စင်စင်နတီအိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် ဩဂုတ် ၁၈ ရက် (ယနေ့) တွင် ရုရှားတင်းနစ်မယ် ဗရော်နီကာကူဒါမီတိုဗာနှင့်   အီတလီတင်းနစ်မယ်  ဂျက်စမင်း ပါအိုလီနီတို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ကူဒါမီတိုဗာသည် ကွာတားဖိုင်နယ်တွင်  ပြင်သစ်တင်းနစ်မယ် ဂရာချီဗာနှင့်တွေ့ဆုံခဲ့ပြီး ၆-၁၊ ၆-၂ ရလဒ်ဖြင့် ကျော်ဖြတ် ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသူဖြစ်သည်။ ပြိုင်ဘက် ပါအိုလီနီက နာမည်ကြီး အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်ကို အကြိတ်အနယ်ကစားကာ ၂-၆၊ ၆-၄၊ ၆-၃ ရလဒ်ဖြင့်  နိုင်ပွဲရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသူဖြစ်သည်။

ပါအိုလီနီသည် ပြီးခဲ့သည့်နှစ်က ဂရင်းဆလမ်းပြိုင်ပွဲကြီးများဖြစ်သည့် ပြင်သစ်အိုးပင်းနှင့်   ဝင်ဘယ်ဒန်ပြိုင်ပွဲတို့တွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်သူဖြစ်သည်။ ၎င်းသည် ယခုနှစ်ရာသီတွင်လည်း ကိုကိုဂါ့ဖ်၊ ခရူဂါ၊ စက္ကရီ စသည့်    ထိပ်တန်းအဆင့်တင်းနစ်မယ်များကို   ကျော်ဖြတ်ပြထားနိုင်သူဖြစ်သည်။

ကူဒါမီတိုဗာနှင့် ပါအိုလီနီတို့ ထိပ်တိုက်တွေ့ဆုံထားသည့် လေးကြိမ်တွင် ကူဒါမီတိုဗာက အသာရထားပြီး သုံးကြိမ်အထိ နိုင်ပွဲရရှိထားသည်။ ထို့ကြောင့် ပါအိုလီနီသည် ကူဒါမီတိုဗာနှင့်တွေ့ဆုံတိုင်း ရလဒ်ဆိုးရွားသည့်  အစဉ်အလာကို    ယခု ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ချေဖျက်သွားနိုင်မည်လားဆိုတာ အဓိကထား စောင့်ကြည့်ရမည်ဖြစ်သည်။ 

မိုးဇက် - စုစည်းရေးသားသည်