ရန်ကုန် ဒီဇင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် သီးထပ်ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်းနှင့် ပိုက်ဆံလျှော်ကြဲပက်ကွင်းသရုပ် ပြခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရဲချောင်းဝကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့်ပါ လေးဦးပိုင်ဆိုင်သည့် လယ်မြေဧရိယာ ၁၀ ဧက၌ ကျင်းပသည်။

 

ဦးစွာ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကားပြော ကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုယ်စားပြု ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်က ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက တောင်သူများထံ နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့၊ ပျားပုံးများ၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာများနှင့် ဓာတ်မြေဩဇာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ရဲချောင်းဝ ကျေးရွာအုပ်စု တောင်သူ ဦးဝင်းမြင့်၏ လယ်မြေတွင် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ အနိမ့်တင်(၂)ချပ်တွဲ ဆိုလာပန့် သရုပ်ပြသခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)