင် အန္တရာယ်ရှိသည့် ဆိုးဆေးများပါဝင်သည့်အတွက် အသည်းကင်ဆာ ဖြစ်စေနိုင်ကြောင်း၊ ဒေသချက် အရက်များတွင် ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရော်ဘာ၊ မက်သနော စသည့်ဓာတုပစ္စည်းများ ပါဝင်သည့်အတွက် အသည်းကင်ဆာနှင့် အစာအိမ် ကင်ဆာများ ဖြစ်စေနိုင်ကြောင်း သိရသည်။
“ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ လိမ္မော်သီး စတဲ့အသီးအနှံတွေမှာ မှည့်ဆေးတွေ ဖျန်းထား၊ စိမ်ထား၊ တာရှည်ခံဆေးတွေ စီမံထားတဲ့အတွက် ကင်ဆာရောဂါကို ဖြစ်ပွားစေပါတယ်။ အသီးအရွက်တွေမှာလည်း အတိုင်းအဆမရှိ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးထားတဲ့အတွက် ကင်ဆာဖြစ်စေပါတယ်။ ညိုမည်းနေတဲ့ ပြန်ကြော်ဆီတွေနဲ့ ကြော်ထားတဲ့ စမူဆာ၊ အီကြာကွေး၊ ပလာတာတွေကလည်း ရေရှည်စားမိရင် အသံအိုးကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေ ဖြစ်စေပါတယ်။ အကင်တွေ၊ အေးခဲအသားတွေဟာ တာရှည်ခံဆေးတွေနဲ့ အအေးခန်းထဲ ကြာရှည်ထားလို့ ဓာတ်တိုးမှုဖြစ်စေတဲ့အတွက် ကင်ဆာရောဂါဖြစ်စေပါတယ်။ အချဉ်ရည်အဖြစ် အသုံးပြုနေကြတဲ့ ငရုတ်ဆီတွေမှာလည်း ဆာလဖျူရစ်အက်စစ် အခြေခံသုံးထားလို့ စားပါများရင် အစာအိမ် ကင်ဆာဖြစ်စေပါတယ်” ဟု ပညာရှင်များက ဆိုကြသည်။
“ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည်တွေမှာ ယူရီးယားဓာတ်မြေသြဇာထည့်တာ၊ ပိုးမတက်၊ ယင်မနားအောင် ယင်ဆေးခဲတွေ သုံးတာ၊ ပဲပြား၊ မုန့်ဖတ်တွေကို ကြာရှည်ခံအောင် ဖော်မလင် သုံးတာ၊ ပြန်ကြော်ဆီတွေကို ဓာတုဆေးနဲ့ အရောင်ချွတ် ပဲဆီနံ့ထွက်အောင်လုပ်ပြီး ရောင်းချနေတာ၊ ငါးမုန့်၊ အာလူးချောင်းကြော်တွေကို ပြန်ကြော်ဆီတွေနဲ့ ကြော်တာ၊ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ကို ပလတ်စတစ်ခွက်နဲ့ခပ်၊ ပလတ်စတစ်အိတ်နဲ့ ထည့်တာ၊ တစ်ဖက်နိုင်ငံ ကုန်တိုက်ကြီးတွေက စွန့်ပစ်လိုက်တဲ့ သက်တမ်းလွန် စားသောက်ကုန်နဲ့ အချိုရည်တွေကို ရက်စွဲခွာပြီး ရောင်းချနေတာ၊ ဆေးဝါးအတုတွေ ရောင်းချတာ၊ တာရှည်ခံစားသောက်ကုန်၊ စည်သွပ်ဘူး၊ အချိုရည်၊ အသင့်ထုပ်ပိုး အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီတဲ့ နေထိုင်စားသောက်မှု ပုံစံတွေဟာ ကျွန်တော်တို့ တစ်မျိုးသားလုံးကို ကင်ဆာဘေးဆိုးဆီ တွန်းပို့နေတာဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောသည်။
ဆင်းရဲမွဲတေမှုကြောင့် ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကို ရွေးချယ်စားသုံးခြင်း မပြုနိုင်ဘဲ ဈေးပေါသည်များကိုသာ စားသုံးနေကြရသည်။ နေ့စဉ်စားသုံးနေသည့် အစားအစာများသည် အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်ရမည့်အစား ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာများကို စားသုံးနေရသည်က များနေသည်။
“ကျွန်မတို့ နေ့စဉ်စားသုံးနေရတဲ့ အစားအစာတွေဟာ အသက်ရှည်ရာ အနာမဲ့ကြောင်း ကောင်းမြတ်တဲ့ အစားအစာတွေ ဖြစ်ရမယ့် အစားအဆိပ်သင့်တဲ့ အစားအစာတွေကို စားနေကြရတာဖြစ်ပါတယ်။ လူတွေရဲ့ ဝိသမလောဘတွေကြောင့် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်လာပြီး မိမိငွေရဖို့ အဓိက။ စားသုံးသူရောဂါရတာ၊ မရတာ ကိုယ်နဲ့မဆိုင်ဘူး ဆိုတဲ့ လုပ်ရပ်တွေကို ဥပဒေနဲ့ အညီ ထိရောက်စွာ တားဆီးကာကွယ်ဖို့ လိုပါတယ်” ဟု ရင်သားကင်ဆာကြောင့် ရင်သား တစ်ဖက်ဖြတ်ထုတ်ထားရသူ ဒေါ်မိုးမိုးခိုင်က ပြောသည်။
ရင်သားကင်ဆာဟု စောစီးစွာသိသည့်အတွက် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ကုသနေကာ ဆေးသွင်းနေရသည်မှာ သုံးနှစ်နီးပါးရှိနေပြီး ငါးနှစ်အထိ ဆက်လက်ဆေးကုသမှု ခံယူရမည်ဟုလည်း သိရသည်။ ကင်ဆာရောဂါကို ကုသခဲ့ရသဖြင့် ငွေကြေးကုန်ကျမှုစရိတ် များပြားသော်လည်း အသက်ဆက်လက် ရှင်သန်ခွင့်ရရှိသည် ကပင် ဘုရား၊ တရားဂုဏ်ကျေးဇူးကြောင့်ဟု မှတ်ယူကြောင်း ၎င်းက ဆိုသည်။
လူနေမှုပုံစံ ၊ ပတ်ဝန်းကျင်နှင့် စားသောက်မှု ပုံစံများ ပြောင်းလဲလာမှုကြောင့် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးတွင် ကင်ဆာရောဂါ ဖြစ်ပွားသူများပြားလျက်ရှိရာ စေတုတ္တရာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က နိုင်ငံအဝန်းတွင် စိုးရိမ်ဖွယ် မြင့်မားစွာဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါဆိုးအား ဖြစ်ပွားမှုလျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ထိရောက်စွာ အသိပညာပေး တားဆီးကာကွယ်စောင့်ရှောက် ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက “ ယနေ့ ၂၁ ရာစု မှာ Non Communicable Disease လို့ ခေါ်တဲ့ မကူးစက်နိုင်တဲ့ ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာ သေဆုံးမှု အများဆုံးရောဂါဖြစ် လာပါတယ်။ အဲဒီအထဲမှာ ကင်ဆာရောဂါဟာ သေဆုံးမှုအများဆုံးဖြစ်ပြီး လူ့ဘဝသက်တမ်း တိုးတက်လာရေးကို အရေးကြီးဆုံးအဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ WHO ရဲ့ ခန့်မှန်းချက်အရ ကင်ဆာရောဂါကြောင့် အသက် ၇၀ မတိုင်မီ သေဆုံးမှုတွေဟာ ကမ္ဘာ့နိုင်ငံများ အနက် ၉၁ နိုင်ငံမှာ ပထမအများဆုံးဖြစ်နေပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုတွေရဲ့ ၆၇ ရာခိုင်နှုန်းဟာ အသက် ၃၅ မှ ၆၄ နှစ်ကြား အရွယ်တွေဖြစ်ပြီး ကင်ဆာ ဝေဒနာရှင်တွေရဲ့ ထက်ဝက်ခန့်ကလည်း ရောဂါကျွမ်းမှ ကင်ဆာရောဂါဖြစ်နေတာကို သိရှိကြပါတယ်။ ကင်ဆာရောဂါကြောင့် နှစ်စဉ်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆ ထရီလီယံ ကုန်ကျနေပြီး ကင်ဆာရောဂါဖြစ်ပွား မှုဟာ ၂၀၃၅ ခုနှစ်မှာ လက်ရှိ ၁၈ ဒသမ ၁ သန်းထက် နှစ်ဆတိုးလာမယ်လို့ ခန့်မှန်းထား ါတယ်” ဟု ဦးကျော်အောင်လွင် တင်သွင်းသည့်အဆိုကို အကြံပြုဆွေးနွေးသည်။
ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး က ကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေရန်အတွက် ဖြစ်ပွားစေသော အကြောင်းအရင်းများစွာကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန် နိုင်ငံတော်အစိုးရမှ သက်ဆိုင်ရာ ဥပဒေများအတိုင်း ပညာပေးကာလ သတ်မှတ်၍ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများကို သေချာစွာ အရေးယူ ဆောင်ရွက်နိုင်ရန်မှာ အလွန်အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကဲ့သို့ ကင်ဆာဖြစ်ပွားနိုင်သော အကြောင်းရင်းများကို ဖယ်ရှားနိုင်သည့် အခြားဥပဒေများကိုလည်း ထိရောက်စွာ ကျင့်သုံးနိုင်စေရန် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးမည်ဆိုပါက ဥပဒေနှင့်အညီ ကင်ဆာရောဂါအား ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံအဝန်းတွင် စိုးရိမ်ဖွယ်မြင့်မားစွာ ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါဆိုးအား ဖြစ်ပွားမှု လျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ထိရောက်စွာ အသိပညာပေး တားဆီး ကာကွယ် စောင့်ရှောက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ခရမ်းမဲဆန္ဒနယ် မှ ဒေါက်တာအေးမင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်နှင့် ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးမြင့်သိန်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြသည်။
အဆိုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချရန် ရောဂါ၏ ကနဦးလက္ခဏာများကို ပြည်သူလူထု သိရှိသဘောပေါက်ရန် မီဒီယာများမှ အသိပညာ ပေးခြင်း၊ ကြိုတင်ကာကွယ်သည့် နည်းလမ်းများကို ဖော်ပြထားပေးခြင်း၊ ဖြစ်ပွားပါက ကုသပေး ခြင်းတို့ကိုလည်း ဆေးဝါး၊ ဓာတ်ရောင်ခြည်၊ အခြားကုသနည်းများဖြင့် ဘဏ္ဍာငွေခွင့်ပြုထားသော ဘတ်ဂျက်၊ လူအင်အားတို့ပေါ်မူတည်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကင်ဆာရောဂါဖြစ်ပွားမှု လျှော့ချရန် ဥပဒေဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ နယ်စပ်မှ ကင်ဆာ ဖြစ်စေသော အစားအသောက် ၊ ပိုးသတ်ဆေးများမှ အစ သွင်းကုန်တို့ကို စနစ်တကျ စစ်ဆေးတားမြစ်နိုင်ရေး၊ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေးတို့အတွက် ညွှန်ကြားဆောင် ရွက်လျက်ရှိပါကြောင်း၊ ကင်ဆာရောဂါဆိုးဖြစ်ပွားမှုကို လျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ ပညာပေး တားဆီးကာကွယ်စောင့်ရှောက်ရန် အဆိုအား လွှတ်တော်မှ အတည်ပြုပေးရန် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကာ လွှတ်တော်က အတည်ပြုခဲ့သည်။
ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ကင်ဆာရောဂါ ဖြစ်ပွားစေသော ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အစားအသောက်၊ နေထိုင်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အိမ်တွင်းမီးခိုးငွေ့များ ကင်းစင်ခြင်းစသည်ဖြင့် ပညာပေးခြင်း၊ လှုံ့ဆော်ခြင်းတို့ကို ဆက်နွှယ်သည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်ကုထုံးကဲ့သို့ ကင်ဆာကုထုံးသစ်များ၊ ဆေးဝါးများကို ပြည်သူလူထု လက်လှမ်းမီစေရန် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေမည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်ရန်လည်း လိုအပ်လှသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀ဝ၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ဥပဒေတွင် အများ ပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၊ အဆောက်အအုံများ၊ အလုပ်နေရာများ၊ ယာဉ်၊ ရထားများ၊ အနားယူအပန်းဖြေရာ နေရာများကို ဆေးလိပ် မသောက်ရနေရာများ သတ်မှတ်ထားရှိသည်။
ထိုကဲ့သို့ ဆေးလိပ်မသောက်ရနေရာများ သတ်မှတ်ထားသော်လည်း ပြည်သူများ လိုက်နာမှု အားနည်းနေသေးသဖြင့် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့ဖော်ဆောင်သင့်ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေများ ပိုမိုလွှမ်းခြုံနိုင်အောင်၊ ဥပဒေအမှန်တကယ် အကျိုးသက်ရောက်အောင် ဖော်ဆောင်သင့်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ထိရောက်သဖြင့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံများ၊ ရောဂါဘယများနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် သင့်ကြောင်း ပြောကြသည်။
“အဖြစ်များတဲ့ ကင်ဆာရောဂါရဲ့ သုံးပုံ တစ်ပုံဟာ ကာကွယ်လို့ ရပါတယ်။ ကာကွယ် တားဆီးခြင်း၊ စောစီးစွာ ရှာဖွေစမ်းသပ်ခြင်း၊ ကုသမှုခံယူခြင်းကြောင့် လူ့အသက် ၃ ဒသမ ၇ သန်းအထိ နှစ်စဉ်ကယ်တင်နိုင်တယ်လို့ ဆိုကြပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောသည်။
ကင်ဆာရောဂါ ခံစားရပြီဆိုပါက ငွေကြေး ကုန်ကျမှုများကြောင့် စီးပွားရေးအရ ဝန်ထုပ် ဝန်ပိုးဖြစ်လာနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာများဖြစ်သော စိုးရိမ်ပူပန်ခြင်း၊ ကြောက်လန့်ခြင်းနှင့် စိတ်ကျရောဂါများပါ ပူးတွဲခံစားရနိုင်သည်။ နိုင်ငံတော်အတွက်လည်း ကျန်းမာရေးအသုံး စရိတ်များ ပိုမိုသုံးစွဲရခြင်း၊ ကုန်ထုတ် စွမ်းအားစုများ ကျဆင်းခြင်းတို့ကြောင့် စီးပွားရေးဝန်ထုပ်ဝန်ပိုးတွင် ဖြစ်လာနိုင် ည်။
“အသက်ကို ဉာဏ်ပညာနဲ့ စောင့်ရှောက်ကြရမှာပါ။ ဂျပန်အစိုးရက သူ့နိုင်ငံသားတွေအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ စားသောက်ကုန်တွေကိုသာ တင်သွင်းရောင်းချခွင့်ပြုတာပါ။ နိုင်ငံသားတွေ ကျန်းမာရေး ဆိုးကျိုးဖြစ်စေနိုင်တဲ့ စားသောက်ကုန်တွေကို လုံးဝတင်သွင်းခွင့် မပြုဘဲ အထူးစိစစ်ကြပ်မတ်ပါတယ်။ ဂျပန်နိုင်ငံသားတွေ ကျန်းမာအသက်ရှည်တာဟာ လှုပ်လှုပ်ရှားရှားအလုပ်လုပ်တဲ့ ဘဝနေနည်း၊ ကျန်းမာရေး အသိမြှင့်ဖို့ လေ့လာမှု၊ စိမ်းလန်းတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ နေထိုင်မှု၊ ပင်လယ်ငါး၊ ပင်လယ်စာနှစ်သက်စားသုံးမှု၊ ဆီနဲ့ အငန်လျှော့စားမှု၊ ကျန်းမာရေးကို အစိုးရက မူဝါဒဦးစားပေးဖြင့် သတ်မှတ်ထားမှုတွေကြောင့် ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော် အောင်လွင်က ပြောသည်။
“ကမ္ဘာအဝန်း စိုးရိမ်ဖွယ် ဖြစ်ပွားနေတဲ့ ကင်ဆာရောဂါဘေးဆိုးက နိုင်ငံသူ နိုင်ငံသားတွေ ကင်းလွတ်ပြီး သက်ရှည်ကျန်းမာရောဂါ ကင်းဝေးဖို့ ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ ကိစ္စရပ်တွေကိုလည်း ဥပဒေနဲ့အညီ ထိရောက်အောင် အသိပညာပေး တားဆီးကာကွယ် စောင့်ရှောက်နိုင်ဖို့ အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ အားလုံး ပူးပေါင်းပါဝင်ကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


