ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၃  မတ် 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင် ၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့(၂၅)ခုတင်ဆံ့ဆေးရုံ၏ ကျန်းမာရေးဝန်ထမ်းများအတွက် ပေ (၉၀x၃၀) RC (၃) ထပ် ဝန်ထမ်းအိမ်ရာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မကွေး တိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ယခင်ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံဟောင်းနေရာ သည် ကျန်းမာရေးဦစီးဌာန မြေနေရာဖြစ်၍ အဆိုပါ မြေနေရာတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် လိုအပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်စေရန် ရည်ရွယ်ထားသဖြင့် ဝန်ထမ်းအိမ်ရာကို စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ (၂၅)ခုတင်ဆံ့ ဆေးရုံမြေနေရာအတွင်း (၄)ခန်းတွဲ (၃)ထပ် အိမ် ရာဆောက်လုပ်ပေးနိုင်ရန် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် ကုသရေးဦးစီးဌာန၏ စီမံကိန်း လျာထားချက်တွင် လျာထားတင်ပြတောင်းခံပေးထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် ၏ ချင်းပြည်နယ်၊ မတူ ပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီညွတ်သော စံချိန်မီဘောလုံးကွင်းတူးဖော် ပေးရန်နှင့် ၎င်းဘောလုံးကွင်း၌ ပေ(၆၀x၃၀)  ရှိသော ပွဲကြည့်စင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မြို့နယ်ခွဲတစ်ခုဖြစ်သည့် လိုင်လင်းပီမြို့တွင် မြို့နေလူထု၏ အစီအစဉ်ဖြင့် မီတာ(၄၀ဝ) ပြေးလမ်း(၅)လမ်းပါ စံချိန်မီဘောလုံးကွင်း နှင့် ပွဲကြည့်စင်တို့အား ဖောက်လုပ်တည် ဆောက်လျက်ရှိနေသည်ကို တွေ့ရှိရပြီး ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန်အတွက် လျာထားထည့်သွင်း ထားခြင်းမရှိသေးပါကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ချင်းပြည် နယ် အားကစားနှင့်ကာယပညာအဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်၍ လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင်က တံတားကြီးများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ ကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည် ပေးပို့လာသော တံတားကြီးများ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန်  အဆိုတင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တံတားကြီးများ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ် တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာအချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်း တင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ် ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း က မြန်မာပြည်၏ လက်ရှိမြေပုံများနှင့် မြေပုံအချက်အလက်များ ကောက်ယူရာတွင် ခေတ်မမီတော့သည့် နည်းပညာများ အသုံးပြုခြင်းကြောင့် အားနည်းချက်များစွာရှိသော စာရွက်မြေပုံစနစ်မှ မြေပုံများနှင့် အချက်အလက်များ၏ အရေးပါမှုကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ပြီး နိုင်ငံတကာအဆင့်မီ အသုံးပြုနေသည့် အမျိုးသားမြေပုံစနစ်စီမံကိန်းဖြစ်သော GIS ကွန်ပြူတာ စနစ်သုံး တစ်မျိုးသားလုံးမြေပုံစနစ်ကို ပြုစုအသုံးပြုရန် ဖြစ်ပါကြောင်း၊ ယင်းမြေပုံပေါ်တွင် သစ်တောမြေ၊ မြေလွတ် မြေလပ်၊ မြေရိုင်း၊ စိုက်ပျိုးရေးမြေ၊ စားကျက်မြေ၊ ကြိုးဝိုင်းမြေ၊ ဓာတ်သတ္တုတူးဖော်သည့်မြေ၊ ရွာမြေ၊ မြို့ မြေစသည်ဖြင့် မြေအမျိုးအစားအမျိုးမျိုးကိုလည်း ထည့်သွင်းနိုင်သည့်အပြင် မြေတစ်မျိုးနှင့်တစ်မျိုး အချက်အလက်များ မထပ်စေရန် ထည့်သွင်းနိုင်ပါကြောင်း၊ ထို့ပြင် အခြားအချက်အလက်များကိုလည်း တည်နေရာချိတ်ဆက်ပေးနိုင်ပါကြောင်း၊ ထို့ကြောင့် GIS ကွန်ပြူတာစနစ်သုံး တစ်မျိုးတည်းသော မြေပုံစနစ်သာရှိနေပါက မြေယာပြဿနာများကိုလည်း ယခုထက်ပို၍ လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်တို့က ဆက်လက်ဆွေးနွေး ကြသည်။

 

ယင်းအဆိုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် တစ်မျိုးတည်းသော မြေပုံစနစ်ကို အခြေခံသည့် သတင်းအချက်အလက်စနစ် အပါအဝင် လုပ်ငန်းများအတွက် ခိုင်မာမှန်ကန်သည့် မြေယာဆိုင်ရာ အချက်အလက်များ ရရှိရေးနှင့် စပ်လျဉ်း၍ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေကြေးစသည့် အကန့်အသတ်များကို နိုင်ငံ၏ တည်ရှိပြီးအရင်းအမြစ်များ၊ နိုင်ငံတကာအကူအညီများနှင့် မိမိတို့ စွမ်းဆောင်နိုင်သည့် စွမ်းအားအပေါ်တွင် အခြေပြု မြှင့်တင်၍  ရေရှည်ကိုမျှော်မှန်းလျက် အဆင့်လိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသည့်အလျောက် လွှတ်တော်ကိုယ်စားလှယ်၏အဆိုကို မှတ်တမ်းတင် ထားရှိပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အဆိုရှင် ဦးလှမြင့်(ခ) ဦးလှမြင့်သန်းက မိမိအနေဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူလိုပါကြောင်း တင်ပြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၄၂မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၆မဲ ဖြစ်၍ ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြု ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ (၂/၂၀၁၈)ကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) မှ ဒေါက်တာဦးကြွယ်ကြွယ် က ကော်မတီ၏ အစီရင်ခံစာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ ပေးပို့သည့် အမှုတွဲ ၇၄၆တွဲတွင် ၂၈၆ တွဲသာ ပြန်ကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အမှုတွဲ ၄၆၀ ပြန်ကြားရန် ကျန်ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အစီရင်ခံစာတွင် အဂတိ လိုက်စားမှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများကို ကော်မတီက စိစစ်တွေ့ရှိချက်နှင့်အတူ အမှုတွဲများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့ခဲ့ရာ ကော်မရှင်မှ အထူးအလေးထား ဆောင်ရွက်ပေးခဲ့ပါသည်ဟု အစီရင်ခံထားသည့် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား အထူးလေးစားအပ်ပါကြောင်း၊ နိုင်ငံတော် အာဏာ၏ မူလပိုင်ရှင်အစစ်ဖြစ်သော ပြည်သူတို့နှင့် လွှတ်တော်ကိုယ်စား ပြည်သူ့တိုင်ကြားစာကော်မတီက ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားရေးမဏ္ဍိုင်တို့အား ထိန်းကျောင်းပေးခြင်းဟူသော ဒီမိုကရေစီအနှစ်သာရကို ရုပ်လုံးပေါ်အောင် ကြိုးပမ်းဆောင်ရွက်မှုအား လေးစားဂုဏ်ယူပါကြောင်း ဆွေးနွေးသည်။

 

ယင်း အစီရင်ခံစာ (၂/၂၀၁၈) ကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကြည်ဝင်း က ဆက်လက် ဆွေးနွေးသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီဝင် ဦးဝင်းအောင် က ယင်း အစီရင်ခံစာ(၂/၂၀၁၈) ကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုပါ အစီရင်ခံစာ (၂/၂၀၁၈)ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင် မန်းထွန်းကြိုင် က  ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား တင်သွင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် ဦးမင်းဆွေနိုင် က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ရာတွင် ကော်မတီ၏ သုံးသပ်အကြံပြုချက်အနေဖြင့် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းရာတွင် မိမိသိရှိလိုသည့် အချက်အလက်များ ကိုသာ မေးမြန်းပေးရန်နှင့် ပြန်လည်ဖြေကြားသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လည်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ လိုရင်းကိုသာ တိတိပပ ဖြေကြားပေးရန် ဖြစ်ပါကြောင်း၊ မေးခွန်းရှင်ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာဝန်ကြီးဌာန၏ ဖြေကြားချက်များကို သေသေချာချာမှတ်သားပြီး မြေပြင်တွင် အမှန်တကယ်အကောင် အထည်ဖော်ဆောင်ရွက်သည့်အခါ ကွဲလွဲမှုများရှိပါက မိမိတို့ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးနိုင်ရန် အကြံပြုအပ်ပါကြောင်း။

 

မိမိတို့ကော်မတီမှ သက်ဆိုင်ရာနယ်မြေဒေသများသို့ ကွင်းဆင်းစိစစ်သည့်အခါတွင် မေးခွန်းရှင်များ မေးမြန်းထားသည့် မေးခွန်းနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းစဉ် နောက်ဆုံးအခြေအနေအားကော်မတီသို့ ညှိနှိုင်းအသိပေး နိုင်ပါရန်နှင့် ကွင်းဆင်းစိစစ်သည့် နေရာတွင်လည်း လိုက်ပါဆောင်ရွက် အကြံပြုပေးနိုင်ပါရန် အကြံပြုအပ်ပါကြောင်း၊ အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း၍အကောင်အထည်ဖော် ဆောင်ရွက်ရသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှလည်း ကတိဖြစ်ပေါ်ခဲ့မှုများအား လွှတ်တော်တွင် လာရောက်ဖြေကြားသည့်အတိုင်းနှင့် ကြယ်ပွင့်မပြမေးခွန်းများအတွက် တရားဝင်စာဖြင့် ပေးပို့ဖြေကြားထားသည့် ကတိကဝတ်အတိုင်း အမှန်တကယ် မြေပြင်တွင် ဆောင်ရွက်ရာတွင်လည်း ကွဲလွဲမှု မရှိစေရန် အကြံပြုတင်ပြအပ်ပါကြောင်း။

 

ကော်မတီသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့ပြီး ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများ နှင့် စပ်လျဉ်း၍ လိုအပ်သလို ညှိနှိုင်းဆွေးနွေး အကြံပြုတင်ပြ ခဲ့ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်အကြိမ်အရေအတွက် ပိုမိုများပြားလာသည့်အလျောက် ကတိဖြစ် ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများလည်း ယခင်ကထက်ပိုမို၍ များပြားလာသည် ကို တွေ့ရှိရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းအဆိုပြုချက်များသည် ယင်းတို့၏ မဲဆန္ဒနယ်မြေမှ ဒေသခံပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရှိရသည့်အပြင် ကော်မတီမှလည်း ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် ကတိဖြစ်ပေါ်ပြီး အဆို၊ မေးခွန်းများကို ယခုထက် ပိုမို၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လိုအပ်သော နေရာများသို့လည်း အခါအားလျော်စွာ ကွင်းဆင်းလေ့လာမှုများအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင် ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို မတ် ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော်

 

စိုက်မွေးဆည် ဒုဝန်ကြီး ဦးလှကျော်.
 

ဦးမင်းဆွေနိုင် ကချင်(၆)