မြန်မာနိုင်ငံသားတို့၏ ဆန်နှင့် ဆီစားသုံးမှုမှာ မြင့်မားလှသည်။ တစ်ဦးချင်းဆန်စားသုံးမှုအရ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဟု ပင်ဆိုသည်၊၊ မြန်မာလူမျိုးတစ်ဦး တစ်နှစ်လျှင် ဆန်စားသုံးမှု ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိသည်ဟူသော စစ်တမ်းရှိသကဲ့သို့ မြန်မာလူမျိုးတစ်ဦး တစ်နှစ်လျှင် ဆန်စားသုံးမှု ပျမ်းမျှ ၁၉၀ ကီလိုဂရမ်မှ ၂၁၀ ကီလိုဂရမ်အထိ ရှိသည်ဟူသော ခန့်မှန်း ချက်ကိုလည်း တွေ့ရသည်။ မည်သို့ပင်ဆိုစေ စစ်တမ်းတို့၏ ကောက်ယူတွေ့ရှိချက်အရ မြန်မာတို့ဆန်စားနှုန်း မြင့်မား သည်ဟူ၍ပင် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဆန်စပါးအဓိက စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံလည်းဖြစ်သည်။ မိုးစပါး၊ နွေစပါးဟူ၍ တစ်နှစ်လျှင် နှစ်သီး စိုက်ပျိုးထုတ်လုပ်ရာ၌ နွေစပါးစိုက်ဧကက မိုးစပါး စိုက်ဧက၏ ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်။ ဆန်စပါးသည် နိုင်ငံ၏အဓိကစားနပ်ရိက္ခာ ဖြစ်သကဲ့သို့ ပြည်ပပို့ကုန် အဖြစ်ဖြင့် ဝင်ငွေရှာနေရသော သီးနှံလည်းဖြစ်သည်။ ဆန်စားသုံးမှု စစ်တမ်းတစ်ရပ်တွင် မြန်မာနိုင်ငံက တစ်နှစ်လျှင် ဆန် တန်ချိန် ၁၄ သန်းခန့် ထုတ်လုပ်နိုင်ပြီး ၁၂ သန်းခန့်ကို စားသုံး လိုက်သည်ဟုဆိုထားရာ ပြည်ပတင်ပို့မှုများကိုပါ ထည့်သွင်းတွက်ချက်ပါက အရေးပေါ် စားနပ်ရိက္ခာအတွက် ပိုပိုလျှံလျှံ အရန်ထားရှိနိုင်မှု နည်းပါးမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ဆန်ကို ပြည်ပဈေးကွက်တွင် ဝယ်လိုအား ကောင်းလျက်ရှိရာ အခွင့်သာခိုက် လုံ့လစိုက်နိုင်လျှင် နိုင်ငံ အကျိုး၊ ကိုယ့်အကျိုး ဝင်ငွေတိုးကြမည်ဖြစ်သည်။
“စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးစပါး စိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ စိုက်ဧက ၁၇ သန်းကျော်ရှိသော်လည်း နွေစပါး၊ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုသည် ရည်မှန်းချက်မပြည့်မီသေးကြောင်း၊ စိုက်ဧက၊ ပြည်ပပို့သည့်ဆန်နှင့် လက်ကျန်ရှိသည့် ဆန်ကို ရာသီအလိုက် ချိန်ဆရာတွင် အလျှံပယ်ပိုခြင်းမရှိသည်ကို တွေ့ရကြောင်း၊ သတိထားရမည့် အခြေအနေမျိုးရှိကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက် များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် အမှာ စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိ ခန့်မှန်းထားသော တစ်ဧကပျမ်းမျှ အထွက်နှုန်းထက် တစ်ဧကလျှင်ငါးတင်း ပိုမိုထွက်ရှိလာအောင် ကြိုးပမ်း ဆောင်ရွက်ခြင်းအားဖြင့် နွေစပါး၊ မိုးစပါး စုစုပေါင်း စပါး တင်းသန်း ၉၀ ခန့်ထွက်ရှိလာရေး အသေအချာ၊ အလေးထား ဆောင်ရွက်ပေးရန် အစိုးရဘက်က သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေများရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသွားသည်။
စပါးအထွက်တိုးရေး ဆောင်ရန်၊ ရှောင်ရန် ဆောင်ရွက်ရမည့် အချက်များ၊ လိုအပ်ချက်များကို စပါးစိုက်တောင်သူ အများစုက သိနားလည်ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လျှော့ရသည်ဟုဆိုကြသည်။ ဖြစ်သည့်နည်းဖြင့် စိုက်ပျိုးပြီး ထွက်လာသလောက်ကိုသာ လက်ခံနေကြရခြင်း ဖြစ်သည်ဟုဆိုသည်။ စပါးအထွက်တိုးရေးအတွက် တောင်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်နည်းတူ တောင်သူတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့် ပေါင်းစပ်ပါက နိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံစေမည့်အပြင် ပြည်ပဈေးကွက်သို့လည်း ပိုမိုတင်ပို့နိုင်ပြီး နိုင်ငံနှင့် တောင်သူတို့ အကျိုးစီးပွား ပိုမိုမြင့်မားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း


