နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန်ခြေစစ်ပွဲစဉ်တွေ အပြီးမှာ စပိန်အသင်း၊ ဘယ်လ်ဂျီယံအသင်း၊ ဩစတြီးယားအသင်းနဲ့ စကော့တလန်အသင်းတို့ဟာ ကမ္ဘာ့ဖလားဝင်ခွင့် အသီးသီးရရှိခဲ့ပါတယ်။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားဥရောပဇုန် ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်မှာ တူကီယဲအသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ရမှတ်စုစုပေါင်း ၁၅ မှတ်ရရှိထားတာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းကလည်း ရမှတ် ၁၈ မှတ်နဲ့ ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါ တယ်။
ဒါ့အပြင် ဩစတြီးယားအသင်းနဲ့ စကော့တလန်အသင်းတို့ဟာလည်း အုပ်စုအသီးသီးမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ကာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဩစတြီးယားအသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဝင်ခွင့်ရရှိခဲ့တာဖြစ်သလို စကော့တလန်အသင်းကလည်း ၂၈ နှစ်တာကာလအတွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စပိန်အသင်း၊ ဘယ်လ်ဂျီယံအသင်း၊ ဩစတြီးယားအသင်းနဲ့ စကော့တလန်အသင်းတို့ဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ရအသင်းပေါင်း ၃၉ သင်း အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ မက္ကဆီကိုနိုင်ငံတို့အပါအဝင် ဂျပန်၊ နယူးဇီလန်၊ အီရန်၊ အာဂျင်တီးနား၊ ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ဘရာဇီး၊ အီကွေဒေါ၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ပါရာဂွေး၊ မော်ရိုကို၊ တူနီးရှား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ ဂါနာ၊ ကိတ်ဗာဒီ၊ တောင်အာဖရိက၊ ကာတာ၊ ဆော်ဒီ၊ အိုင်ဗရီကို့စ်၊ ဆီနီဂေါ၊ အင်္ဂလန်၊ ပြင်သစ်၊ ခရိုအေးရှား၊ ပေါ်တူဂီ၊ နော်ဝေ၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ စပိန်နဲ့ စကော့တလန်တို့ဟာ ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိထားတာဖြစ်ပါတယ်။
ဥရောပဇုန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်တဲ့ အသင်း ၁၂ သင်း ထွက်ပေါ်လာခဲ့ပြီဖြစ်တာကြောင့် လက်ကျန် လေးနေရာအတွက် ဥရောပဇုန် Play-offs အဆင့်ကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ အသင်း တွေကတော့ အီတလီ၊ ဒိန်းမတ်၊ တူကီယဲ၊ ယူကရိန်း၊ ပိုလန်၊ ဝေးလ်စ်၊ ချက်၊ ဆလိုဗက်ကီး ယား၊ အိုင်ယာလန်၊ အယ်လ်ဘေးနီးယား၊ ဘော့စနီးယား၊ ကိုဆိုဗို၊ ရိုမေးနီးယား၊ ဆွီဒင်၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မြောက်အိုင်ယာလန်အသင်းတို့ပဲဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပသွားမှာဖြစ်တာကြောင့် နောက်ထပ်ကိုးသင်းဟာ ဘယ်အသင်းတွေ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တဲ့အသင်းတွေဖြစ်မလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ငွေကြယ်


