ဒဂုံမြို့သစ်(မြောက်ပိုင်း)မြိုနယ်၊ (၄၀)ရပ်ကွက်၌ လူသတ်မှုဖြစ်ပွား

ရန်ကုန် မေ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြိုနယ်၊ (၄၀)ရပ်ကွက်၊ သိင်္ဂီလမ်း၊ အမှတ်(၆၁၄/ခ)တွင် မေ ၁၀ ရက် ညနေပိုင်းက လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ မြိုနယ်ရဲတပ်ဖွဲမှူး ယာယီရဲမှူး တင်ထွန်းနိုင် ဦးစီးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စစ်ဆေးရာတွင် မဧပယ်စိုး(၃၄)နှစ် (ဘ)ဦးစွမ်းသည် နေအိမ်ဧည့်ခန်း၌ ပက်လက်အနေအထားဖြင့် ဦးခေါင်းတွင် သွေးထွက်ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း တွေ့ရှိရပြီး ပတ်ဝန်းကျင်အား မေးမြန်းစုံစမ်းရာ နေအိမ်ရှိ အိမ်ဖော်များဖြစ်ကြသော မမေသင်္ကြန်(၂၁)နှစ်၊ မစန္ဒာ(၃၂) နှစ် (ကိုယ်ရေးအချက်အလက် စိစစ်ဆဲ)တို့သည် သေဆုံးသူ မဧပယ်စိုးအား အုတ်နီခဲဖြင့် ရိုက်နှက်၍ ငွေကျပ် သိန်း ၅၀၀ ခန့်နှင့် လက်ဝတ်လက်စားအချို့ (စိစစ်ဆဲ)တို့ ယူဆောင်ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။ အဆိုပါ ထွက်ပြေးတိမ်းရှောင်သွားသည့် မမေသင်္ကြန်နှင့် မစန္ဒာတို့အား ဒဂုံမြောက် မြို့မရဲစခန်းမှ လိုက်လံစုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မြင့်မြင့်ရီ