နေပြည်တော် ဒီဇင်ဘာ ၂၄
စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတု သန်လျင်ရေနံချက်စက်ရုံ ရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနား ကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာအဖွဲ့များ၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ တိုင်းရင်းသား မောင်မယ်များနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
စွမ်းအင်ပြတိုက်ဖွင့်ပွဲ အခမ်းအနား
ထို့နောက် စွမ်းအင်ပြတိုက် ဖွင့်ပွဲအခမ်းအနားကို ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။ ထို့နောက် ကော်မရှင်အတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စွမ်းအင်ပြတိုက် ပြင်ပပြကွက်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စွမ်းအင်ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြကွက်များအား ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနား
ယင်းနောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းအဖြစ် စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အခမ်းအနားကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက “စွမ်းအင်မှသည် စွမ်းအား” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၁၉၈၅ ခုနှစ် ဧပြီလတွင် စတင် ဖွဲ့စည်းခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနသည် ယခုအခါ နှစ် (၄၀)ပြည့် မြောက်ပြီး ပတ္တမြားရတုတိုင်ခဲ့ပြီဖြစ်သကဲ့သို့ ၁၉၂၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် သန်လျင် ရေနံချက်စက်ရုံကြီးသည်လည်း ရာပြည့်ကာလကို ရောက်ရှိလာပြီ ဖြစ်သည့်အတွက် စွမ်းအင်ဝန်ကြီးဌာန အတွက် အောင်မြင်မှုသမိုင်းကြောင်းနှင့်အတူ ဂုဏ်ယူဖွယ်ရာ နှစ်တစ်နှစ် လည်းဖြစ်ကြောင်း။
စွမ်းအင်ဝန်ကြီးဌာနသည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသက်သွေးကြောတမျှ လိုအပ်ချက်ဖြစ်သည့် စွမ်းအင်များကို ဖြည့်ဆည်းပေးနိုင်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ဌာနဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက် အရေးကြီးသည့် ဌာနတစ်ခုလည်း ဖြစ်ကြောင်း။
စွမ်းအင်ဝန်ကြီးဌာနဟု သီးသန့် ဌာနတစ်ခုအဖြစ် သတ်သတ်မှတ်မှတ် ဖွဲ့စည်းဆောင်ရွက်ခဲ့ သည်မှာ အခုအချိန်တွင် နှစ်ပေါင်း (၄၀) ပြည့်မြောက်တာ ဖြစ်သော်လည်း အမှန်တကယ်တွင် မြန်မာ့ ရေနံလုပ်ငန်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သဖြင့် ရှည်လျားသော သမိုင်းကြောင်းရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် ရေနံလုပ်ငန်းနှင့်ပတ်သက်လာပါက သမိုင်းမှတ်တမ်းကောင်း များစွာရှိသည် ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ရေနံချက်လုပ်ငန်းနှင့် ပတ်သက်၍လည်း ဗြိတိသျှတို့အနေဖြင့် ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန် ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းကို စတင်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရကြောင်း၊ ၁၉၂၅ ခုနှစ်တွင် ခေတ်မီ နည်းစနစ်များကို အသုံးပြုထားပြီး နေ့စဉ်လည်ပတ် ချက်လုပ်နိုင်စွမ်း ဂါလန်ရှစ်သိန်းရှိသည့် သန်လျင် ရေနံချက်စက်ရုံကြီးကို တည်ဆောက်ခဲ့ကြောင်း။
ထို့နောက်တွင်လည်း သန်လျင်ရေနံချက်စက်ရုံကို အဆင့်ဆင့် တိုးချဲ့တည်ဆောက်ခဲ့ပြီး ရေနံ ထွက်ပစ္စည်း အမျိုးမျိုးကို ဆက်လက် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှု နည်းပါးခြင်း၊ ထုတ်လုပ်သည့် စက်သုံးဆီများ၏ အရည်အသွေးသည် ဈေးကွက် လိုအပ်ချက်ကို မပြည့်မီခြင်း စသည့် အခြေအနေများကြောင့် ယခုစက်ရုံကြီး၏ ရေနံချက်လုပ် ခြင်းလုပ်ငန်းများကို ရပ်နားထားခဲ့ရသည်မှာ ယခုအခါ ရှစ်နှစ်ကျော်ကာလ ရှိလာခဲ့ပြီဖြစ်ကြောင်း။
သို့သော် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စက်သုံးဆီ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် မကြာခင်ကာလ အတွင်း၌ တစ်နှစ်လျှင် တန်ချိန် ငါးသိန်းချက်လုပ်နိုင်မည့် သန်လျင် ရေနံချက်စက်ရုံသစ်ကြီးကို ပထမအဆင့် (Phase I) အနေဖြင့် စတင်လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဒုတိယအဆင့် (Phase II) အနေဖြင့် တစ်နှစ်ကို တန်ချိန် သုံးသန်း ချက်လုပ်နိုင်မည့် စက်ရုံကို ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်သဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်သည်ကို ပြောကြားလိုကြောင်း။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအသစ်များ၊ ရေနံမြေအသစ် များ ထွက်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ သက်တမ်းရင့် ရေနံချက်စက်ရုံ၊ ရေနံ ဓာတုဗေဒစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံကြီးများ စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိရေနံမြေများမှ ရေနံအထွက်တိုးစေရေး ခေတ်မီ နည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ရန် တိုင်းရင်းသား ရေနံလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး နည်းစနစ်ကျ ရေနံတွင်းများ တူးဖော်နိုင်ရန်နှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ အဆင့်မြှင့်တင်နေသည်ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်နေပြီဖြစ်ခြင်းကြောင့် နိုင်ငံ၏စွမ်းအင်ကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာမည်ဟုလည်း ယုံကြည်ပါကြောင်း။
စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အအုံများ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် လည်း ခေတ်ကာလအဆက်ဆက် စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသိ ပညာရှင်၊ အတတ်ပညာရှင်များ၏ ကာယ၊ ဉာဏလုပ်သားများ အားလုံးပေါင်းစည်းပြီး တက်ညီ လက်ညီ ဆောင်ရွက်ပေးခဲ့ကြခြင်းကြောင့်သာဖြစ်ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှု စွမ်းပကား ၏ အသီးအပွင့်များဖြစ်သည့် တိုးတက်အောင်မြင်မှုများအတွက် နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဝန်ထမ်းအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
ယနေ့ ကမ္ဘာ့နိုင်ငံများအနေဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးကဲ့သို့ ရုပ်ကြွင်း လောင်စာများ၊ နျူကလီးယား စွမ်းအင်များအပြင် ရေစွမ်းအင်၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝဒြပ်ထုနှင့် ဟိုက်ဒရိုဂျင်စသည့် ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်များကိုပါ တိုးချဲ့ရှာဖွေပေါင်းစပ်ပြီး Energy Mix အနေဖြင့် အသုံးပြုနေကြသည်ကို တွေ့ရမည်ဖြစ် ကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီး၏ စွမ်းအင်ဖွံ့ဖြိုးမှုအစီအမံများကိုကြည့်ပါက အနာဂတ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်အသုံးပြုရန် ရည်မှန်းဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ လျင်မြန်စွာ တိုးမြင့်လာနေသည့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကိုလည်း အဓိကမှီခို အသုံးပြုနေရဆဲဖြစ်ကြောင်း။
မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပြန်ပြည့်မြဲစွမ်းအင် တိုးမြှင့်အသုံး ပြုနိုင်စေရန်အတွက် နေစွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် နေသကဲ့သို့ စက်သုံးဆီများ အသုံးပြုမှု လျှော့ချနိုင်စေရန် လျှပ်စစ်ကားများကို အစားထိုး အသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက် တွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လောင်စာများကို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေအောင် အဆင့်မြင့် နည်းပညာများ အသုံးပြုသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေ သည်ကို ပြောကြားလိုကြောင်း။
ဆက်လက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အရင်းအမြစ်များကို စနစ်တကျရှာဖွေ၊ ဖော်ထုတ်၊ အသုံးပြုသွားရန်အတွက် မိတ်ဆွေ နိုင်ငံများက ရေနံကုမ္ပဏီကြီးများအပြင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားကြရန်နှင့် နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကိုလည်း အရေးကြီးလုပ်ငန်းစဉ် တစ်ခုအဖြစ် တစိုက်မတ်မတ် ဆောင်ရွက်သွားရန် လိုအပ်သည်ကို အလေးထားမှာကြားလိုကြောင်း။
အတွေ့အကြုံများအရ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများကို ဖိတ်ခေါ်ဆောင်ရွက်မှု၏ အကျိုး ရလဒ်အနေဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည့် ကမ်းလွန်စီမံကိန်းကြီးများသည် နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံတော်နှင့် အများပြည်သူအတွက် အကျိုးရှိသည့် စီမံကိန်းကြီးများ ထပ်မံဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း။
ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးတွင် AI နည်း ပညာအသုံးပြုနိုင်ရေး၊ 3D Seismic နည်းပညာ အသုံးပြုနိုင်ရေးနှင့် ရေနံချက်လုပ်ခြင်း အပိုင်းတွင်လည်း ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ပြီး အဆင့်မြင့် စက်သုံးဆီများ ကိုယ်တိုင်ချက်လုပ် ထုတ်လုပ်နိုင်ရေး၊ ဓာတ်မြေဩဇာ စက်ရုံများ ထပ်မံတည်ဆောက်နိုင် ရေးအပါအဝင် နည်းပညာမြှင့်တင်ရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဖြည့်စွက် ပြောကြားလိုသည်မှာ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် သမိုင်းမှတ်တမ်းများကို လည်း ခိုင်ခိုင်မာမာပြုစုထားရန် လိုအပ်ကြောင်း၊ သမိုင်းမှတ်တမ်းဆိုသည်မှာ မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များ ကြိုးပမ်းအားထုတ်မှုများကို ရေရှည်တည်တံ့နေစေမည့် မှတ်ကျောက်နှင့် အထောက်အထားပင် ဖြစ်ကြောင်း။
ထိုသို့ သမိုင်းမှတ်တမ်းများထားရှိမှသာ နောင်လာမည့် မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ စွမ်းဆောင်ချက်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း၊ ယခု စွမ်းအင်ပြတိုက်တွင် ခင်းကျင်းပြသထားသည့်အတိုင်း သမိုင်းမှတ်တမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ပုံစံငယ် များကိုလေ့လာပြီး အများပြည်သူအနေဖြင့် ခေတ်အဆက်ဆက် ဖြစ်ပေါ်တိုးတက်လာမှုများကို လေ့လာသိရှိနိုင်မည်ဖြစ်သဖြင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း စွမ်းအင်ပြတိုက်ကို အခုထက်ပိုပြီး ပြည့်ပြည့်စုံစုံနှင့် ဖွံ့ဖြိုးတိုးတက်လာရေး တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မကြာမီတွင် စတင်နိုင်တော့မည့် သန်လျင် ရေနံချက်စက်ရုံသစ် စီမံကိန်းကဲ့သို့ နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးနိုင်မည့် အရေးကြီးသည့် စီမံကိန်းကြီး များစွာကိုလည်း အောင်မြင်စွာဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဆန္ဒပြုတိုက်တွန်းလိုကြောင်း။
ဆက်လက်၍လည်း စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စွမ်းအင်ပြည့်ဖြိုး နိုင်ငံ့အကျိုး” ဆိုသည့်အတိုင်း တိုင်းပြည်နှင့် ပြည်သူများ၏ အကျိုးစီးပွား တိုးတက်စေရန် ရည်မျှော်ပြီး စွမ်းအင်များ အစဉ်ထာဝရပြည့်ဖြိုး နေစေရန်နှင့် နိုင်ငံ၏အဖိုးတန် သဘာဝသယံဇာတများ ရေရှည်တည်တံ့ အသုံးပြုနိုင်ရေးအတွက် စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံ ရေးလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း၊ စွမ်းအင် ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုအချိန်ကာလ၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် ကာလမှသည် နိုင်ငံတော်အတွက် ရတုအဆက်ဆက် ဆက်လက် အဓွန့်ရှည် တည်တံ့အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားသည်။
ယင်းနောက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌထံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် ဂါရဝပြု လက်ဆောင်အား ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံ ချက်စက်ရုံ ရာပြည့်Documentary Movie ကို ကြည့်ရှုကြသည်။
ယင်းနောက် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းထုတစ်ရပ်လုံးကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေး ရန်ရည်ရွယ်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကိုယ်တိုင်ရေးသား စပ်ဆိုထားသည့် စွမ်းအင်ဝန်ကြီးဌာန ဂုဏ်ပြုကဗျာကို တေးသံရှင် ဟေမာနေဝင်းက ဂုဏ်ပြုရွတ်ဆိုထားမှုအား ဖွင့်လှစ်ပြသပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


