ရန်ကုန် ၂၃ ဖေဖော်ဝါရီ
Digital Free to Air ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Fortune TV ၏ ပျော်ရွှင်ပါ ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ် ပေါ်ဆန်းမွှေးလမ်းရှိ THE ONE ENTERTAINMENT PARK ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူလက နိုင်ငံပိုင်မီဒီယာ (သို့မဟုတ်) အစိုးရရုပ်သံလုပ်ငန်းများသာရှိခဲ့ရာမှ ပုဂ္ဂလိကနှင့် တွဲဖက်ပြီး ထုတ်လွှင့်သည့် ရုပ်သံလုပ်ငန်း အစီအစဉ်များ တိုးတက်လာပါကြောင်း၊ မကြာမီက ပုဂ္ဂလိကရုပ်သံလုပ်ငန်း ၅ ခုကို ထုတ်လွှင့်နိုင်အောင် စီစဉ်ပေးခဲ့ပြီး အဆိုပါ ရုပ်သံအစီအစဉ် ၅ ခုသည် တစ်ခုပြီး တစ်ခုပေါ်ထွက်လာကာ ယနေ့ Fortune TV သည် ပဉ္စမမြောက် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Fortune Broadcasting Company Limited ဥက္ကဋ္ဌ ဦးမြဟန်က ဂုဏ်ပြု ဆုမွန်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ Fortune Broadcasting Company Limited ဥက္ကဋ္ဌ ဦးမြဟန်နှင့် တာဝန်ရှိသူတို့က Digital Free to Air ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Fortune TV ၏ ပျော်ရွှင်ပါပွဲတော်ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံကျော်သရုပ်ဆောင်များ၊ အဆိုတော်များက ဖျော်ဖြေရေး အစီအစဉ်နှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပခဲ့သည်။
ပြည်တွင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ လက်ရှိထုတ်လွှင့်နေသည့် Multi- Channel Playout System တွင် DVB – T 2 စနစ်ဖြင့် Digital Free to Air ရုပ်သံလိုင်းများ ထပ်မံဆောင်ရွက်နိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Content Provider ငါးဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၈ ခုနှစ်က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
Fortune TV Digital Free to Air Channel ၏ စမ်းသပ်ထုတ်လွှင့်မှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ပြီး တရားဝင် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
Fortune TV သည် ပြည်သူများအတွက် အကျိုးပြုသည့် သုတ၊ ရသ ကဏ္ဍစုံဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ Digital Free to Air ဖြင့် ဖျော်ဖြေတင်ဆက်ပေးနေသည့် ရုပ်သံလိုင်းတစ်လိုင်းတစ်ခု ဖြစ်သည်။
(သတင်းစဉ်)


