mdn

သတင်းဆောင်းပါး - ရှင်မင်း

 

“ကုံရာ သီမာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူငါခြိမ့်သဲ။ ညာဇမ္ဗူသာဓုခေါ်အောင်၊ ယာဂုတော် ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ။ ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလည်းထည့်ပြန်။ မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိ လဗီဇံ။ အုန်းသီးစိတ် ကျပဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။ ဂျင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ်ကျပ်မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး” ဟူ၍ ရှေးမြန်မာများက ကုံရာ သီ တပို့တွဲ၏ ထမနဲထိုးခြင်းအလေ့အထကို တေးထပ်ရေးဖွဲ့ ဖော် ညွှန်း ထားသည်။

 

မြန်မာ့ရိုးရာ ထမနဲထိုးရာတွင် ကောက်ညှင်းဆန် လေးပြည်လျှင် ဆီတစ်ပိဿာ၊ ဂျင်း သုံးကျပ်ကျပ်သား၊ မြေပဲ ၈၀ ကျပ်ကျပ်သား၊ နှမ်း ၃၂ ကျပ်ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်ကျပ်သားနှင့်ဆား ၇ ကျပ်ကျပ်သား အချိုးအစားထည့်၍ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။

 

အေးမြဆဲ ရာ သီတပို့တွဲ အပူဆောင်သည့် ထမနဲ

 

ထမနဲပွဲကျင်းပသည့် တပို့တွဲလ၏ အချမ်းပိုပုံကို “တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ”၊ “နှာရည်စိုရွှဲ တပို့တွဲ” စသည်ဖြင့် ဖော်ကျူးထားကြသည်။ ထို့ပြင် “ကုံရာ သီတပို့တွဲ၊ ပေါက်လည်း ငုံကင်း၊ ဆီးနှင်းပေါက်ထန်၊ မြောက်ယံလေသွေး၊ အေးမြဆဲ” ဟု ဆိုကြသည့် အေးမြဆဲရာ သီတပို့တွဲတွင် အပူဆောင်သည့် ထမနဲကို အပူဓာတ်ရရှိစေရန် ရည်ရွယ်စားသုံးကြခြင်း ဖြစ်သည်။ 

 

ရှေးယခင်က ကောက်သစ်ပေါ်သည့် တပို့တွဲလ အခါသမယတွင် ယာဂုကျိုပြီး လှူဒါန်းသည့် အလေ့အထမှ ကျိုသည့်အဓိပ္ပာယ်နှင့် ဆင်တူသည့် နှဲခြင်းမှ ထမင်းနှဲ၊ ထမနဲဟူ၍ ပြောင်းလဲလာကြောင်း ဖတ်မှတ်သိရှိရပါသည်။ တချို့က ထမနဲကို နှမ်းကိုပိုပိုသာသာထည့်ခြင်းဖြင့် နှမ်းမနဲဟူ၍လည်း ခေါ် ကြကြောင်း သိရှိရပါသည်။ ထမနဲထိုးရာတွင် တစ်ယောက်တစ်လက်နှင့် စုပေါင်းအင်အားပြနိုင်မှသာ ထမနဲကောင်း ရရှိနိုင်သည်။ ပါဝင်သော အမယ်ပစ္စည်းများ အချိုးအစားမှန်ကန်ပြီး အထိုးနိုင်ပါက ထမနဲသည် စားကောင်းရုံသာမက ရက်ရှည်လည်း အထားခံကြောင်း ပြောဆိုကြသည်။

 

ပုဆိုးခါးတောင်းကျိုက် ထမနဲထိုးဟန်

 

ရှေးမြန်မာများကဲ့သို့ ထိုးကွင်းမင်ကြောင်များ ပေါ်လွင်နေသည့် ပုဆိုးခါးတောင်း ကျိုက်ဖြင့် စုပေါင်း၍ ထမနဲထိုးသည့် အသွင်သ္ဌာန်သည် ယနေ့ခေတ်တွင် မရှိတော့ပေ။ သို့သော် ယနေ့ခေတ် ထမနဲထိုးခြင်းအလေ့အထနှင့်အတူ ရှေးမြန်မာများ၏ ထိုးကွင်းမင်ကြောင်များဖြင့် ပုဆိုးခါးတောင်းကျိုက် ထမနဲထိုးဟန်ကို ရုပ်ပုံများအဖြစ်အမှတ်တရ အသုံးပြုနေကြဆဲဖြစ်သည်။ 

 

ထမနဲသည် ရိုးရာအစားအစာဆိုသည့် နှစ်သက်ဖွယ်အဓိပ္ပာယ်သာမက ထမနဲထိုးရာတွင် ညီညီညာညာ စုပေါင်းပြုလုပ်ရသည့်အတွက် ညီညွတ်မှုပြယုဂ်ကိုလည်း ဖော်ပြလျက်ရှိသည်။ တပို့တွဲလပြည့်နေတွင် မြန်မာ့ရိုးရာ ထမနဲကို မွန်မွန်မြတ်မြတ်စုပေါင်းပြုလုပ်ပြီး သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခြင်း၊ စတုဒိသာကုသိုလ်အဖြစ်ကျွေးမွေးခြင်းတို့မှာ ရှေးမြန်မာများ လက်ထက်မှသည် ယနေ့ခေတ်အထိ အစဉ်အဆက်ပြုလုပ်လာခဲ့သည့် ကြည်နူးဖွယ်ဓလေ့တစ်ခုဖြစ်သည်။ 

 

ထူးခြားသည့် ဆယ့်နှစ်လရာသီပွဲတော်တစ်ခု

 

တပို့တွဲလ ထမနဲပွဲဟူ၍ အများခေါ်ဆိုကြပါသည်။ နိုင်ငံအနှံ့အပြားတွင် ပြုလုပ်ကြသည့်အတွက် တပို့တွဲထမနဲပါတီဟုလည်း ခေါ်ဆိုကြပါသည်။ ထို့ပြင် မြန်မာ့ရိုးရာ အစားအစာတစ်ခုကို အမည်စွဲခေါ်ဆိုသည့် ထူးခြားသော ဆယ့်နှစ်လရာသီပွဲတော်တစ်ခုလည်း ဖြစ်သည်။ 

 

ယခုအခါ ရာသီတပို့တွဲ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ အနှံ့အပြား တွင် ရိုးရာထမနဲထိုးခြင်းနှင့် ပတ်သက်၍ လှုပ်ရှားမှုများကိုလည်း နှစ်သက်ဖွယ် တွေ့မြင်နေရပါသည်။ အသင်းအဖွဲ့အားဖြင့်၊ ရပ်ကွက်အားဖြင့် စသည်ဖြင့် စုပေါင်းပြုလုပ်ကြ သည်။ လပြည့်ရက်မတိုင်မီ လဆန်းရက်များကပင် ထမနဲထိုးကြ၊ လှူဒါန်းကြဖြင့်ချစ်စဖွယ်မြန်မာ့ဓလေ့မှာ ပေါ်လွင်နေပြီဖြစ်သည်။ 

 

နေပြည်တော်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်

 

ထိုကဲ့သို့ ချစ်စဖွယ် မြန်မာ့ဓလေ့နှင့်အတူ ညီညွတ်ခြင်းပြယုဂ်ကို òန်ပြနေသည့်မြန်မာ့ရိုးရာထမနဲထိုးပွဲကို ယခု တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်နေ့) တွင်နေပြည်တော်ရှိ ဝန်ကြီးဌာနများစုပေါင်းပါဝင်၍ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွား မည်ဖြစ်သည်။ ထိုသို့ ကျင်းပရာတွင် “မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ” အမည်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ထမနဲထိုးပြိုင်ပွဲဖြစ်သော်လည်း ညီညွတ်ခြင်း နှင့် ရိုးရာအလေ့အထကို ပေါ်လွင်စေသည့် ပွဲတော်အဖြစ်သာ ဦးတည်ကျင်းပသွားမည်ဟု သိရှိရပါသည်။ 

 

နေပြည်တော်တွင် ပထမဆုံးအကြိမ်ကျင်းပမည့် “မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲ” နှင့် ပတ်သက်၍ “ပြည်သူ့ဝန်ထမ်းဆိုတာ ကျရာနေရာမှာ တာဝန်ထမ်း ဆောင်ရတာဖြစ်တဲ့အတွက် ဒီလိုရိုးရာဓလေ့တွေကို ကိုယ့်ရပ်ရွာက မိဘတွေ၊ ဆွေမျိုး တွေနဲ့အတူ ကျင်းပဖို့အခွင့်အရေးက နည်းတယ်။ အခု နေပြည်တော်မှာ ဝန်ထမ်းတွေအတွက် စုပေါင်းပြီး ဒီလိုကျင်းပပေးတော့ ပျော်ပါတယ်။ ထမနဲထိုးတဲ့အခါ တစ်ဦး ကောင်းဆိုတာ မရှိဘူး။ အားလုံးက စုပေါင်းပြီး ထိုးရတယ်။ ဒီလိုထိုးတဲ့အခါမှာလည်း ထမနဲထိုးတဲ့သူတွေ အားအပြည့်နဲ့ ထိုးနိုင်အောင် ဘေးကနေ အားပေးကြရတယ်။ စုစုစည်းစည်းနဲ့ ပျော်စရာကောင်းတဲ့ အလေ့တစ်ခုပါ” ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သူ မတင်နိုင်ဝင်းက ပြောသည်။

 

“မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ” အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းကာ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်သည်။ “မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ” ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တာဝေးစက်ဘီးအားကစားကွင်း၌ တပို့တွဲလပြည့်နေ့ ညနေ ၄ နာရီခွဲတွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ ထမနဲထိုးပြိုင်ပွဲတွင် အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် အားပေးသည့် အစီအစဉ်များအပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ 

 

အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ဖြစ်ထွန်း

 

“မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ” နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က “ဒီထမနဲထိုးပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲကိုဝန်ကြီးဌာန အချင်းချင်းအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ဖြစ်ထွန်းဖို့နဲ့ ပျော်ရွှင်စေဖို့ နေပြည်တော်မှာ ကျင်းပခြင်းဖြစ်ပါတယ်။ ထမနဲထိုးတယ်ဆိုတာ မြန်မာ့ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။ ဒီလို ထမနဲထိုးရာမှာလည်း စုပေါင်းလုပ်ဆောင်ရတဲ့အတွက် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေပါတယ်။ ပြီးတော့ အများပြည်သူကြားမှာ ပိုမိုပြန့်ပွား အောင်နဲ့ တခြားနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့တစ်ခုအဖြစ် သိမြင်အောင်ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်” ဟု ပွဲတော် ကျင်းပသည့်ရည်ရွယ်ချက်ကို ပြောကြားထားသည်။ 

 

“ပွဲတော်လုပ်တယ်ဆိုပေမယ့် ပိုက်ဆံတွေ အများကြီးကုန်၊ လူတွေပင်ပန်း၊ ဒါမျိုး တွေ မဖြစ်အောင်လည်း စီစဉ်ထားပါတယ်။ မြန်မာ့ရိုးရာ ထမနဲပွဲဆိုတာ ညီညီညွတ်ညွတ်နဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ရတယ်။ ဒီလိုမျိုး ညီညွတ်မှုမျိုး၊ ချစ်ခင်စည်းလုံးမှုမျိုး ရချင်တဲ့အတွက် သက်ဆိုင်ရာ ဝ န်ကြီးဌာနအလိုက် ကိုယ်တတ်နိုင်တဲ့ တာဝန်ကိုယူပြီး ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပတာပါ” ဟု ဦးစီးကော်မတီတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦး က ပြောပြသည်။

 

ဝန်ကြီးဌာနပေါင်းစုံ စုပေါင်းကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များကိုလည်း ဝန်ကြီးဌာနများထံ ဖြန့်ဝေထားပြီး ပျော်ပွဲရွှင်ပွဲကို အခြေခံဆောင်ရွက်သည့် ပွဲဖြစ်သည့်အတွက် မလိုလားအပ်သည့်ပြဿနာများ မဖြစ်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကြီးကြပ်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ 

 

လှူဒါန်းကျွေးမွေး ကုသိုလ်ယူ

 

စုပေါင်းအင်အား၊ ညီညွတ်မှုအားကို ပေါ်လွင်စေသည့် တပို့တွဲလ ထမနဲပွဲအချိန်အခါမှာ ရောက်ရှိနေပြီဖြစ်သည်။ နိုင်ငံတစ်နံတစ်လျားတွင် တပို့တွဲလဆန်း ရက်များမှသည် လပြည့်နေ့အထိ ထမနဲထိုးကာ လှူဒါန်းကျွေးမွေး ကုသိုလ်ယူလျက်ရှိရာ နေပြည်တော်တွင်လည်း ဝန်ကြီးဌာနများ စုပေါင်း၍ ရိုးရာအစားအစာဆိုသည့် နှစ်သက်ဖွယ်အဓိပ္ပာယ်သာမက ညီညွတ်မှုပြယုဂ်ကိုလည်း ဖော်ပြနိုင်သည့် “မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ” အဖြစ် ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။