စဉ့်ကူး  ၂၁  ဖေဖော်ဝါရီ 
    

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၁၉ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတိုးမြှင့်ပင်စင်လစားများ ထုတ်ပေးရန် ယခုလတွင် သက်ဆိုင်ရာဌာနမှ စာရင်းဇယားပြည့်စုံစွာ ရောက်ရှိနေပြီဖြစ်၍ စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က စတင်ထုတ်ပေးနေပြီဖြစ်ရာ ပင်စင်ဝန်ထမ်းများ ဝမ်းသာ ပျော်ရွှင်နေကြကြောင်း သိရသည်။
    

ထိုသို့ ထုတ်ပေးရာတွင် စဉ့်ကူးမြို့မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ခင်မာဝင်းနှင့် ဘဏ်ဝန်ထမ်းများက ပင်စင်စားဝန်ထမ်းများကို တိုးမြှင့်လစာများအား လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်ပေးလျှက်ရှိသည်။
    

“ကျွန်မတို့ဘဏ်မှာ မြို့ပြပင်စင်၊ ကာကွယ်ရေးပင်စင်၊  နိုင်ငံရေးပင်စင်ဆိုပြီး ပင်စင်စားဦးရေ ၉၃၅ ဦး ရှိပါတယ်။ အဲ့ဒီထဲကမှ ယခင်လက စာရင်းရောက်ရှိလာတဲ့ မြို့ပြပင်စင် ၂၇ ဦး၊ နိုင်ငံရေးပင်စင် တစ်ဦးနှင့် ကာကွယ်ရေးပင်စင် နှစ်ဦး စုစုပေါင်း ဦးရေ ၃၀ သာ ထုတ်ပေးနိုင်ခဲ့ပါတယ်။ ယခုလမှာတော့ ထပ်မံရောက်ရှိလာတဲ့ မြို့ပြပင်စင် ၄၆၅ ဦး၊ နိုင်ငံရေးပင်စင် ၁၂၅ ဦးနှင့် ကာကွယ်ရေး ပင်စင် ၁၃ ဦး၊ စုစုပေါင်း ၆၀၃ ဦး ကိုထုတ်ပေးသွားမှာဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း ကျန်ရှိနေလို့ ရောက်ရှိလာတဲ့ တိုးမြှင့်ပင်စင်လစာတွေကိုလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပေးနိုင်ဖို့ ဆောက်ရွက်သွား မှာဖြစ်ပါတယ်” ဟု ဘဏ်မန်နေဂျာမှ ပြောသည်။


မင်းဇော်ဦး(ပြန်/ဆက်)

 

123