နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီး၏ ယိုယွင်းပျက်စီးပြီး အန္တရာယ်ရှိ အဆောက်အအုံဖြစ်သော ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ အဆောက်အအုံအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန်နှင့် ရုံးဝင်းအတွင်းရှိ မြေကွက်လပ်တွင် ကလေးကစားကွင်း ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လွှတ်တော်ကိုယ်စားလှယ် မေးခွန်းတွင်ပါရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးကောင်းမြို့နယ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦကို အသစ်ပြန်လည်ဆောက်လုပ်ရန် လိုအပ်သည်မှာ မှန်ကန်ပါကြောင်း၊ အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အဦကို ၁၉၅၁ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ၁၉၉၃ ခုနှစ် သြဂုတ် ၂၅ ရက်တွင် မြေနေရာနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါကြောင်း။
အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အဦ ယိုယွင်းပျက်စီးမှုများ ပြင်ဆင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး နားလည်တတ်ကျွမ်းသည့် အင်ဂျင်နီယာများဖြင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ရုံးအဆောက်အဦများကို ဦးစားပေး ပြုပြင်တည်ဆောက်နေရပါသဖြင့် အဆိုပါဝန်ထမ်းအိမ်ရာ အဆောက်အဦကို အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်မရှိဘဲ လိုအပ်သည့် ပြင်ဆင်မှုများကိုသာ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဘဏ္ဍာငွေ ကန့်သတ်ချက်အရ ယင်းရုံးဝင်းအတွင်းရှိ မြေကွက်လပ်တွင် ကလေးကစားကွင်း တည်ဆောက်ပေးရန် လတ်တလော အစီအစဉ် မရှိသေးပါကြောင်းနှင့် စေတနာရှင်/ အလှူရှင် သို့မဟုတ် BOD စနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ ပေါ်ပေါက်လာမှသာလျှင် တည်ဆောက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသော ကရင်တိုင်းရင်းသား ကျေးရွာများအတွက် လျှပ်စစ်မီးရရှိစေရေး ဦးစားပေး အစီအစဉ်ဖြင့် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားကျေးရွာများ ဖြစ်သော ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီး၊ ရွှေရောင်ပြ၊ ခလောက်အင်း၊ ဇီးဝန်းကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာအုပ်စု၊ ကဒီပုကျေးရွာ အုပ်စုနှင့် ဘုရားဆိပ်ကျေးရွာအုပ်စုတို့တွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၁၁ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း ၁၇ ဒသမ ၁၆ မိုင်၊ ၁၁/ဝ ဒသမ ၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာ (၆)လုံး၊ ၁၀ဝ ကေဗွီအေ ထရန်စဖော်မာ ၇ လုံး၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာ (၄)လုံးနှင့် ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်ရန် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သောကြောင့် တင်ဒါခေါ်ယူ၍ စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း။
ထို့ပြင် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ပတ်သက်၍ ဘီးလင်းမြို့နယ် နတ်ကြီးချောင် ကျေးရွာအုပ်စုမှ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ အစူးချောင်းကျေးရွာအုပ်စု၊ မဲပလီကျေးရွာအုပ်စုနှင့် မဲနသန်ကျေးရွာအုပ်စုမှ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း၊ ကျခတ်ချောင်းကျေးရွာအုပ်စုနှင့် ရွှေရောင်ပြ ကျေးရွာအုပ်စုတို့မှ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း၊ လေးကေကျေးရွာအုပ်စုနှင့် ကြိုးဝိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တို့တွင် မွန်ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေများတွင် ထည့်သွင်းလျာထားနိုင်ရေး ညှိနှိုင်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိသည်နှင့် တပြိုက်နက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုပေးရန် အဆိုတင်သွင်းရာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် မြန်မာ့ဆက် သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာ ပြည့်ဖြိုး၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သော အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသား မြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံ အုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ ပြဿနာများကို ဥပဒေနှင့်အညီ မျှတမှန်ကန်စွာ ဖြေရှင်းနိုင်ရန်နှင့် ပြည်သူပြည်သားများ စိတ်အေးချမ်းလုံခြုံရန်အတွက် အမြန်ဆုံး လိုအပ်နေသည်မှာ အဆိုရှင် တင်ပြသကဲ့သို့ အမျိုးသားမြေဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးသည် ထင်ရှားနေသည့်အတွက် အဆိုကို အပြည့်အဝ ထောက်ခံပါကြောင်း၊ ထို့ပြင် ဥပဒေတစ်ရပ် ပေါ်ပေါက်ရန်မှာ ခန့်မှန်း၍ မရနိုင်အောင် ကြာမြင့်နိုင်သည့်အတွက် လတ်တလော အနေအထားတွင် ကာလတို၊ ကာလရှည်၊ စီမံကိန်းများ၊ မူဘောင်များ၊ မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်ရန် ဟူသည့် အဆိုသည် မရှိမဖြစ် လိုအပ်နေသည့်အတွက် ထောက်ခံရခြင်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က လယ်ယာမြေ ဥပဒေ၊ မြေလွတ် မြေလတ် မြေရိုင်းများ ဥပဒေ၊ မြေသိမ်းဥပဒေ၊ မြေခွန်တော်ဆိုင်ရာ ဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ အစရှိသည့် မြေနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း မြေယာ စီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချမဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်၊ မူဘောင်လုပ်ငန်းစဉ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေဥပဒေ ဖြစ်စေရန် ပြုပြင်ဖြည့်စွက် ပြဋ္ဌာန်းသင့်ပါကြောင်း။
စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝတည်ငြိမ်ရေးနှင့် မြေကျူးကျော်မှု စီမံခန့်ခွဲနိုင်ရေးအတွက် မြေမဲ့ယာမဲ့ ပြည်သူများအတွက် မြေခွဲဝေချထားနိုင်ရန် အရန်မြေနေရာများ သတ်မှတ်ပေးထားသင့်ပါကြောင်း၊ မြေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် စိုက်ပျိုးရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးဇုန်များကို စနစ်တကျ သတ်မှတ်ဖွဲ့စည်းခြင်းနှင့် မြေအသုံးချမှုပြောင်းလဲရေး ဆောင်ရွက်ရာတွင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဇုန်၊ ကာကွယ်ထားသော နယ်မြေဇုန် သို့မဟုတ် အမျိုးသား ကာကွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးဇုန်၊ စက်မှုလက်မှုဇုန် သို့မဟုတ် သတ္တုတွင်းမြေဇုန်၊ စားကျက်မြေဇုန်၊ သစ်တောဇုန် စသည်ဖြင့် သတ်မှတ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတိုက်တွန်းရင်း အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်မေသန်းနွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးထိန်ဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ နော်လှလှစိုးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို မတ် ၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်


