ရန်ကုန် ၁ မတ်
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၇/၂၀၂၀)ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ WHO ၏ အခြေအနေသတင်းလွှာ အမှတ် (၄၀) အရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ COVID-19 ရောဂါ အတည်ပြု လူနာအရေအတွက် ကျဆင်းလာသော်လည်း ကျန်ကမ္ဘာ့နိုင်ငံ (၅၃) နိုင်ငံတွင် ကူးစက်ဖြစ်ပွားနေပြီး နိုင်ငံ (၁၇) နိုင်ငံတွင် နိုင်ငံတွင်းကူးစက်ပြန့်ပွားမှု ဖြစ်နေသည့်အပြင် ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံ၊ အီရန်နိုင်ငံ တို့တွင်ဖြစ်ပွားမှုနှင့် သေဆုံးမှုမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ဖေဖော်ဝါရီ ၂၈ ရက် အခြေအနေသတင်းလွှာ အမှတ် (၃၉) တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ အန္တရာယ် ရှိနိုင်မှု သုံးသပ်မှုအခြေအနေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ အားလုံးတွင် ရောဂါကူးစက် ပျံ့နှံ့နိုင်မှုအခြေအနေ အလွန်မြင့်မားသည့်အဆင့် အဖြစ်တိုးမြှင့်သတ်မှတ်ခဲ့သဖြင့် မိမိတို့နိုင်ငံအနေ ဖြင့်လည်း ကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှု သုံးသပ်မှု အခြေအနေသည် အလွန်မြင့်မားသည့် အခြေအနေတွင် ရှိပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာ ဆန်းစစ်တွေ့ရှိချက်များပေါ် မူ၍တည် ကမ္ဘာကျန်းမာရေးအဖွဲ့မှ ရောဂါကူးစက်မှုမရှိသေးသည့် နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အကြံပြုချက် (၅)ချက် ထုတ်ပြန်ထားရာ မိမိတို့ ဆောင်ရွက်ထားသည်များနှင့် ကိုက်ညီကြောင်းတွေ့ရှိရပြီး မိမိတို့သည် တစ်စိုက်မတ် မတ် အရှိန်အလျှော့ဘဲ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားသည့်နိုင်ငံများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ သဖြင့် နိုင်ငံ၏ အဓိက ဝင်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါ ဖြစ်ပွားနေသည့်နိုင်ငံများမှ ခရီးသည်များအား အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုမှုပြုရာတွင် စနစ်တကျ ဆက်လက်ဆောင်ရွက်ပြီး သံသယလူနာများဖော်ထုတ်ခြင်း၊ ဝင်ရောက်လာသည့် ခရီးသည်များ၏ ကျန်းမာရေးအခြေအနေဖော်ပြချက်ကဒ်ပြားများ ဖြည့်စွက်မှုကို သေချာကြီး ကြပ်ဆောင်ရွက်ခြင်းနှင့် ၎င်းခရီးသည်များ တည်းခိုမည့် ဟိုတယ်နှင့် တည်းခိုခန်းများထံ ဆက်သွယ်မှု၊ အကြောင်းကြားမှုတို့ကို အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်နိုင်ရမည် ဖြစ်ပါကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ရန် ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အခြေခံကျန်းမာရေး ပညာရှင်များ လာရောက်ကူညီပံ့ပိုးသည်ကို တွေ့ရသည်မှာ အရေးပေါ်ပြဿနာအခြေ အနေတွင် မိမိတို့ကျန်းမာရေး ဝန်ထမ်းများ၏ ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကို ဖော်ညွှန်း နေပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အဖွဲ့မှလည်း အတွေ့အကြုံရင့် ကျန်းမာရေးမှူးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နေ့စဉ်တာဝန်ချထားသည်ကို တွေ့ရှိရသည်မှာလည်း အလွန်နှစ်လိုဖွယ်ကောင်းသော အချက်တစ်ချက် ဖြစ်ပါကြောင်း၊ မတ် ၄ ရက် တွင် ခရီးသည်နှင့် သင်္ဘောဝန်ထမ်း (၈၀၀) ကျော် လိုက်ပါလာမည့် အပျော်စီးသင်္ဘောတစ်စင်း မြန်မာနိုင်ငံသို့ ဆိုက်ကပ်မည့် ကိစ္စနှင့်ပတ်သက်၍ အဆိုပါ သင်္ဘောသည် မြန်မာနိုင်ငံသို့ မလာရောက်မီ ရောဂါဖြစ်ပွားပျံ့နှံ့မှုရှိသော နိုင်ငံများသို့ ဝင်ရောက်ခဲ့မည်ဖြစ်သဖြင့် အဆိုပါ သင်္ဘောအား မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် မပြုသင့်ပါကြောင်းအား သက်ဆိုင်ရာသို့ အကြံပြုတင်ပြထားပါကြောင်း။
ဝေဘာဂီအထူးကုဆေးရုံ အပါအ၀င်ဆေးရုံများတွင် တာဝန်ကျ ကျန်းမာရေး၀န်ထမ်းများမှ သံသယလူနာ၊ စောင့်ကြည့်လူနာများအား ကုသမှုပေးခြင်း၊ အသွားအလာကန့်သတ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းတို့တွင် ကိုယ်တိုင်ရောဂါကူးစက်ခံရနိုင်သည့်ကြားမှ (၂၄) နာရီပတ်လုံး စွမ်းစွမ်းတမံဆောင်ရွက်နေသည်ကို တွေ့ရှိနေရပါကြောင်း၊ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အဓိကအရေးကြီးသည့် အချက်တစ်ချက် ဖြစ်သော ရောဂါပိုးသတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဆေးရုံများအနေဖြင့် ဗဟိုမှ ချမှတ်ပေးထားသည့် လုပ်ငန်းလမ်းညွှန် များအတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင် (ICU) များတွင် ပိုမိုထိရောက်စွာကုသမှုပေးနိုင်ရေးအတွက် ရေရှည်အကျိုးကိုမျှော်ကိုး၍ ဝန်ထမ်းများအတွက် မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေး အမြန်ဆုံးလုပ်ဆောင်တော့ မည်ဖြစ်ပါကြောင်း။
ထို့အပြင် အထူးကြပ်မတ်ကုသဆောင် (ICU) များ၌ လိုအပ်သော ပစ္စည်းကိရိယာများကို ဝယ်ယူဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့်လူနာအ၀င်အထွက်များ ပြားသည့် ပြင်ပလူနာဌာန၊ အရေးပေါ်ဌာနတို့တွင် ရောဂါပိုးသတ်ခြင်း (disinfection) ကိုကြပ်ကြပ်မတ်မတ် လုပ်ဆောင်စေလိုပါကြောင်း၊ ရောဂါဖြစ်ပွားသည့် လူနာများနှင့် ထိတွေ့ခြင်း (သို့မဟုတ်) ရောဂါဖြစ်ပွားသည့် နေရာများသို့ ခရီးသွားရာဇ၀င်ရှိခြင်းကြောင့် အသွားအလာကန့်သတ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) (၁၄) ရက်တိတိ ပြုလုပ်ခြင်းသည် ၄င်းတို့၏ မိသားစုများနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်မှု မရှိစေရန် ကပ်ရောဂါဗေဒဆိုင်ရာရှုထောင့်မှ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စောင့်ကြပ်ကြည့်ရှုသည့်ကာလ (၁၄) ရက်အတွင်း ရောဂါလက္ခဏာတစ်ခုခု ပေါ်လာပါက လိုအပ်သည့် ဆေးဝါးကုသမှုကို ချက်ချင်းပေးနိုင်သဖြင့် ရောဂါပြင်းထန်အသက်ဆုံးရှုံးမှုကိုပါ ကာကွယ်နိုင် ကြောင်း အားပြည်သူများသိရှိ နားလည်စေရေး ဆက်လက်အသိပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ရောဂါကူးစက်ခံရမှု မရှိရအောင် ပြည်သူလူထုအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား သတင်းမီဒီယာ၊ ပိုစတာ၊ လက်ကမ်းစာစောင်များဖြင့် အသိပညာပေး ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသော်လည်း ပြည်သူလူထုမှ ၄င်းသတင်းအချက်အလက် များကို သိရှိခြင်း ရှိ၊ မရှိနှင့် လက်တွေ့ကျင့်သုံးခြင်း ရှိ၊ မရှိတို့ ကိုဆန်းစစ်နိုင်ရန် ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသူ/သားများ ပါ၀င်သည့် အဖွဲ့မှ သုတေသနပုံစံဖြင့် ဆန်းစစ်မှုများ ပြုလုပ်သွားရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်ရှိ ကျေးလက် တောရွာများတွင် ဆောင်ရွက်စေလိုပါကြောင်း၊ ဖေဖော်ဝါရီ ၂၉ ရက်မှစတင်၍ ကမ္ဘာကျန်းမာ ရေးအဖွဲ့မှရောဂါအဓိပ္ပာယ်သတ်မှတ်ချက် ပြောင်းလဲခဲ့သဖြင့် မိမိတို့အနေဖြင့် ပြောင်လဲလာ သည့်အခြေအနေပေါ်မူတည်၍ လူနာသစ် ရှာဖွေခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းတို့အား ပိုမို ကောင်းမွန်စေရန် Clinical Management Committee မှ လုပ်ငန်းလမ်းညွှန်၊ လူနာအခြေ အနေဆန်းစစ်မှုနှင့် စံလုပ်ထုံးလုပ်နည်းများအား မွမ်းမံပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ မွမ်းမံမှုများ ပြုလုပ်ထားသည့် COVID-19 လူနာကုသခြင်းလမ်းညွန်များကို တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံ များမှ ဆရာ၀န်များထံ ချက်ချင်း ထပ်မံဖြန့်ဝေပေးအပ်စေလိုပါကြောင်း။
အသွားအလာ ကန့်သတ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း မပြုလုပ်မီ ဆွေးနွေးပြောကြားခြင်း ပြုလုပ်နိုင်ရန်အတွက် ဆေးလူမှုဆက် ဆံရေးအရာရှိ များအားတာ၀န်ပေးအပ်သွား မည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားရာနေရာဒေသမှ ပြည်တွင်း၊ အထူးသဖြင့် ရန်ကုန်သို့ ရောက်ရှိလာသူ နိုင်ငံသားနှင့် နိုင်ငံခြားသား များအား ရောဂါလက္ခဏာမရှိသော်လည်း သတ်မှတ်နေရာတွင် ထားရှိကာ အသွားအလာ ကန့်သတ်၍ ရောဂါဖြစ်ပွားမှုရှိ၊ မရှိ စနစ်တကျစောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာန၏ ဆောက်လုပ်ပြီးစီးသော်လည်း အသုံးပြုခြင်းမရှိသေးသည့် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး (၄) ထပ်ဆောင်သစ်နှင့် ဒဂုံဆိပ် ကမ်းမြို့နယ်မှ ဆေးရုံသစ် တို့တွင် အသင့်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း။
အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆောက်လုပ်ပြီးစီးသော်လည်း အသုံးပြုခြင်းမရှိ သေးသည့် လူနာဆောင်သစ်များကို အသွားအလာကန့်သတ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ပြင်ဆင်ထားရှိမှုများကို အမြန်ဆုံး ပြန်လည်သုံးသပ်စေလို ပါကြောင်း၊ ထို့အပြင် အခြားသင့်တော်ရာ နေရာများကိုလည်း ကြိုတင်သတ်မှတ် ပြင်ဆင်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် နှီးနွှယ်ဝန်ကြီးဌာနများနှင့်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်လည်းကောင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်းချိတ်ဆက်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက်အားဖြည့်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးအချက် အလက် (Daily Update Situation) များ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာမှု အရေအတွက်နှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ကျန်းမာရေးဆိုင်ရာကြေညာချက် (health declaration card) ကို ဖြည့်သွင်းရာတွင် ခရီးသည်များ အဆင်ပြေစေရေးအတွက် မိမိတို့လိုအပ်သော သတင်းအချက်အလက် အချို့ ကိုသာဖြည့်သွင်းနိုင်ရန် ပြုပြင်မွမ်းမံ ထားရှိမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါအဓိပ္ပာယ်သတ်မှတ်ချက် ပြောင်းလဲမှုနှင့်အညီ သံသယရှိသော လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည်များထံမှ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးနိုင်ရေး၊ ကိုးရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြည်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသူ/ သားများ အနက် ဒယ်ဂူးမြို့တွင် ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား (၇) ဉီးအား ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံတွင် Hospital Quarantine (၁၄) ရက်ထားရှိနေမှု၊ ဒုတိယညွန်ကြားရေးမှုချုပ် (ကုသရေး)မှဦးဆောင်၍၊ ရန်ကုန်တိုင်း ဒေသကြီး ဝေဘာဂီ အထူးကုဆေးရုံသို့ကွင်းဆင်းသွားရောက်ပြီး လိုအပ်ချက်များကိုဖြည့် ဆည်းဆောင်ရွက်ခဲ့မှု၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဆေးရုံ/ ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေ အနေများ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခချုပ်/ ဆေးရုံအုပ်ကြီး (ရန်ကုန်ဆေးရုံကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချူပ် (စီမံ/ဘဏ္ဍာ) ဒုတိယညွှန်ကြား ရေးမှူးချုပ်(ဓာတ်ခွဲ)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ပါမောက္ခချုပ် (ပြည်သူ့ကျန်းမာရေးတက္ကသိုလ်)၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး(၀ယ်ဖြန့်)၊ ရန်ကုန် ပြည်သူ့ဆေးရုံ အုပ်ကြီး၊ ကာကွယ်ရေးနှင့် အပူပိုင်းဆိုင်ရာ ဆေးပညာဆိုင်ရာ ဌာနမှပါမောက္ခ များ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေးကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် “Tint Tint Myanmar Group Of Companies မှ လှူဒါန်းသည့် Water Bus ရေယာဉ်အား အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ညှိနှိုင်းအစည်းအဝေး” သို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးရှိ မြစ်ကြောင်း များတစ်လျှောက်တွင် နေထိုင်ကြသော ပြည်သူများအား ပဏာမကျန်းမာရေးစောင့်ရှောက်မှု၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်း ကျန်းမာရေးစောင့် ရှောက်မှုများအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုပိုမိုပေးအပ်နိုင်ရေးအတွက် ယခုလှူဒါန်း ရရှိသည့် ရေယာဉ်ကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးဆွေးနွေး ပေးကြစေလိုပါကြောင်း၊
မိမိအနေဖြင့် ဝန်ကြီးဌာနမှ ပြည်သူ့လွှတ်တော်၌လည်း နယ်လှည့် (mobile) ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကတိကဝတ်ပေးပေးအပ်ခဲ့ပါကြောင်း၊ နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် လိုအပ်မည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာ၊ ကျန်းမာရေး အသိပညာပေးရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာများနှင့် အမျိုးမျိုးသော ကျန်းမာရေးဝန်ထမ်းများ နှင့် အခြားလိုအပ်ချက်များကို ဝန်ကြီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။
နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ရွှေပါရမီဖောင်ဒေးရှင်းမှ လှူဒါန်းထားသော နယ်လှည့်မော်တော်ယာဉ် ကြီး (၂) စီး ရရှိထားသည်ဖြစ်၍ ကျေးလက်တောရွာနေပြည်သူများအတွက် အဆိုပါ မော်တော် ယာဉ်များအသုံးပြုကာ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှု ပုံစံဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှု များ မကြာမီပေးအပ်ရန် စီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်က ရေယာဉ်အသုံးပြု နယ်လှည့် (mobile) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မည့် ကနဦးအစီအစဉ်ကိုလည်းကောင်း၊ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ အထွေထွေမန်နေဂျာ ဦးသီလသိမ်းနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်တို့က ရေယာဉ်ကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် စစ်ဆေးမှု၊ ပြုပြင်ထိန်းသိမ်းမှု၊ မွမ်းမံတည်ဆောက်ရန် လိုအပ်မှုအခြေအနေနှင့် ကုန်ကျစရိတ်အပါအဝင် ထည့်သွင်းစဉ်းစား ရမည့် အသေးစိတ်အချက်အလက်များနှင့် ပံ့ပိုးကူညီနိုင်မည်များကိုလည်းကောင်း ဆွေးနွေးအကြံပြုတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ရည်မှန်းချက် ရရှိအကောင်အထည်ဖော်နိုင်ရေးအတွက် ဝေးလံခက်ခဲသော ဒေသများမှ ပြည်သူများ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း နိဂုံးချုပ် ပြောကြားသည်။
(သတင်းစဉ်)


