မန္တလေး ၁၂ ဖေဖော်ဝါရီ
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး အပါအဝင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် ၅ ရပ်အား ဝိုင်းဝန်း အကောင်ထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ သဝဏ်လွှာ ပေးပို့ တိုက်တွန်းကြောင်း သိရသည်။
(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မြန်မာနိုင်ငံအနှံအပြားတွင် ကျင်းပနေပြီး မန္တလေးမြို့မှ မန္တလာသီရိ အားကစားကွင်းတွင် ယနေ့ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပေးပို့သော သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားခဲ့သည်။
‘ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရင်း ၂၀၁၉ ခုနှစ်၊ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၅ ရပ်ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ် မင်္ဂလာအခါသမယမှာ အလေးအနက် တိုက်တွန်းအပ်ပါသည်’ ဟု မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် ၅ ရပ်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်း ဆောင်ရွက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှသည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်ထည်ဖော် ဆောင်ရွက်ရေး၊ ကောင်းမွန်သော ပညာရေးနှင့် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုများကို နိုင်ငံသားတိုင်း ရရှိခံစားနိုင်ရေး စသည့် အချက် ၅ ချက်အား အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ရေးသားထားသည်။
အိမို့မို့ခိုင်


