မိုးညှင်း ၂၇ ဖေဖော်ဝါရီ
ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း နည်းပညာဆိုင်ရာ အခြေခံသဘာတရားနှင့် ငွေစာရင်းကိုင်သင်တန်းကို မိုးညှင်းမြို့နယ် စိမ်ရတနာမွန်တောင်ရပ်ကွက်ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းတွင် သင်တန်းဖွင့်ပွဲကျင်းပခဲ့သည်။
ယခုလ ၂၆ရက်နေ့မှ ၂၈ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းတွင် ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ မျိုးစေ့ရွေးချယ်စုဆောင်ခြင်း၊ ပိုးမွှားများကာကွယ်ခြင်း၊ မြေနေရာပြုပြင်တိုင်းတာခြင်းနှင့်ပန္နက်ရိုက်ခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုစနစ်၊ ရန်ပုံငွေပံ့ပိုးခြင်း၊ ငွေစာရင်းစာအုပ်ရေးသွင်းခြင်း အပါအဝင် အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့် ပတ်သက်သည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဦးဇော်ဝင်း( FFI )မှ (Small Grant Officer) က ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မူဝါဒပိုင်းသိရှိနားလည်စေရန်၊ ပျိုးဥယျာဉ်တည်ထောင်ခြင်း နည်းပညာလုပ်ငန်းကျွမ်းကျင်မှု ရှိစေရန်၊ ရန်ပုံငွေစီမံခန့်ခွဲမှုကျွမ်းကျင်မှုရှိစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းပြောကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းသို့ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များမှ ဒေသခံအစုအဖွဲ့ (၁၇)ဖွဲ့၊ သင်တန်းသား (၅၁)ဦး တက်ရောက်ကြပြီး ကချင်ပြည်နယ်အတွင်း ယခုလို သင်တန်းမျိုး(၁)လအတွင်း သုံးကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖွင့်
လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


