ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော်  ၁၄  မတ် 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကြုံတွေ့ခံစားနေကြရသော အမှုထမ်းများ (အထူးသဖြင့် ပြည်သူ့ရဲဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် သားများ) အား ဒေသန္တရရှားပါးစရိတ် (CLA) ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က နိုင်ငံတော်တွင် လိုငွေပြဘတ်ဂျက်ဖြစ်ပေါ်နေသော်လည်း နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများ အတွက် လုပ်ခ၊ လစာ၊ ခရီးစရိတ်နှင့် ခရီးသွားနေ့တွက်စရိတ်တို့ကို အခါအားလျော်စွာ တိုးမြှင့်ခံစားခွင့်ပြုထားသည့်အပြင် ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ကိုလည်း (ဒေသန္တရရှားပါးစရိတ်)နှင့် သဘောသဘာဝတူညီသော ဒေသစရိတ်များကို သီးခြား ခံစားခွင့်ပြုထားပြီး ဖြစ်ပါသဖြင့် ဒေသန္တရရှားပါး စရိတ် သီးခြားခွင့်ပြုပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားသည်။
    

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန် ၏ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကျေးရွာပေါင်း (၁၃၀)ရှိပြီး ကျေးရွာအုပ်စု (၅၅)အုပ်စုသာ ရှိသဖြင့် ကျေးရွာခွဲများကို ကျေးရွာအုပ်စုများအဖြစ် အသစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က တီးတိန်မြို့နယ်တွင် ကျေးရွာပေါင်း (၁၃၀)ကျေးရွာရှိသည့်အနက် တရားဝင်အမည်ပေါက်ကျေးရွာ (၁၀၈)ရွာ၊ အမည်မပေါက်သေးသော ကျေးရွာ (၂၂)ရွာ ရှိသည့်အနက် ဒိမ်ဇန်ကျေးရွာ(၁)ရွာကိုအမည်ပေါက်ရရန် သက်ဆိုင်ရာဖူနွမ်း ကျေးရွာအုပ်စုမှ ကန့်ကွက်ခဲ့ပါသဖြင့် ဆက်လက်တင်ပြနိုင်ခြင်း မရှိပါကြောင်း၊ ကျန်ကျေးရွာ(၂၁) ရွာအား တရားဝင်အမည်ပေါက်ကျေးရွာများအဖြစ် တိုးမြှင့်ဖွဲ့စည်း နိုင်ရေးအတွက် အမှုတွဲတည်ဆောက်ခဲ့ရာတွင် အဆိုပါ ကျေးရွာတိုး(၂၁)ရွာအနက် ကျေးရွာ(၁၀)ရွာ သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာအတွင်း ကျရောက်နေ သည့်အတွက် ရွာမြေအဖြစ်အသုံးပြုနိုင်ရန် မြေအမျိုးအစားသတ်မှတ်ချက်အပေါ် မူတည်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုနိုင်ရန် ခွင့်ပြုမိန့် လျှောက်ထားနိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။
    

သို့ဖြစ်ပါ၍ တီးတိန်မြို့နယ်အတွင်းရှိ တိုးချဲ့ဖွဲ့စည်းမည့် ကျေးရွာ (၂၁)ရွာ တရားဝင်အမည်ပေါက် ရရှိပြီးမှသာ ကျေးရွာအုပ်စုများအဖြစ် အသစ်ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာတိုးချဲ့ပြင်ဆင်ဖွဲ့စည်းရေး ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
    

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရှန်အောရ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်း တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
    

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်ထောင် စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
    

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
    

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
    

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တရား လွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က ဆွေးနွေးသည်။
    

ယင်းနောက် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင် မန်းထွန်း ကြိုင် က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင် သွင်းသည်။
    

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်သူ့ငွေစာ ရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
    

ဆက်လက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင် ဦးဝင်းအောင် က ကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။
    

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
    

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသားလွှတ် တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ မတ် ၁၄ ရက်အထိ အစည်းအဝေး ကျင်းပရက် (၂၅)ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များ အနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း (၁၂၁)ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၃၀၃)ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့် ပေးပို့ ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း။
    

အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ် မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်း သစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆို၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး ၏ ၂၀၁၆ ခုနှစ်၊ အမျိုးသားမြေအသုံးချမူဝါဒ (National Land Use Policy)  ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေ လိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ သည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသား မြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလ လတ်၊ကာလရှည် စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်များ ရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံ လိုအပ်ချက်ဖြစ် သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစု မှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို နှစ်ရှည် စီမံကိန်းချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတို့ကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည် ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုများကို လွှတ်တော်က အတည်ပြု ခဲ့ပါကြောင်း။
    

ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင် စတင် ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြား တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါ ကြောင်း။
    

အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေး အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများအနက် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်း၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်း နှင့် တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်း တို့ကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ် တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ယင်းဥပဒေများကို ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၊ ဥပဒေအမှတ် ၃၊ ဥပဒေအမှတ် ၆၊ ဥပဒေ အမှတ်၇ များဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါကြောင်း။
    

နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့် တံတားကြီးများ ဥပဒေကြမ်း တို့ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြု ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည့် ဥပဒေကြမ်းများအနက် မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်း တို့ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်း ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါ ကြောင်း။
    

လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်းများဖြစ်သည့် ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း တင်သွင်းသည့် ရာဇသတ်ကြီး ကိုဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး တင် သွင်းသည့် တရားလွတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော် သို့ အသိပေးပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးကာ ၎င်း၏ ဆွေးနွေး ချက်များကို ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။
    

အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍတွင် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့် အရေး ဆိုင်ရာကော်မတီ၏ ၁၉၉၃ ခုနှစ်၊ ကလေးသူငယ် ဥပဒေအား ဥပဒေပြုပြီး နောက်စိစစ်ခြင်း အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါကြောင်း၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ (၂/၂၀၁၈)ကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက အကြံပြု ဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။ 
    

ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးအထိ လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း။
    

အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများမှာ ဥပဒေကြမ်းကော်မတီ (၂၁)ကြိမ်၊ ပြည်သူ့ငွေစာရင်းကော်မတီ(၇)ကြိမ်၊ လွှတ်တော် အခွင့်အရေးကော်မတီ (၂)ကြိမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ (၁၀)ကြိမ်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (၆)ကြိမ်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ(၂)ကြိမ်၊ ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (၅)ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ (၃)ကြိမ်၊ တောင်သူလယ်သမားရေးရာကော်မတီ (၆)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ(၇)ကြိမ်၊ ပညာရေးမြှင့်တင်မှုကော်မတီ (၉)ကြိမ်၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ(၈)ကြိမ်၊ နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ(၆) ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ (၈)ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ (၅)ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၈)ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ် နှင့် စွမ်းအင်ဆိုင်ရာကော်မတီ(၅)ကြိမ် စုစုပေါင်းကော်မတီ အစည်းအဝေး (၁၁၈) ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။
    

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အပြန်အလှန်ဆွေးနွေးပွဲ (Debate)ကို (၁)ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ပါကြောင်း၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံ ရေးဌာနကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း စာတမ်းတို (၂)စောင် ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်(၄၇)ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းခဲ့မှုများအနက်(၆၀)ချက်ကို ရှာဖွေပေးခဲ့ပြီး ဆောင်ရွက် ဆဲ (၂၂)ချက် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင် ရာဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြ ပြီး မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုးထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
    

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ ရပ် နားကြောင်း နှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။


အောင်ရဲသွင်

 

1