ဒီးမော့ဆို ၂၃ ဧပြီ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော ကွိုင်ငံရေထွက်သည် စိမ်းလန်းသော တောတောင်၊ ကြည်လင်အေးမြသော ရေ၊ တိတ်ဆိတ် ငြိမ်သက်သော ပတ်ဝန်းကျင်၊ အရိပ်အာဝါသ ကောင်းသော သစ်ပင်သစ်ရိပ်ကြီးများနှင့် ပြည့်နှက်နေပြီး ခရီးသွား ပြည်သူများအတွက် အနားယူ အပန်းဖြေစရာကောင်းသော နေရာတစ်ခု ဖြစ်သည်။
ကွိုင်ငံကျေးရွာအနီးတွင် တည်ရှိခြင်းကြောင့် ကွိုင်ငံရေထွက်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ကွိုင်ငံရေထွက်သို့ လာရောက် လည်ပတ်ကြမည့် ခရီးသွားပြည်သူများသည် အရိပ်အာဝါသ ကောင်းသော သစ်ပင်သစ်ရိပ်ကြီးအောက်တွင် မိသားစုအလိုက်၊ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများ စုပေါင်း၍ ပျော်ပွဲစားပွဲ ပြုလုပ်ခြင်း၊ ဂိမ်းကစားခြင်း၊ ရေကစားခြင်း၊ ရေကူးခြင်းများ ဆောင်ရွက်နိုင်သည့်အပြင် ဒေသခံ တိုင်းရင်းသားတို့၏ ရိုးရာအစားအစာဖြစ်သော ခေါင်ရည်၊ ခရုပြုတ်၊ ဝက်အူချောင်း စသော ရိုးရာအစားအစာ များကိုလည်း ဝယ်ယူစားသုံးနိုင်မည် ဖြစ်သည်။
ရီရယ်(ဒီးမော့ဆို)


