ယူအီးအက်ဖ်အေ အမျိုးသမီးယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်မှ ဇူလိုင် ၂၄ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမနီအမျိုးသမီးအသင်းနှင့် စပိန်အမျိုးသမီး အသင်းပွဲစဉ်တွင် စပိန် အမျိုးသမီးအသင်းက အကြိတ်အနယ်ကစားကာ ဘွန်မာတီ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲရရှိပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါ ပွဲစဉ်မှာ စပိန်အသင်းက ဂျာမနီအသင်း ကို ပထမဆုံးအကြိမ် အနိုင်ရရှိသည့် သမိုင်းဝင်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ စပိန်အသင်းသည် ဂျာမနီအသင်းနှင့် ယခင်တွေ့ဆုံခဲ့သည့် ကိုးကြိမ်တွင် သုံးကြိမ် သရေကျထားပြီး ငါးကြိမ်အထိ ရှုံးနိမ့်ထားသည်။
ဂျာမနီအသင်းသည် အမျိုးသမီးယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ စပိန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၁၁၃ မိနစ်တွင် ဘွန်မာတီက သွင်းယူပေးခဲ့သည်။ အဆိုပါပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိ သရေကျနေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ ဂျာမနီအသင်းသည် အချိန်ပိုတွင် ခွင့်ပြုပေးခဲ့ရသော သွင်းဂိုးကြောင့် ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့သည်။
ဂျာမနီကို အကြိတ်အနယ်ကစားကာ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော စပိန်အသင်းသည် အမျိုးသမီးယူရိုပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာမည့် ဇူလိုင် ၂၇ ရက်တွင် အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်


