နိုဝင်ဘာ ၁၁
အိန္ဒိယနိုင်ငံဒေလီမြို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် ဆေးရုံသို့ပို့ဆောင်ခံရသူများအနက် ရှစ်ဦး သေဆုံးခဲ့ကြောင်း ထိုဆေးရုံ၏ ဆေးဘက်ဆိုင်ရာအကြီးအကဲဖြစ်သူက အတည်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
ထိုဆေးရုံတွင် ထိခိုက်ဒဏ်ရာရရှိသူ ခုနစ်ဦး ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၎င်းတို့အနက် သုံးဦးမှာ အခြေအနေ စိုးရိမ်ရသည်ဟု သိရသည်။
ဒေလီမြို့ရှိ သမိုင်းဝင်ခံတပ်နီအနီးတွင် ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဖြည်းဖြည်းလေး မောင်းနှင်နေသော မော်တော်ယာဉ်တစ်စီးသည် လမ်းပေါ်ရှိ အနီရောင်မီးပွိုင့်တွင် ရပ်တန့်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် အနီးအနားရှိမော်တော်ယာဉ်များ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်အစီးရေ နှစ်ဒါဇင်နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။
၎င်းပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်းမှာပင် ပေါက်ကွဲမှုကိုစုံစမ်းစစ်ဆေးရန် မီးသတ်သမားများ၊ ရဲအဖွဲ့များနှင့် မှုခင်းဆိုင်ရာကျွမ်းကျင်သူများ ရောက်ရှိလာကြောင်း ဖော်ပြထားသည်။
အဆိုပါစုံစမ်းစစ်ဆေးမှုတွင် အိန္ဒိယ၏ ထိပ်တန်း အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးအေဂျင်စီဖြစ်သော အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) နှင့် အမျိုးသားလုံခြုံရေးအစောင့်တပ် (NSG) တို့ ပါဝင်ခဲ့သည်။
အခြားသော ရုပ်မြင်သံကြားချန်နယ် အင်န်ဒီတီဗွီ NDTV က သေဆုံးသူ ၁၃ ဦးရှိသည်ဟု ဖော်ပြခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ဒဏ်ရာရရှိသူများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း ဖော်ပြထားသည်။
ဗုံးရှင်းလင်းရေးအဖွဲ့များနှင့် မှုခင်းဆေးပညာအဖွဲ့များသည် ပေါက်ကွဲမှုတွင်အသုံးပြုသော ဖောက်ခွဲရေးပစ္စည်းများ၏ သဘောသဘာဝကိုသိရှိနိုင်ရန် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ရောက်ရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


