မန္တလေး ၂၁ ဖေဖော်ဝါရီ
ပြင်ဦးလွင်မြို့ဟာ ရာသီဥတု အေးမြသောကြောင့် အနီးပတ်ဝန်းကျင်မှာ ရှုခင်းသာယာ လှပေသလို ဟင်းသီးဟင်းရွက် သစ်သီးသစ်နှံ ပန်းမန်တွေလည်း ဖြစ်ထွန်းတဲ့ ဒေသတစ်ခုပါ။ တောင်စောင်း တောင်ခါးပန်းများတွေမှာ ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ်၊ လိမ္မော် စတဲ့ စိုက်ခင်းတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။
ဒီလို စိုက်ပျိုးသီးနှံတွေထဲမှာမှ စတော်ဘယ်ရီဟာ ပြင်ဦးလွင်မြို့နဲ့ ခွဲခြားမရတဲ့ ဒေသထွက်ကုန် တစ်ခုလို့ ဆိုရမှာပါ။ ပြင်ဦးလွင်လို့ ပြောလိုက်တာနဲ့ သူ့ရဲဒေသထွက်ကုန် စတော်ဘယ်ရီဟာလည်း မပါမဖြစ် အရာတစ်ခုပါပဲ။
စတော်ဘယ်ရီသီးတွေကို နို့ဆီနို့စိမ်းနဲ့ သကြားရည်လေးထည့်လို့ ဖျော်ရည်စက်လေးနဲ့ ကျိတ်လိုက်ရင်တော့ ချဉ်ချိုမွှေးတဲ့ ရင်အေးစရာ သဘာဝသစ်သီး ဖျော်ရည်လေးတစ်ခွက်ကို ရရှိမှာ ဖြစ်ပါတယ်။
နီနီရဲရဲ စတော်ဘယ်ရီ သီးလေးတွေမှာတော့ လူတို့အတွက် ကျန်းမာရေးသာမက အလှအပအတွက်ပါ အကျိုးပြုစေတဲ့ ဗိုက်တာမင်တွေ ဖော်ရစ်အက်ဆစ်တွေ အများကြီး ပါဝင်နေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တာတို့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးဖို့နဲ့ အသားရည် ထိန်းသိမ်းပေးဖို့ဆိုရင်တော့ စတော်ဘယ်ရီသီးလေးတွေက စွမ်းဆောင်ပေးနိုင်ပါသေးတယ်။
ဆောင်းနှောင်းရာသီနဲ့ နွေဦးရာသီကို ရောက်ရင်ဖြင့် ပြင်ဦးလွင်မြို့ အနီးတဝိုက် ရွာတွေနဲ့ အနီးစခန်းဝန်းကျင်က ကျေးရွာတွေမှာ စတော်ဘယ်ရီ စိုက်ခင်းတွေ ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
စတော်ဘယ်ရီပင်ဟာ အေးမြတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ မြေကြီးမှာကပ်ပြီးပေါက်လို့ မြေလျှောက်ပင်အမျိုးအစားလည်းဖြစ်ပါတယ်။ စိုစွတ်တဲ့ မြေမျိုးနဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၀ဝ၀ ကနေ ၆၀ဝ၀ အတွင်းမှာရှိတဲ့ မြေမျိုးကိုတော့ အထူးကြိုက်နှစ်သက်ပါတယ်။ မြေပြန့်ဒေသတွေမှာစိုက်မယ်ဆိုရင်တော့ အပင်ဖြစ်ထွန်းပေမယ့်လည်းအပွင့်ပွင့်မှု နည်းတယ်လို့ သိရပါတယ်။
ပြင်ဦးလွင် အနီးတစ်ဝိုက်က စိုက်ခင်းမြေတွေဟာ ရာသီဥတုနဲ့ မြေအနေထားမှာစတော်ဘယ်ရီစိုက်ဖို့ သင့်တော်တဲ့ အတွင် စတော်ဘယ်ရီတွေ အစိုက်များလှပါတယ်။
သည်နယ်တစ်ဝိုက်မှာတော့ ဒေသသီးလို့ခေါ်တဲ့ စတော်ဘယ်ရီသီးအလုံးသေးသေးလေးတွေကို စိုက်ပျိုးသလို၊ ဂျပန်မျိုး၊ ထိုင်ဝမ်မျိုးတွေကိုလည်း စိုက်ပျိုးကြပါတယ်။
ထိုင်ဝမ်သီးဟာ ခပ်ပြားပြားသဏ္ဍန်ရှိပြီးချဉ်တဲ့ အရသာရှိပါတယ်။ ဂျပန်မျိုး စတော်ဘယ်ရီ သီးတွေကတော့ အလုံးကြီးပြီး ချိုတဲ့ အရသာရှိပါတယ်။
မြေပြင်မှာ ကပ်ပြီးပေါက်တဲ့ စတော်ဘယ်ရီ အပင်လေးတွေကို စိပ်စိပ် စိုက်တက်ကြပါတယ်။
အရွက်ဖားဖားလေးတွေရဲ့ အောက်မှာသီးနေတဲ့ အနီရောင် စတော်ဘယ်ရီသီးလေးတွေကိုသေချာကြည့်မှ ဟိုတစ်စဒီတစ်စ တွေ့ရတာဖြစ်တယ်။
စတော်ဘယ်ရီကို အောင်တိုဘာလလောက်မှာ စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ ကနေ မေလအတွင်းကာလဟာ စတော်ဘယ်ရီ ခူးဆွတ်တဲ့ ကာလပဲဖြစ်ပါတယ်။
စတော်ဘယ်ရီ ထွက်ရှိရာ ဒေသကနေ မန္တလေးမြို့ကို အဓိကတင်ပို့ ရောင်းချတာဖြစ်ပါတယ်။ ဒေသတွင်းမှာရှိနေတဲ့ စတော်ဘယ်ရီယိုလုပ်ငန်းတွေကိုအများဆုံးရောင်းချတာ ဖြစ်ပြီးတော့ မိရိုးဖလာဝိုင်စိမ်တဲ့ လုပ်ငန်းတွေမှာလည်း အသုံးပြုကြတာများပါတယ်။
ပြင်ဦးလွင်ကို ရောက်တဲ့အခါ အမှတ်တရ အရောင်းဆိုင်တွေမှာ စတော်ဘီရီသီးတွေ ရောင်းချကြသလို ဝိုင်အဖြစ် ဖော်စပ်ထားတဲ့ ဒေသထွက် ဝိုင်တွေကိုလည်း အိမ်ပြန် လက်ဆောင်လေးတွေအဖြစ် တွေ့မှာပါ။
ဝါးခြင်းလေးတွေနဲ့ ပြုလုပ်ထားတဲ့ စတော်ဘယ်ရီတစ်ခြင်းကို ၈၀ဝ ကျပ်နှုန်းရှိပြီး အသီးထွက်ရှိမှုများတဲ့အခါ တစ်ခြင်းကို ကျပ် ၃၀ဝ ဝန်းကျင်သာ ရောင်းချရတယ်လို့ သိရပါတယ်။
အခုဆိုရင် ပြည်တွင်း၊ ပြည်ပခရီးသွားတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကိုယ်တိုင် ဝင်ရောက်လေ့လာမှုတွေကို နှစ်သက်လာကြပါတယ်။
လည်ပတ်မှု ပုံစံပြောင်းလဲလာတဲ့ နောက်မှာတော့ စီးပွားရေး လုပ်ကိုင်သူတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ခရီးသွားလည်ပတ်မှုကို တွဲဖက်လုပ်ကိုင်လာကြပါတယ်။
ပြင်ဦးလွင်မြို့မှာ ခရီးသွားတွေ ကိုယ်တိုင်ဝင်ရောက် လေ့လာနိုင်တဲ့ စပျစ်စိုက်ခင်း၊ စတော်ဘယ်ရီစိုက်ခင်း၊ လိမ္မော်စိုက်ခင်းတွေ ခရီးသွားတွေ ကိုယ်တိုင် ဝင်ရာက်ခူးစွတ် လေ့လာနိုင်တဲ့ စိုက်ခင်းတွေ ရှိပါတယ်။
ပန်းမြို့တော်လို့ခေါ်တဲ့ ပြင်ဦးလွင်မြို့ကိုရောက်တဲ့ ခရီးသွားတိုင်းဟာ စတော်ဘယ်ရီသီး၊ စတော်ဘယ်ရီဝိုင်တွေကို အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြတဲ့ ဒေသထွက်ကုန် တစ်ခုပဲ ဖြစ်ပါတယ်။ ။
အိမို့မို့ခိုင်


