စလင်း ၁၂  ဖေဖော်ဝါရီ 

မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်(Dry Zone) တွင်ပါဝင်သော မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အတွင်းတွင် ကျေးလက်နေပြည်သူများ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေးအတွက် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်   ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာသုံးရွာတွင် စက်ရေတွင်း သုံးတွင်း တူးဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိကျေးရွာ သုံးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကုန်းကြားကျေးရွာ၊ ရစ်ပြင်ကျေးရွာ၊ စလင်း(တပ်နယ်) တို့တွင် ပေ ၆၀ဝ စက်ရေတွင်း သုံးတွင်း၊  အလျား ၁၀ ပေ အနံ ၈ပေ အမြင့် ၈ ပေရှိ ရေစက်ရုံ သုံးခု၊  ဂါလန် ၅၀ဝ၀ ဆံ ရေစုကန် နှစ်ကန်၊ ဂါလန်၂၄၀ဝ ဆံ့ စင်မြင့်ရေစင် တစ်ခု တို့ကို  ငွေကျပ် ၆၄ ဒသမ ၃၀၇ သန်းဖြင့် လာမည့်နွေရာသီကာလအတွင်း အပြီးဆောင်ရွက်သွားမည်  ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျကပြောသည်။

စလင်းမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင်လည်း ကျေးလက်ရေပေးရေး လုပ်ငန်းတစ်ခုကို နိုင်ငံတော်ထောက်ပံ့ငွေ ရန်ပုံငွေကျပ် ၆ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)