ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းတို့ ဩဂုတ် ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက စပါးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး ဥရောပစူပါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ စပါးအသင်းက ပထမပိုင်းပွဲကစားချိန် ၃၉ မိနစ်မှာ ဗန်ဒီဗင်ရဲ့ သွင်းဂိုး၊ ဒုတိယပိုင်း ၄၈ မိနစ်မှာ ရိုမီရိုရဲ့ သွင်းဂိုးတွေရရှိခဲ့လို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ၈၅ မိနစ်မှာ လီကန်ရင်ရဲ့ သွင်းဂိုး၊ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို လေးမိနစ်မှာ ဂွန်ကာလို ရာမို့စ်ရဲ့ သွင်းဂိုးတွေရရှိခဲ့လို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက် ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ ပီအက်စ်ဂျီအသင်းက စပါးအသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရကာ ဥရောပစူပါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အခုပွဲစဉ်မှာ ဦးဆောင်ဂိုး နှစ်ဂိုးခွင့်ပြုပေးလိုက်ရပေမယ့် ဒုတိယပိုင်းသွင်းဂိုးနဲ့ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာလည်း သေချာတဲ့ရလဒ်တစ်ခုကို ဆောင်ကြဉ်းနိုင်ခဲ့လို့သာ ဥရောပစူပါဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီမီယာလိဂ်သွင်းဂိုး ၆၅ ဂိုးအထိ ခွင့်ပြုပေးခဲ့ရတဲ့ စပါးအသင်းဟာ အခုပွဲစဉ်မှာလည်း ပီ အက်စ်ဂျီအသင်းကို ပွဲချိန်တစ်လျှောက် အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းရဲ့ အားနည်းချက်တွေကြောင့် နောက်ကျသွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရကာ ဥရောပစူပါဖလားနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။
စပါးအသင်းဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၆ ရက်မှာ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကတော့ ပြင်သစ်ပထမတန်းပွဲစဉ်အဖြစ် ဩဂုတ် ၁၇ ရက်မှာ နန့်တက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်


