၆ မေ
ခရီးတစ်ခုသွားတယ်ဆိုတာက တာဝန်အရသွားတာလား၊ မရောက်ဖူးလို့ ရောက်ဖူးအောင်သွားတာလား၊ တစ်ကြိမ်တစ်ခါရောက်ခဲ့ဖူးတဲ့ နေရာတစ်ခုကို နောက်တစ်ကြိမ်သွားရောက်လိုတဲ့ဆန္ဒနဲ့လား၊ အကြောင်းအရာတစ်ခုအတွက် အသေးစိတ်လေ့လာဖို့သွားတာလား၊ အခြားသောအကြောင်းပြချက်တွေနဲ့ သွားတာလားဆိုတဲ့ သွားရခြင်းအကြောင်းများစွာ ရှိနေပါလိမ့်မယ်။
ဘယ်လိုအကြောင်းနဲ့ပဲသွားသွား၊ သွားရခြင်းရဲ့ရည်ရွယ်ချက်၊ ရရှိတဲ့အချိန်တွေအပေါ်မူတည်ပြီး နောက်တစ်ကြိမ်ပြန်သွားဖြစ်တဲ့ ခရီးမျိုးလည်းရှိတတ်ပါတယ်။ အခုပြောနေတာကတော့ လေ့လာရေးဘက်ကိုများများပါတဲ့ ခရီးအတွက်ကို ဆိုလိုတာပါ။
ဒုတိယမ္ပိ ခြေဦးလှည့်
မိသားစုအပန်းဖြေခရီးမှာတော့ ကုသိုလ်ရေးနဲ့ဆိုင်တဲ့ ဘုရားဖူးတာမျိုး၊ တစ်နယ်တစ်ကျေးမှာရှိနေကြတဲ့မိဘ၊ ဘိုးဘွား၊ ဆွေမျိုးသားချင်းတွေကို ဂါရဝပြုတွေ့ဆုံတာမျိုး၊ ထူးခြားဆန်းပြားပြီး သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်တွေရှိတဲ့နေရာတွေကို သွားရောက်ကြတာမျိုး၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့ အမျိုးသားအမွေအနှစ်နေရာတွေကို လေ့လာတာမျိုးလို ရည်ရွယ်ချက်မျိုးစုံ ရောပြွမ်းနေတတ်ပါတယ်။
အဲဒီအထဲက လေ့လာရေးနဲ့ဆိုင်တဲ့ နေရာတွေကိုရောက်တဲ့အချိန်မှာတော့ သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းတွေ၊ ရာဇဝင်ကြောင်းအရ အချက်အလက်တွေ၊ ဒဏ္ဍာရီဆန်တဲ့ပါးစပ်ရာဇဝင်တွေက အတိတ်အကြောင်း အရာတွေကို လေ့လာနေဆဲ ပစ္စုပ္ပန်အတွက် ပိုမိုအသက်ဝင်စိတ်ဝင်စားစေတယ်လို့ ခံစားရလေ့ရှိပါတယ်။ ဒီလိုခံစားချက်ကြောင့်ပဲ စလေဒေသကို ဒုတိယမ္ပိခြေဦးလှည့်ခဲ့မိပြန်ပါတယ်။
ဆိုခဲ့တဲ့အတိုင်းပါပဲ။ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်းမှာရှိတဲ့ စလေမြို့ကို မိသားစုနဲ့ပထမအခေါက်ရောက်တုန်းက စလေပန်းပုရုပ်စုံကျောင်းနဲ့ စာဆိုကြီးစလေဦးပုညအကြောင်း လေ့လာဖို့ပဲရည်ရွယ်ခဲ့ပါတယ်။ အချိန်ကလည်း အဲဒီနှစ်ခုအတွက်ပဲ တွက်ချက်ပြီးပေးခဲ့တာဆိုတော့ စလေမှာရှိတဲ့ ကျန်တဲ့အကြောင်းအရာတွေလေ့လာဖို့ အချိန်မရခဲ့ဘူးဖြစ်ပါတယ်။ ဒါတောင် ပေးထားတဲ့အချိန်အတွင်းမှာ ရုပ်စုံကျောင်းကိုလေ့လာရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ ဦးပုညနဲ့သက်ဆိုင်တဲ့ အမှတ်အသားနေရာတွေကို မရောက်ဖြစ်ခဲ့ရတာကိုလည်း မကျေနပ်နိုင်ခဲ့ပါဘူး။
ပုဂံခေတ်ယဉ်ကျေးမှုများတည်ရှိရာ
တကယ်တော့ စလေမြို့ဟာ ပုဂံခေတ်ယဉ်ကျေးမှုများတည်ရှိရာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။ အချို့သောရှေးဟောင်းသုတေသနတွေရဲ့ အဆိုအရ ပျူခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့နေရာလို့လည်း ယူဆ ကြတာတွေ့ရပါတယ်။ စလေမြို့ကို ဒုတိယအကြိမ်ရောက်ရှိလေ့လာဖြစ်ခဲ့တဲ့ အစီအစဉ်အတိုင်း တင်ပြသွား လိုတာကြောင့် ဒီအကြောင်းကိုတော့ နောက်ပိုင်းမှာ တင်ပြပေးသွားပါမယ်။ အခုတင်ပြချက်ကို ရှေးဟောင်း သုတေသနတစ်ဦးရဲ့ အမြင်နဲ့မဟုတ်ဘဲ သာမန်ခရီးသွား လေ့လာသူတစ်ယောက်အနေနဲ့ပဲ တင်ပြသွားမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ စာရေးသူဟာ သာမန်ခရီးသွားတစ်ယောက်မျှသာ ဖြစ်နေလို့ပါပဲ။
စလေဟောက်စ်(Salay House)
စလေမြို့ဟောင်းရပ်ကွက်မှာရှိတဲ့ ရှေးတိုက်အိမ်ကြီးတစ်အိမ်ကို ခရီးသွားလုပ်ငန်းအတွက် အသုံးပြု ထားတဲ့နေရာဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ တိုက်အိမ်ကြီးကို မြို့ခံလူငယ်ဆရာဝန်တစ်ဦးက မူလပိုင်ရှင်တွေထံမှ ဝယ်ယူပြီး ပြည်တွင်း၊ ပြည်ပခရီး သွားများအတွက် တည်းခိုနေထိုင် စားသောက်နိုင်ရေးနဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။
ပိုင်ရှင်ဆရာဝန်ဇနီးမောင်နှံက ထိုအိမ်ကြီးရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို လိုက်လံပြသရင်း ရာသီဥတုဒဏ်ခံနိုင်ရေးနဲ့ လုံခြုံရေးအတွက် ရှေးလူတွေ ဘယ်လိုတည်ဆောက်ခဲ့ကြတယ်ဆိုတာကို ရှင်းပြပါတယ်။ စလေမြို့ဟာ မြန်မာမင်းတွေလက်ထက်တုန်းက အချက်အချာကျတဲ့ ကုန်သွယ်ရေးမြို့ဖြစ်ခဲ့ပြီး မင်းပေါက် စိုးပေါက် သူဌေးသူကြွယ်ကြီးတွေ အခြေချခဲ့တဲ့မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ အုပ်ချုပ်မှုအာဏာ လျော့နည်းပျက်ပြားတဲ့အချိန်တွေမှာ စလေမှာရှိတဲ့ သူဌေးသူကြွယ်ကြီးတွေရဲ့အိမ်ဟာ ဓားပြတိုက်ခံရလေ့ရှိပါတယ်။ ဒါနဲ့ဆက်စပ်ကြည့်ရင် စလေဟောက်စ်ပိုင်ရှင်ဇနီးမောင်နှံရှင်းပြတဲ့ အချက်တွေဟာ သဘာဝကျတယ်လို့ပြောနိုင်ပါတယ်။ အဲဒီဇနီးမောင်နှံဆီကပဲ စလေမှာလေ့လာသင့်တဲ့နေရာတွေကို သိခွင့်ရခဲ့ပြန်ပါတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို မြေပုံနဲ့တကွပြောပြလို့ သူတို့လမ်းညွှန်တဲ့အတိုင်း ခရီးဆက်ဖြစ်ခဲ့ပါတယ်။
ရှင်ပင်စာကြိုလှဘုရားကြီး
စလေမြို့ရဲ့တောင်ဘက် လေးမိုင်အကွာမှာရှိပါတယ်။ အေဒီ ၁၂ ရာစု နှောင်းပိုင်း သက္ကရာဇ် ၁၁၉၁ ခုနှစ် ပုဂံဘုရင် နရပတိစည်သူမင်းကြီးကောင်းမှု ဖြစ်ပါတယ်။ အလတ်စားဘုရားတစ်ဆူဖြစ်ပြီး ဒေသအခေါ် “စကျိုလှဘုရား”လို့ ခေါ်ပါတယ်။ အရှေ့ဘက် မုခ်ဦးအဝင်စောင်းတန်း မျက်နှာကြက်ခါးပန်းတစ်လျှောက်မှာ နံရံဆေးရေးပန်းချီတွေနဲ့ အင်္ဂတေ ပန်းတော့လက်ရာ အပြောက်အမွမ်းတွေကို အနုစိတ်ခြယ်မှုန်းထားတာကို တွေ့ရပါတယ်။ ပုဂံခေတ်ဂူအလတ်စားဘုရားတွေကို “ဘုရားလှ”လို့ ခေါ်ကြတာနဲ့ အင်္ဂတေပန်းတော့ အနုလက်ရာတွေရဲ့ အလှအပကိုပေါင်းစပ်ပြီး ဘုရားရဲ့ဘွဲ့တော်မှာ “လှ”ဆိုတဲ့ ဝိသေသ စကားလုံးကို ထည့်သွင်းသတ်မှတ်ခဲ့ကြတာလို့ မှတ်သားရပါတယ်။
ဂန္ဓကုဋီတိုက်အတွင်းမှာ စကျိုလှဘုရားကြီးကို ထိုင်တော်မူအနေအထားနဲ့ သပ္ပာယ်စွာဖူးမြော်ကြည်ညို ရပါတယ်။ ဂန္ဓကုဋီတိုက်ရဲ့မြောက်ဘက် ဇာပြတင်းအနီးမှာတော့ နှစ်မျက်နှာကျောက်စာနဲ့ တစ်မျက်နှာကျောက်စာ တစ်ချပ်စီရှိတာတွေ့ရပါတယ်။ ဘုရားရင်ပြင်မှာရှိတဲ့ အာရုံခံတန်ဆောင်းတွေရဲ့ ကျွန်းတိုင်တွေမှာ ရွှေပိန်းချထားတာ တွေ့ရပါတယ်။ ဘုရားတံတိုင်းအပြင်ဘက်မှာတော့ သစ်သားခြေတံရှည်ဇရပ်ပေါင်း ၆၀ လောက်ရှိတာ တွေ့ရပါတယ်။ ရွာခံတစ်ဦးကို ဇရပ်တွေ ဒီလောက်များနေရတဲ့အကြောင်းမေးကြည့်တော့ တန်ခိုးကြီးဘုရားဖြစ်တာကြောင့် နှစ်စဉ်ဝါဝင်ဝါထွက်တွေမှာ ဗုဒ္ဓပူဇနိယပွဲတွေပြုလုပ်လေ့ရှိပြီး လာရောက်ကြတဲ့ ဘုရားဖူးပရိသတ်က ဇရပ်နဲ့တောင် မကာဘူးလို့သိရပါတယ်။
ဘုရားသမိုင်းကိုပြန်လေ့လာတော့ ပံ့သကူမဟာထေရ်ရဲ့ အမိန့်တော်အရ အလောင်းစည်သူမင်းကြီးဟာ ဘုရားလှငါးဆူကို တည်ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို မှန်နန်းမဟာရာဇဝင်တော်ကြီးမှာ ဖော်ပြ ထားတာလည်းတွေ့ရပါတယ်။ အဲဒီဘုရားငါးဆူကတော့ ချောက်ဘုရားလှ(ညောင်ဦး)၊ မြေပုံသာဘုရားလှ(ပုဂံ-ရွှေဆံတော်အနီး)၊ ကန်စွန်းဘိုးဘုရားလှ(မင်းနန်သူ-အရှေ့ဖွားစောရွာအနီး)၊ သိကြားတောင်ဘုရားလှ(တုရင်တောင်-တောင်စွန်း)နဲ့ စကျိုဘုရားလှ(စလေမြို့တောင်ဘက် လေးမိုင်အကွာ)တို့ပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ စလေမြေက ပုဂံအငွေ့အသက်မကင်းဘူးဆိုတဲ့အချက်ကို ပေါ်လွင်စေလိုတာပါ။
ရှင်ပင်လာဘ “မံ”ဘုရား
မံဘုရားဆိုတာကတော့ ဘုရားဆင်းတုပြုလုပ်ရာ ကထွက်ရှိလာတဲ့ လွှစာသစ်စတွေနဲ့ အလေးအမြတ်ထားတဲ့ သင်္ကန်းအဝတ်အထည်တွေကို သစ်စေးသရိုးနယ်ပြီး ပြုလုပ်ထားတဲ့ ဆင်းတုတော်ပဲဖြစ်ပါတယ်။ “စလေတွင်မံ၊ ပုဂံတွင်ဘုရား၊ ပခန်းတွင် ကျောင်း”ဆိုတဲ့စကားအတိုင်း စလေက ရှင်ပင်လာဘ “မံ” ဘုရားကတော့ မြန်မာနိုင်ငံမှာ အကြီးဆုံး မံဆင်းတုတော်ကြီးဖြစ်တယ်လို့ သိရပါတယ်။ ဘုရားကြီးရဲ့ ပုံပန်းသ္ဌာန်က ပုဂံခေတ် ၁၃ ရာစုလက်ရာလို့ မှတ်တမ်းပြုထားတာကို တွေ့ရပါတယ်။
ဘုရားသမိုင်းအကျဉ်းမှာ ဖော်ပြထားချက်အရ ဆင်းတုတော်ကြီးရဲ့ ဉာဏ်တော်အမြင့် ၁၈ ပေ၊ ဒူးတော်ပိုင်းဗြက် ၁၄ ပေ ၆ လက်မ၊ ဒူးတော်ပိုင်းထု ၁၁ ပေ ရှိကြောင်း သိရပါတယ်။ ခန့်မှန်းသက္ကရာဇ် ၁၂၅၀ ပြည့်နှစ်ဧရာဝတီမြစ်ရေလျှံချိန်မှာ မျောပါလာတာကို ဆရာတော်ဦးဗိုဓ် ဦးစီးပြီး စလေမြို့ခံ ရဟန်းရှင်လူအပေါင်းက ဝိုင်းဝန်းဆယ်ယူ ပူဇော်ခဲ့ကြတာလို့ဆိုပါတယ်။ ပလ္လင်တော်ရဲ့ အနောက်ဘက်မှာ ဘုရားကြီးရဲ့အတွင်းပိုင်းကို ဝင်ရောက်လေ့လာနိုင်တဲ့ တံခါးပေါက်ရှိပါတယ်။ ဖူးမြော်ရတာကြည်ညိုဖွယ်ကောင်းတာမို့ စလေကိုရောက်ရင် ဝင်ရောက်ဖူးမြော်သင့်တဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။
ဦးပုညပိဋကတ်တိုက်
စာဆိုတော်ကြီး စလေဦးပုညဟာ ပိဋကတ်၊ ဗေဒင်၊ ရာဇဝင်၊ ဆေးဝါး၊ သတ်ပုံ၊ ကဗျာ၊ လင်္ကာအကြောင်းအရာတို့ကို အဖွဲ့အနွဲ့မျိုးစုံနဲ့ရေးသားသီကုံးပြီး မြန်မာဂန္တဝင်စာပေကို ထင်ရှားစေနိုင်သူတစ်ဦးဖြစ်ခဲ့တယ်ဆိုတာ သိပြီးဖြစ်ကြမယ်ထင်ပါတယ်။ စလေကို ကျော်ကြားစေတဲ့အထဲမှာ ဦးပုညတစ်ယောက်လည်း ပါဝင်ပါတယ်။ သူဟာစာပေကြောင့် စလေကိုကျော်ကြားစေခဲ့သလို သူတတ်ကျွမ်းတဲ့ဗေဒင်ပညာကြောင့်လည်း စလေကိုတုန်လှုပ်ချောက်ချားစေခဲ့ပါသေးတယ်။
ဒါတွေက ရာဇဝင်မှာ အသေးစိတ်ဖော်ပြထားပြီးဖြစ်လို့ အသေးစိတ်မဖော်ပြလိုတော့ပေမယ့် အဲဒီအကြောင်းအရာတွေကပဲ ဦးပုညနဲ့သက်ဆိုင်တဲ့နေရာ တစ်ခုကို ရှာပုံတော်ဖွင့်ဖို့ အာသာပြင်းပြင်းရှိနေခဲ့တာပါ။ သူ့ရဲ့ဂန္တဝင်စာပေတွေကို ဘယ်လိုနေရာမှာရေးခဲ့တာလဲ၊ သူ့စာပေတွေကို ဘယ်လိုနေရာမျိုးမှာ ထိန်းသိမ်းထားခဲ့တာလဲ၊ အဲဒီနေရာကရော အခုဘယ်လိုဖြစ်နေပြီလဲဆိုတာတွေ မျက်မြင်တွေ့ရှိချင်တာပါ။ အဲဒီနေရာကို တွေ့ခဲ့ပါတယ်။ စနစ်တကျပြုပြင်ထိန်းသိမ်းထားတာ တွေ့ရလို့လည်း ဝမ်းမြောက်ရပါတယ်။
အဆောက်အဦရဲ့အပြင်နံရံမှာ မြန်မာအက္ခရာဂဏန်း သင်္ချာနဲ့ ၂၆ လို့ရေးထားပါတယ်။ အဆောက်အဦကို ကွန်ကရစ်တံတိုင်းကာရံထားပြီး အဆောက်အဦပုံသ္ဌာန်က ဂူဘုရားတစ်ဆူလို ထည်ထည်ခံ့ခံ့ကြီးပါပဲ။ ပိဋကတ်တိုက်အဝင်ပေါက်မှာ သံတံခါးနှစ်ထပ်တပ်ဆင်ထားပါတယ်။ အဲဒီတံခါးနှစ်ထပ်ကြားက ဘယ်ဘက်နံရံမ တော့ “ဦးပုညပိဋကတ်တိုက်၊ ၁၂-၉-၆၁ ပြင်ပြီး၊ အမှတ်-၂၆” လို့ ရေးထိုးထားတာ တွေ့ရပါတယ်။
အတွင်းပိုင်းအကျယ်ကတော့ ၁၅ ပေ ပတ်လည်လောက်ရှိပြီး ခေါင်အမြင့် ပေ ၂၀ လောက် ရှိပါတယ်။ အခန်းတွင်းအပူချိန်က ပြင်ပအပူချိန်ထက် သိသာစွာလျော့နည်းနေတာကို တွေ့ရပါတယ်။ ဦးပုညပိဋကတ်တိုက်ကို ဝင်ရောက်လေ့လာရင်း အဆောက်အဦရဲ့ အရွယ်အစား၊ ပုံပန်းသ္ဌာန်တို့ဟာ ဦးပုညရဲ့စာပေ ဂုဏ်ပုဒ်ကိုမညှိုးငယ်စေဘူးဆိုတဲ့ ကျေနပ်မှုကိုရရှိခံစားခဲ့ရပါတယ်။
တိုင်တစ်ရာ သာသနာ့ရောင်ခြည်ဘုန်းကြီးကျောင်း
စလေကို ကမ္ဘာကျော်စေတာကတော့ ရှေးဟောင်း သုတေသနပြတိုက်အဖြစ် ဖွင့်လှစ်ထားပေးတဲ့ ‘’စလေ ပန်းပုရုပ်စုံကျောင်းတော်ကြီး’’ ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်သီပေါမင်းလက်ထက်မှာ တည်ဆောက်ခဲ့တာပါ။ စလေကိုလာကြတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ ဦးစားပေးလေ့လာကြတဲ့ နေရာဖြစ်ပါတယ်။ စလေရုပ်စုံကျောင်းတော်ကြီးရဲ့အကြောင်းကို ယခင်က ဆောင်းပါးတစ်ပုဒ်ရေးသား ဖော်ပြခဲ့ပြီးဖြစ်လို့ ချန်လှပ်ထားခဲ့ပါတော့မယ်။ စလေကိုရောက်ရင် ဦးစားပေးလေ့လာရမယ့်နေရာ ဖြစ်တယ်ဆိုတာကိုတော့ ထပ်မံအသိပေးလိုပါတယ်။
စလေမှာ ရုပ်စုံကျောင်းအပြင် အခြားဘုန်းကြီး ကျောင်းတွေများစွာ ရှိပါသေးတယ်။ အဲဒီအထဲကမှ “တိုင်တစ်ရာ သာသနာ့ရောင်ခြည်ဘုန်းကြီးကျောင်း’’ ကလည်း လေ့လာဖို့ကောင်းတဲ့နေရာတစ်ခုပါ။ စလေရုပ်စုံကျောင်းထက် ပိုရှေးကျပြီး မြန်မာမှုအနုလက်ရာတွေကို လေ့လာနိုင်ပါတယ်။ မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်မှာ ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်လို့ နှစ်ပေါင်း ၁၅၀ နီးပါးရှိနေပါပြီ။
ကျောင်းကြီးက ကျွန်းလုံးတိုင်ကြီးပေါင်းတစ်ရာကျော်နဲ့ တည်ဆောက်ထားတာမို့ ကျောင်းတော်ကြီးကို ဒေသခံတွေက “တိုင်တစ်ရာကျောင်း”လို့ ခေါ်ကြပါတယ်။ ကျောင်းဆောင်ကြီးရဲ့ ဘုံဆောင်အပိတ်တွေမှာ ကြာပွင့်ကြီးများ၊ ဘေးပတ်လည်မှာ မြန်မာမှုပန်းပြားတွေနဲ့ တန်ဆာဆင်တည်ဆောက်ထားတာကို တွေ့ရပါတယ်။
ကျောင်းဆောင်ကြီးရဲ့ အတွင်းပိုင်းမှာလည်း မြန်မာမှုအနုအရွ ပန်းကနုတ်အလှတွေနဲ့ နေရာလပ်မရှိအောင် တန်ဆာဆင်ထားတာဟာ မြန်မာတစ်ယောက်အနေနဲ့ ရင်သပ်ရှုမောအံ့ဩရုံမက ဂုဏ်ယူစရာလည်း ကောင်းလှပါတယ်။
ဒါ့အပြင် ကျောင်းဆောင်ကြီးအတွင်းမှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေ၊ ကနုတ်ပန်းအမျိုးမျိုး စီခြယ်ထားတဲ့ ရှေးဟောင်းကျွန်းဗီရိုကြီးတွေ၊ ရွှေဇဝါ၊ ငွေဇဝါရေးနည်းတွေနဲ့ ရေးခြယ်ထားတဲ့ ရောင်စုံရှေးပန်းချီလက်ရာတွေ၊ နိပါတ်တော်တွေ ရေးခြယ်ထားတဲ့ မြန်မာမင်းများကောင်းမှုတော်စာတိုက်ကြီးတွေကို လေ့လာနိုင်ကြပါတယ်။ ကျောင်းထိုင်ဆရာတော်ဦးပဏ္ဍိတက ကျွန်းစာတိုက်ကြီးအတွင်းမှာ ထိန်းသိမ်းထားတဲ့ရှေးဟောင်းပေစာ၊ ပုရပိုက်စာနဲ့ စာပလွေဆိုတာတွေကို စိတ်ရှည်လက်ရှည် ဖွင့်ပြ ရှင်းပြပြုလုပ်ပေးလို့ ဗဟုသုတ တိုးပွားရပါသေးတယ်။
ရှင်ပင်တစ်ပဲတိုးမြတ်စွာဘုရား
ကျောင်းဆောင်ကြီးမှာ လေ့လာပြီး ပြန်တော့မယ်ဆိုတော့ ဆရာတော် ဦးပဏ္ဍိတက ကျောင်းနဲ့မျက်နှာချင်း ဆိုင်က “ရှင်ပင် တစ်ပဲတိုးမြတ်စွာဘုရား”ကိုလည်း ဝင်ဖူးသွားကြဦးလို့ ပြောပါတယ်။ ပုဂံရာဇဝင်ထဲက မဏိစန္ဒာမင်းသမီး ကိုယ်အလေးချိန်တစ်ပဲတိုးသွားတာ အဲဒီနေရာလို့ဆိုကြတယ်လို့လည်း ပြောပါတယ်။
ဆရာတော်က မဏိစန္ဒာအကြောင်းပြောမှပဲ ပုဂံရာဇဝင်တစ်ပိုင်းတစ်စကို သတိရလိုက်မိပါသေးတယ်။ ဥဿာပဲခူးကိုတိုက်ဖို့ ဂျွမ်းစစ်သည်တွေချီတက်လာတော့ ဥဿာဘုရင်က အနော်ရထာမင်းဆီ စစ်ကူတောင်း ခဲ့ပါတယ်။ အနော်ရထာက ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလဖယ်နဲ့ ညောင်ဦးဖီးတို့ လေးယောက်ကိုပဲမြင်းကိုယ်စီနဲ့ စေလွှတ်လိုက်ပါတယ်။ စစ်နိုင်တော့ ဥဿာမင်းက အနော်ရထာမင်းအတွက် နန်းစဉ် ကိုးကွယ်တဲ့ဓာတ်တော်နဲ့ ခြင်္သေ့ရုပ်အလေးချိန်နဲ့ညီတဲ့ သမီးတော်မဏိစန္ဒာကို ဆက်သခဲ့တယ်လို့ဆိုပါတယ်။
သူရဲကောင်းလေးယောက်က မဏိစန္ဒာကိုအလှည့်ကျကင်းစောင့်ပြီး ဥဿာကနေ ပုဂံကိုပြန်ခဲ့ကြရာမှာ တစ်နေရာရောက်တော့ မဏိစန္ဒာရဲ့ ကိုယ်အလေးချိန်က ခြင်္သေ့ရုပ်ထက် လေးနေတယ်လို့ ဆိုပါတယ်။ အလေးချိန်ကွာခြားချက်ကတော့ ခြင်္သေ့ရုပ်ဘက်မှာ တစ်ပဲတိုးမှ ချိန်ခွင်လျှာညီတယ်လို့ဆိုပါတယ်။
အဲဒီလိုကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တာက ကျန်စစ်သားကင်းစောင့်အလှည့်မှာ ဖြစ်ခဲ့ပါသတဲ့။ အဲဒီအကြောင်းကြောင့်ပ အနော်ရထာမင်းကြီးရဲ့အရိန္ဒမာလှံနဲ့ အာဏာကုန်သုံးခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရှင်ပင်တစ်ပဲတိုးဘုရားမဖူးခင် ဘုရားရှေ့က ကမ္ပည်းဆိုင်းဘုတ်မှာ အေဒီ ၁၃ ရာစုဆိုတဲ့စာစုလေး တွေ့တော့ ဆရာတော်ပြောတာကို ဇဝေဇဝါဖြစ်ခဲ့မိပါသေးတယ်။ အနော်ရထာမင်းပြုတာက အေဒီ ၁၁ ရာစုအစောပိုင်း၊ ကမ္ပည်းဆိုင်းဘုတ်မှာက အေဒီ ၁၃ ရာစုဆိုတော့ အဖြစ်အပျက်နဲ့ ဘုရားတည်တာက ကာလအားဖြင့် နှစ်ပေါင်း ၂၀ဝ လောက် ကွာနေလို့ပါပဲ။ သေချာ စဉ်းစားကြည့်တော့မှ ဆရာတော်က မဏိစန္ဒာကိုယ် အလေးချိန်တစ်ပဲ တိုးသွားတဲ့နေရာလို့သာ ပြောခဲ့တာပါ။ ဘုရားကတော့ အဲဒီနေရာမှာ နောက်မှတည်တဲ့ သဘော လည်းဖြစ်နိုင်ပါတယ်။ ဘုရားပုံစံကတော့ ပုဂံအာနန္ဒာပုံဂူဘုရားငယ် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အေဒီ ၁၃ ရာစုထဲမှာ ပုဂံခေတ်နှောင်းပိုင်းလည်း ပါနေသေးတာမို့ စလေကိုလာရင်း ပုဂံဘုရားဖူးရတယ်လို့ပြောနိုင်တဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။
ဘုရားအမှတ် (၃၆)
အထက်မှာတင်ပြခဲ့တဲ့နေရာတွေကို လေ့လာပြီးတဲ့အချိန်မှာ ညနေ ၅ နာရီထိုးပါတော့မယ်။ စလေကနေ ခရီးမဆက်ခင် ရုပ်စုံကျောင်းတော်ကြီးကို ဓာတ်ပုံရိုက်ဖို့သွားခဲ့ပါတယ်။ အရင်တစ်ခေါက်ရောက်ခဲ့တုန်းက နေထိုး နောက်ခံနဲ့ရိုက်ခဲ့ရတာမို့ ပုံကောင်းမရခဲ့ပါဘူး။ ဒီတစ်ခါ တော့ ကျောင်းတော်ကြီးမျက်နှာစာကို ကျနေက ထိုးပေး ထားတာမို့ ဓာတ်ပုံရိုက်ရတာ အဆင်ပြေပါတယ်။
နောက်ပြီး ကျောင်းဝင်းကြီးအတွင်းမှာ အမှတ်တရ ပစ္စည်းရောင်းနေတဲ့ စာရေးဆရာမောင်မောင်လတ်(ရှေးဟောင်းသုတေသန)နဲ့ တွေ့ဆုံလိုတာလည်း ပါပါတယ်။ အရင်တစ်ခေါက်ကတည်းက ဘုရား အမှတ် (၃၆) ကို ဝင်ရောက်လေ့လာဖို့ ဆရာကပြောခဲ့ပါတယ်။ သွားမယ်ဆို သူကိုယ်တိုင်လိုက်ပို့မယ်လို့ ပြောပါသေးတယ်။ သူ့ကို ကျေးဇူးတင်ပေမယ့် အချိန်မရလို့မရောက်ခဲ့နိုင်ပါဘူး။
ဒီတစ်ခေါက်တော့ သူနဲ့တွေ့ပြီး ဘုရားနေရာကိုမေးမြန်းပြီး ရောက်အောင်သွားဖြစ်ခဲ့ပါတယ်။ ဘုရားရဲ့နေရာကတော့ ရုပ်စုံကျောင်းတော်ကြီးရဲ့ မြောက်ဘက်၊ စလေဓာတ်မြေဩဇာစက်ရုံရဲ့ အရှေ့တောင်ဘက် ဓားလွယ်ခုတ်အရပ်မှာရှိပါတယ်။ ချောက်-စလေ လမ်းမကြီးရဲ့ အရှေ့ဘက်ကို ကိုက် ၁၀ဝ လောက်ဝင်ရပါတယ်။ အနောက်ဘက်ကို မျက်နှာမူထားတဲ့ ဂူဘုရားငယ်ဖြစ်ပါတယ်။ ဂူအတွင်းမှာ အင်္ဂတေများကွာကျပြီး ပျက်စီးစပြုနေတဲ့ ထိုင်တော်မူဆင်းတုတော်တစ်ဆူ ရှိပါတယ်။
ဆင်းတုတော်ကိုမျက်နှာမူပြီးကြည့်ရင် ဆင်းတုတော်ရဲ့ ညာဘက်အပေါ်နံရံမှာ မပျက်မစီး ကျန်ရှိနေသေးတဲ့ နံရံဆေးရေးပန်းချီတစ်ကွက်ကို တွေ့ရပါတယ်။ ပညာရှင်အချို့ကတော့ ပန်းချီမှာတွေ့ရတဲ့ပုံက ဗုဒ္ဓဝင်ကိုဖော်ပြတဲ့ပုံမဟုတ်ဘူးလို့ ယူဆကြတယ်လို့သိရပါတယ်။ ဒီပုံရဲ့ဖော်ပြချက်ကိုသုံးသပ်ပြီး ပုဂံခေတ်ထက်စောတဲ့ ယဉ်ကျေးမှုလို့ ကောက်ချက်ချတယ်လို့လည်း မှတ်သားခဲ့ရပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုကို မြတ်နိုးသူတွေအနေနဲ့ ဒီလိုရှေးဟောင်းအနုပညာ ဖော်ပြချက်တွေရှိတဲ့နေရာ တွေကို စနစ်တကျထိန်းသိမ်းထားစေချင်တဲ့ဆန္ဒ ရှိနေကြပုံရပါတယ်။
အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ စာရေးသူ စလေမြို့ကို ရောက်ရှိလေ့လာခဲ့တဲ့အထဲက ခရီးသွားတွေ လေ့လာသင့်တယ်ထင်တဲ့နေရာတွေကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီအထဲမှာ စလေပန်းပုရုပ်စုံကျောင်းနဲ့ စလေဦးပုညအကြောင်းကို သီးခြားရေးသားဖော်ပြပြီးဖြစ်လို့ ချန်လှပ်ထားခဲ့တာကိုတော့ နားလည်ပေးနိုင်ကြမယ်ထင်ပါတယ်။ တကယ်တော့ ယခုဖော်ပြချက်တွေကလည်း စလေကိုပြည့်စုံအောင် ပုံဖော်နိုင်ခြင်းမရှိသေးတာကို ဝန်ခံပါတယ်။
ကိုယ်တိုင်သွားရောက်လေ့လာလိုသူတွေအတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့တော့ ယုံကြည်လျက်ရှိကြောင်းပါဗျာ။ ။
အန်ကယ်ပညာ


