ဖေဖော်ဝါရီလ ၇ ရက်နေ့က တောင်ကြီးမြို့ အဝေရာ (မီးပုံးပျံ)ကွင်းတွင်(၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖတ်ကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။


နိုင်ငံရေးအဓိပ္ပာယ် လေးနက်လှ


နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ် ကြိုးပမ်း ဆောင်ရွက်နေရသလို ယခုကဲ့သို့ ပြည်ထောင်စုနေ့ နီးကပ်လာချိန်များတွင်လည်း ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်စေရေးအတွက် အစဉ်အလာမပျက် လုပ်ဆောင်ကြရသည်။ ဇန်နဝါရီလနှင့် ယခုလဆန်းရက်များအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကချင်ပြည်နယ်ခရီးစဉ်၊ ချင်းပြည်နယ်ခရီးစဉ်နှင့် ရှမ်းပြည်နယ်ဒေသများသို့ သွားရောက်ခဲ့သည့်ခရီးစဉ်များကို တွေ့မြင်ခဲ့ကြရပါသည်။ ထိုခရီးစဉ်များအတွင်း တိုင်းရင်းသား ညီနောင်များ၏ လှိုက်လှဲပျူငှာဖော်ရွေစွာ ကြိုဆိုမှု၊ နွေးထွေးမှုများကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်ကြရသည်။ ယခုကာလများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းတွင် အလားအလာအကောင်းဆုံး အချိန်ဖြစ်သလို စိန်ခေါ်မှုများပြင်းထန်သော အချိန်လည်းဖြစ်ရာ ယခုကဲ့သို့ သမ္မတ၏ သဝဏ်လွှာနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်ခွန်းဆက်စကား တို့မှာလည်း နိုင်ငံရေးအဓိပ္ပာယ် လေးနက်လှသည်ကို တွေ့ရမည်ဖြစ်ပါသည်။


ရှမ်းတိုင်းရင်းသားများနှင့် တောင်တန်းဒေသ တိုင်းရင်းသားများ ဖြစ်ကြသော ချင်း၊ ကချင်တို့သည်ပြည်မနှင့်အတူ လွတ်လပ်ရေးရယူမည်ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်ခဲ့သည်။ ပြည်မနှင့် တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန် ဆုံးဖြတ်နိုင်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့်ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်(၇၂) နှစ် ရှိပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အလေးအနက် ထောက်ပြခဲ့သည်။


ပြိုကွဲသွားသော နိုင်ငံများလည်းရှိခဲ့


တိုင်းရင်းသားများကြား သွေးကွဲစေခြင်း၏ အရင်းခံပြဿနာမှာ အင်္ဂလိပ်နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခြင်းနည်းကြောင့်ပင် ဖြစ်သည်။ ဤသွေးခွဲအုပ်ချုပ်ခြင်းကို အင်္ဂလိပ်စိုးမိုးခဲ့ရာ အိန္ဒိယတွင်လည်းကောင်း၊ ဆူဒန်တွင်လည်းကောင်း၊ အီရတ်တွင်လည်းကောင်း လေ့လာတွေ့မြင်နိုင်ပါသည်။ ထိုကိုလိုနီဟောင်း နိုင်ငံအများအပြားအတွင်း တိုင်းရင်းသားသွေးစည်းညီညွတ်ပြီး တလုံးတစည်းတည်းသော နိုင်ငံများအဖြစ် ကြိုးပမ်းတည်ဆောက်နိုင်သော နိုင်ငံများ ရှိသကဲ့သို့ ပြိုကွဲသွားသော နိုင်ငံများလည်းရှိခဲ့သည်။ နှစ်ရှည်လများ မျိုသိပ်အောင့်အည်း ခဲ့ရသော ပြဿနာများကို မဖြေရှင်းနိုင်မှုကြောင့် ဆူဒန်နိုင်ငံဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကိုရောက်ကာမှ ပြိုကွဲကာ တောင်ဆူဒန်၊ မြောက်ဆူဒန်ဟူ၍ ဖြစ်လာရသည်။ တစ်ဖန် အာဏာရှင်စနစ်များမှ ဒီမိုကရက်တိုက်ဇေးရှင်းသို့အကူး ကာလများတွင်လည်း နိုင်ငံအချို့ ပြိုကွဲခဲ့သည်ကို တွေ့နိုင်သည်။ ဘော်လကန်နိုက်ဇေးရှင်းဟူသော ဝေါဟာရတစ်လုံး ထွက်ပေါ်လာခဲ့သည်အထိ ဘော်လကန်ဒေသ၊ ယူဂိုဆလားဗီးယား နိုင်ငံ ပြိုကွဲမှုကို လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအလွန်က တွေ့ခဲ့ကြရမည် ဖြစ်ပါသည်။


ခင်မင်တွယ်တာစိတ်ရှိလာ


ဒီမိုကရေစီပွင့်လန်းလာသောကာလတွင် အနှစ်နှစ်အလလ ခွဲခြားဆက်ဆံခံရသည်ဟူသော ခံစားချက်များ၊ မျိုးနွယ်စုအလိုက် အမှတ်လက္ခဏာများ ပြန်လည်နိုးထ လာကြသည်ကို ကမ္ဘာ့နိုင်ငံအများအပြားတွင်ပင် တွေ့မြင်ကြရသည်။ အုပ်စုလိုက် အမှတ်လက္ခဏာများကို ဇောင်းပေးလွန်းသောအခါ စုပေါင်းအကျိုးစီးပွား (Common Interests) နှင့် တိုးတိုက်မိလာတော့သည်။ ဤသည်ကိုပင် အမှတ်လက္ခဏာနိုင်ငံရေး (Identity Politics) ဟု နိုင်ငံတကာပညာရှင်များက ခေါ်ဆိုလာကြသည်။ လူသားဆိုသည်မှာ မျိုးနွယ်စုများအလိုက် တည်ရှိလာကြခြင်းဖြစ်သည်။ ၎င်းတို့သည် အုပ်စုတစ်ခုအတွင်း ပါဝင်နေရန် လိုအပ်သည်။ ထို့ကြောင့် မိမိသက်ဆိုင်ရာ မျိုးနွယ်စု၊ အုပ်စု၊ အသင်းအဖွဲ့စသည်တို့အပေါ် ခင်မင်တွယ်တာစိတ်ရှိလာရသည်။ ထိုအုပ်စုအကျိုးစီးပွားအတွက်ဆောင်ရွက်တတ်ကြသည်။ တစ်ဦးချင်းအတွက်အကျိုး ကျေးဇူးမရှိသည့်တိုင်အောင် အုပ်စုအကျိုးစီးပွားကို ဆောင်ကြဉ်းတတ် ကြသည်။ ပြင်ပပုဂ္ဂိုလ်များကို ပြစ်ဒဏ်ခတ်ခြင်းလုပ်တတ်ကြသည်။ ကိုယ့်သက်ဆိုင်ရာ အုပ်စုအတွက် စွန့်လွှတ်ခြင်း၊ အသေခံခြင်း၊ သတ်ဖြတ်ခြင်းများပင် ပြုလုပ်တတ်ကြကြောင်း နိုင်ငံရေးဆရာများက ထောက်ပြ လာကြသည်။ အမေရိကန်နိုင်ငံခြားရေး ပေါ်လစီသည်ရာ စုနှစ်တစ်ဝက်ကျော် ကာလတစ်လျှောက်လုံး လူတစ်ဦးချင်းအခွင့်အရေးကိုသာ ကြွေးကြော်ခဲ့သော်လည်း အုပ်စုလိုက် နိုင်ငံရေး(ဝါ) မျိုးနွယ်စုလိုက် နိုင်ငံရေးများ၏အင်အားကို မျက်ကွယ်ပြုခဲ့သည်ဟု ယေးလ်တက္ကသိုလ်ဥပဒေပါမောက္ခ အေမီချွား(Amy Chua) ၏ Political Tribes ဆိုသော စာအုပ်တွင် ရေးသားထားသည်ကို တွေ့ရသည်။


ဆွေးနွေးအဖြေရှာ


ထိုစာအုပ်ပါသတိပြုမိစရာ စာကြောင်းတစ်ကြောင်းကို မူရင်းအတိုင်း ဖော်ပြလိုသည်။ '' American tend to think of democracy as a unifying force. But under certain conditions, including inequality that tracks racial, ethnic or sectarian divides, democracy can actually ignite group conflicts'' အဓိပ္ပာယ်မှာ 'အမေရိကန်တို့က ဒီမိုကရေစီကို စည်းလုံးညီညွတ်ရေးအင်အားတစ်ခုအဖြစ် မှတ်ယူခဲ့ကြသော်လည်း အသားအရောင်၊ လူမျိုးရေး (သို့) ခွဲထွက်ရေးတို့ကို ဖြစ်စေသော တန်းတူမညီမျှမှုများ ဖြစ်ပေါ်နေသည့် အခိုင်အမာ အခြေအနေများတွင် ဒီမိုကရေစီသည် အမှန်တကယ်ပင် အုပ်စုလိုက် ပဋိပက္ခအတွက် မီးပွားတစ်စ ဖြစ်လာနိုင်သည်' ဟု ဆိုလိုပါသည်။ ဤအယူအဆမှာ လက်တွေ့ နိုင်ငံတကာ အတွေ့အကြုံများမှ အခြေခံ ထွက်ပေါ်လာသောကြောင့် အဖြစ်မှန်ဟု ဆိုနိုင်သော်လည်း အဆိုပါအုပ်စုလိုက် ပဋိပက္ခများကို ဖြေရှင်းရန်မှာလည်း ဒီမိုကရေစီ နည်းလမ်းသာရှိသည်ဆိုခြင်းအပေါ် လေးနက်ရန်လိုပါသည်။ ဆိုလိုသည်မှာ အာဏာရှင်စနစ်များကဲ့သို့ ဖိနှိပ်၊ နှိပ်ကွပ်သော နည်းမျိုးဖြင့် ယာယီငြိမ်ဝပ်သွားရန် မဟုတ်ဘဲ ပြဿနာ၏ အရင်းအမြစ်ကစ၍ ဖြေရှင်းရန်မှာ ဒီမိုကရေစီနည်းကျစားပွဲဝိုင်းတွင် တန်းတူရည်တူ ဆွေးနွေးအဖြေရှာခြင်းပင် ဖြစ်ပါသည်။


မတူကွဲပြားတဲ့ စိတ်သဘောထားတွေ ညှိယူ


ထို့ကြောင့်ပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် '' ဒီလို နေ့ထူး နေ့မြတ်မှာ အတူရှိတဲ့အခါ ကျွန်မတို့ရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများရဲ့ မျှော်မှန်းချက်များနဲ့ ကျွန်မတို့မျှော်မှန်းချက်များ တစ်သားတည်းဖြစ်အောင်လို့ သန္နိဋ္ဌာန်ချဖို့ဟာ အုပ်ချုပ်ရေးတာဝန်ကို ယူကတည်းက နေစပြီးတော့ အဓိက ရည်မှန်းချက်သုံးချက်ကို ချပြခဲ့ပါတယ်။ ပထမကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒုတိယကတော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တတိယကတော့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာစေရေးပဲ ဖြစ်ပါတယ်။ ဒီသုံးခုဟာလည်း အားလုံးဆက်နွှယ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ နိုင်ငံရေးအရ မှန်ကန်ရေးနဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးတွေဟာ ခွဲလို့ရတဲ့အရာတွေ မဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည့်အပြင်ဆက်လက်၍ ''အားလုံးဟာ အလျှော့အတင်းလုပ်ဖို့ အဆင်သင့်ရှိတယ်။ အားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ချမ်းသာကြွယ်ဝငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးပဲ ဖြစ်တယ်ဆိုရင် မတူကွဲပြားတဲ့ စိတ်သဘောထားတွေကို ညှိယူဖို့ဟာက အခက်အခဲရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်ထောင်စုသားသမီးများ အားလုံးဟာ အတူလက်တွဲပြီးတော့ ကိုယ့်နိုင်ငံအတွက် စဉ်းစားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အခု ကမ္ဘာကြီးမှာ စုစည်းမှုတွေရှိသလို ကွဲပြားမှုတွေလည်း ရှိပါတယ်။ စုစည်းတဲ့ဘက်ကို သွားမလား၊ ကွဲပြားတဲ့ဘက်ကို သွားမလားဆိုတာ တစ်ဦးချင်း၊ တစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်း၊ တစ်ခုချင်းရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်" ဟုလည်း ပြောကြားခဲ့သည်။


ပေးခဲ့တဲ့ကတိအတိုင်း အကောင်အထည်ဖော်


ဆက်လက်ပြီး အရေးကြီး လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ပြောကြားသွားသည်။"ဒါကြောင့်စောစောက ပြောသွားတဲ့ ရည်မှန်းချက် သုံးချက်ဟာ အားလုံးဆက်နွှယ်နေတယ်ဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားသမီးများအားလုံးရဲ့ ဘဝအဆက်ဆက် သာယာဖို့အတွက်၊ တည်ငြိမ်ဖို့အတွက်၊ အေးချမ်းဖို့အတွက်၊ လုံခြုံဖို့အတွက် ခန့်မှန်းထားတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရမယ်။ တိုးတက်ရမယ်။ ငြိမ်းချမ်းရမယ်။ အချင်းချင်း ရင်ကြားစေ့မှုရှိရ မယ်။ နောက်ပြီးအားလုံးကနေ လက်ခံနိုင်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အခိုင်အမာ ရပ်တည်စေမယ့် ဖွဲ့စည်းပုံတစ်ခုရှိဖို့ဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်တွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြည်သူလူထုကို ပေးခဲ့တဲ့ကတိအတိုင်း ကြိုးစားပြီးတော့အကောင်အထည်ဖော်နေပါတယ်။"


ပြည်သူတစ်ရပ်လုံးပါဝင်ဖို့လည်း လိုအပ်


အဆိုပါ နှုတ်ခွန်းဆက်စကားကို နားထောင်ခြင်းအားဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းသည် အချိန်အခါအလိုက် ပြောကြားသော ပုံစံထက် များစွာ ပိုလွန်နေသည်ကို တွေ့နိုင်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် ရေရှည်မျှော်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ဤနေရာတွင် စုပေါင်းအကျိုးစီးပွားကို ကိုယ်စားပြုသော ပြည်ထောင်စုစိတ်ဓာတ်သည် အရေးကြီးလှသလို နေချင်စဖွယ်ရှိသော ပြည်ထောင်စုကြီးဖြစ်နေရန်အတွက် ကြိုးပမ်းကြရန်လည်း လိုနေပါသည်။ ထို့အတွက် ယခုအစိုးရက ချမှတ်ထားသော လုပ်ငန်းစဉ်'သုံး'ရပ် အောင်မြင်ရေးအတွက် သက်ဆိုင်နေသော အဖွဲ့အစည်းအသီးသီးတွင် တာဝန်ရှိသလို ပြည်သူတစ်ရပ်လုံးပါဝင်ဖို့လည်း လိုအပ်နေပါသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိဂုံးချုပ်စကား တွင် "ငြိမ်းချမ်းရေးနဲ့ပတ်သက်လျှင် (၂၁) ရာစုပင်လုံညီလာခံကြီးကို စတင်နိုင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးသည်လည်း အမျိုးသားရင်ကြားစေ့ရေးနှင့် လက်တွဲပြီး တစ်ကြိမ်တည်း လုပ်ရမည့် ကိစ္စဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုရဲ့ ဘဝစီးပွားတိုးတက်ဖွံ့ဖြိုးရေးဆိုသည်ကလည်း နိစ္စဓူဝ လုပ်ဆောင်နေသော ကိစ္စများဖြစ်ကြောင်း၊ အခုမကြာမီကာလက လွှတ်တော်မှစပြီး စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးခြေလှမ်းများကို စပြီး လှမ်းနေကြောင်း၊ ပြည်သူလူထုကို ပေးတဲ့ကတိတွေကို တတ်စွမ်းသမျှတည်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။


ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာစိုက်ထူ


ထို့ကြောင့်ပင် ပြည်ထောင်စုနေ့လို ကာလမျိုးတွင် ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာစိုက်ထူကြရန် လိုအပ်ပေသည်။ ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ ပင်လုံစိတ်ဓာတ်ပင် ဖြစ်သည်။ ပင်လုံစိတ်ဓာတ်ဆိုသည်မှာ တိုင်းရင်းသားညီနောင်များ စုစည်းညီညွတ်သောအင်အားဖြင့် ပန်းတိုင်သို့ရောက်နိုင်သည်ဆိုသော စိတ်ဓာတ်ဖြစ်သည်။ ထိုစိတ်ဓာတ်ကိုရရှိရေးအတွက် တန်းတူညီမျှမှုကို အခြေခံသော၊ တရားမျှတမှုကို အခြေခံသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဖြတ်သန်း အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ တစ်ခုလုံး အကျိုးစီးပွားကို ကိုယ်စားပြုသော ပြည်ထောင်စုမှ ခွဲထွက်လိုစိတ်မရှိအောင် ဖန်တီးရေးက အရေးကြီးသလို ဒေသစွဲ၊ အုပ်စုစွဲ စိတ်ဓာတ်များ လျော့ပါးရေးဟာလည်း အရေးကြီးသည်သာ ဖြစ်ပါ သည်။ စုစည်းသည့်ဘက်ကို သွားမလား၊ ကွဲပြားသည့်ဘက်ကို သွားမလားဆိုသည်ကို ကိုယ်စီကိုယ်စီဆုံးဖြတ်ကြရမည့် အချိန်ပင် ဖြစ်ပါသည်။ ။