ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၅ ခုနှစ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်မှ ၂၈ ရက်အထိ အသင်း ၂၅ သင်းဖြင့် ယှဉ်ပြိုင်ကစားကြရာ ယနေ့မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဗိုလ်လုပွဲကို ၁၀၄ ရပ်ကွက်အသင်းနှင့် ၁၉ ရပ်ကွက်အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ဝင်းမြင့်အောင်၊ ဦးသန်းဦးနှင့် အားကစားဝါသနာရှင်များ၊ ဒေသခံပြည်သူများက ကြည့်ရှုအားပေးကြပြီး ၁၀၄ ရပ်ကွက်အသင်းက ၁၉ ရပ်ကွက်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အကောင်းဆုံး ဂိုးသမားဆုရရှိသော ၁၉ ရပ်ကွက်အသင်းမှ မင်းလွင်ရွှေ၊ အကောင်းဆုံး နောက်တန်းဆုရရှိသော ၁၀၄ ရပ်ကွက်အသင်းမှ ဟန်လင်းထွန်း၊ အကောင်းဆုံး အလယ်တန်းဆုရရှိသော ၁၉ ရပ်ကွက်အသင်းမှ ခွာလ်ငိုက်ထန်၊ အကောင်းဆုံး ရှေ့တန်းဆုရရှိသော စိုက်/မွေး ရပ်ကွက်အသင်းမှ သန်းနိုင်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ၁၀၄ ရပ်ကွက်အသင်းမှ ထွန်းခန့်ပိုင်တို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် အသင်းလိုက် ဒုတိယ၊ တတိယရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြပြီး ပထမဆုရရှိသော ၁၀၄ ရပ်ကွက်အသင်းအား တံခွန်စိုက်ဖလားနှင့် ငွေသားဆု ကျပ်သိန်း ၂၀ ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးအောင်(ဒဂုံတောင်)


