ဂါဇာစီးတီး ဒီဇင်ဘာ ၂၆

 

ဂါဇာကမ်းမြောင်ဒေသ၌ နောက်ဆုံးဖမ်းဆီးထားသည့် ဓားစာခံများ၏ အကြွင်းအကျန်များကို ပြန်လည်  ဖော်ထုတ်ရန်အတွက် အစ္စရေးကိုယ်စားလှယ်အဖွဲ့အား အီဂျစ်နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ပြောကြားသည်။

 

တစ်ချိန်တည်းတွင် ဟားမတ်စ်အဖွဲ့မှ ကိုယ်စားလှယ်များက ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ငြိမ်းချမ်းရေး အစီအစဉ်၏ နောက်ထပ်အဆင့်သို့ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ တူကီယဲ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

 

အီဂျစ်နှင့် တူကီယဲတို့က အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ငြိမ်းချမ်းရေး အစီအစဉ်နှင့်ပတ်သက်၍ ဖျန်ဖြေဆွေးနွေးပေးလျက်ရှိသည်။

 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အောက်တိုဘာလတွင် စတင်အသက်ဝင်ခဲ့သည်။ သို့သော် ဟားမတ်စ်အနေဖြင့် နောက်ဆုံးဓားစာခံအလောင်းကို လွှဲပြောင်းပေးအပ်ခြင်းမရှိသေးသည့် အတွက် အဆိုပါအစီအစဉ်သည် နောက်ထပ်အဆင့်သို့ ရောက်ရှိနိုင်ခြင်းမရှိသေးပေ။

 

အစ္စရေးဝန်ကြီးချုပ်ရုံးက အစ္စရေးအရာရှိများကို အီဂျစ်သို့ ဒီဇင်ဘာ ၂၄ ရက်တွင် စေလွှတ်ခဲ့ကြောင်း ပြောကြားသည်။ အဆိုပါနေ့တွင်ပင် တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် က ဟားမတ်စ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

 

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအစီအစဉ်ကို ရှေ့တိုးဆောင်ရွက်ရန် ဟားမတ်စ်အရာရှိများက ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆေးဝါးနှင့် လောင်စာဆီကဲ့သို့ လုံလောက်သော ထောက်ပံ့ရေး ပစ္စည်းများ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခြင်း မရှိသေးကြောင်း ၎င်းတို့က ပြောကြားသည်။

 

ဒီဇင်ဘာ ၂၄ ရက်တွင် ဂါဇာတောင်ပိုင်း၌ ဗုံးများပေါက်ကွဲခဲ့ပြီး အစ္စရေးတပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်။ အဆိုပါလုပ်ရပ်ကို ဟားမတ်စ်အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သဘော တူညီချက်ကို ချိုးဖောက်ခဲ့ ကြောင်း အစ္စရေးက အခိုင်အမာ ပြောကြားသည်။

 

နယ်မြေအတွင်း၌ မတည် မငြိမ်ဖြစ်နေစဉ် ငြိမ်းချမ်းရေး အစီအစဉ်သည် ရှေ့သို့ရောက်ရှိနိုင်မည်လား သို့မဟုတ် ပျက်ပြယ် သွားနိုင်မည်လားဆိုသည့်အပေါ် ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ခ်ျကေ

ဘာသာပြန် - အောင်ကျော်ကျော်