ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ

နေပြည်တော် ၂၄  မေ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးဖေချစ်၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် အခြားနိုင်ငံအများစုကဲ့သို့ တရားစီရင်ရေးဆိုင်ရာ သင်တန်းများ စနစ်တကျ ပို့ချနိုင်ရန် တရားရေးကောလိပ် (Judicial Collage) သို့မဟုတ် တရားရေးအကယ်ဒမီ (Judicial Academy) တည်ထောင်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အခြား နိုင်ငံအများစုကဲ့သို့ တရားစီရင်ရေးဆိုင်ရာသင်တန်းများ စနစ်တကျ ပို့ချနိုင်ရန်အတွက် တရားစီရင်ရေး ကောလိပ် (Judicial Collage) ထူထောင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊

တရားစီရင်ရေးကောလိပ်၏ ရေရှည်အခြေအနေများကို ချင့်ချိန်ပြီး နေပြည်တော်တွင် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကောလိပ်အား အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် အဆောက်အဦ တည်ဆောက်ရန် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲ တောင်းခံထားပြီးဖြစ်ပါကြောင်း၊ ခွဲဝေချထားသည့် ဘတ်ဂျက်အပေါ် မူတည်၍ ကောလိပ်အဆောက်အဦကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်၍ ဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် တရားစီရင်ရေးဆိုင်ရာ သင်တန်းများတွင် စနစ်တကျ သင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ကောလိပ်၏ဝန်ထမ်းအင်အား ဖွဲ့စည်းပုံကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝက်ရှုကျေးရွာအတွက် ဓာတ်အားပေးစက်၊ ဓာတ်အားလိုင်းကြိုး၊ မီးတိုင်များနှင့် စက်သုံးဆီ (ဒီဇယ်) ခွဲတမ်းများ တပ်ဆင်ထောက်ပံ့ပေးနိုင်ခြင်း ရှိ၊မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တမူးမြို့နယ်၊ ဝက်ရှု ကျေးရွာအား ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ၂၅ ကေဗွီအေ မီးစက်(၁)လုံးနှင့် ထပ်မံလိုအပ်သည့် ၄၀ဝ ဗို့ဓာတ်အားလိုင်း (၁)မိုင်စာအတွက် ပစ္စည်းများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မောင်းရန်အတွက် လိုအပ်သည့် လောင်စာဆီအား ဒေသ၏ အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ်တစ်ဝန်း လမ်းမကြီးများ ဖြတ်သန်းရာ ကျေးရွာများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာနှင့် လျင်မြန်စွာ ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ချင်းပြည်နယ် တစ်ဝန်း လမ်းမကြီးများ ဖြတ်သန်းရာ ကျေးရွာများကိုသာမက လက်ရှိတည်ရှိပြီး ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများနှင့် ထပ်မံတည်ဆောက်ပြီးစီးလာမည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို အခြေခံ၍ ၎င်း ဓာတ်အားပေး ဧရိယာအတွင်းရှိ မြို့နယ်၊ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ နိုင်ငံတကာချေးငွေ အထောက်အပံ့များဖြင့် လည်းကောင်း၊ ပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့်လည်းကောင်း နှစ်အလိုက်၊ အဆင့်အလိုက် လျာထား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိမ်းဆည်းထားခဲ့သော တောင်သူ (၁၅) ဦး ပိုင်ဆိုင်သည့် မြေ (၁၁ဒသမ၇၄) ဧကအား ပြန်လည်စိစစ်၍ စွန့်လွှတ် သို့မဟုတ် လျော်ကြေး၊ နစ်နာကြေးပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၈၁၀)၊ တပ်မြို့တောင်ကွင်း၊ အောင်ဇေယျကလပ်နှင့် မျက်နှာချင်းဆိုင်ရှိ မြေပေးစလစ်များ၊ နှစ်(၃၀) မြေငှားဂရန်များ ထုတ်ပေးထားသော မြေကွက်များနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင် ပြည်သူများ နစ်နာမှု မရှိစေရေးနှင့် တရားဝင်နေထိုင်ပိုင် ခွင့်ရှိအောင် မည်သို့ကူညီဖြေရှင်းပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာ ရပ်ကွက်ကြီးရှိ အလင်းရောင်(၂) ရပ်ကွက်တွင် အများပြည်သူသုံးရန် ထားသောမြေကို ပုဂ္ဂလိကသို့ မမှန်မကန် ဖော်ပြ မြေပေးမိန့်ထုတ်ပေးခဲ့သည့် ကိစ္စအား တိုင်ကြားခဲ့သည့်အပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်ခဲ့သည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍  ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးညီညီထွေး(ခ) ဦးကိုကိုလေး၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြည်သူများ လျှပ်စစ်မီတာခ နှုန်းထားများ အဆမတန်ကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရမှုအပေါ် သက်သာမှုရှိစေရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေး နိုင်မည်ကို သိရှိလိုခြင်း မေးခွန်း၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် မည်သို့ဆောင်ရွက်မည်၊ မည်သည့်နှစ်တွင် အပြီးဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်း၊  ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ကရင်ပြည်နယ်၊ ဝတ်ကြီးဒေသတွင် ဆောင်ရွက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းနှင့်  မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(၂)ခု ညှိနှိုင်း၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံမြို့အားလုံး၏ မြို့တွင်းရှိ ကွန်ကရစ်တိုင်များ၌ ကွန်ကရစ်တိုင် တစ်တိုင်ထဲတွင် လျှစ်စစ် ကေဘယ်ကြိုးနှင့် ဆက်သွယ်ရေး ဖိုင်ဘာကေဘယ်ကြိုးများ သွယ်တန်းပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များအပါအဝင် အစိုးရတက္ကသိုလ် အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ တွင် အဆိုတင်သွင်းရသည့် အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တိုင်းရင်း သားလူငယ်များနှင့် နိုင်ငံသားလူငယ်များ အဆင့်မြင့်ပညာရေးကို ပိုမိုသင်ကြားခွင့်ရရှိရန်ဖြစ်ပြီး မြန်မာနိုင်ငံ အနာဂတ်လူသားစွမ်းအားအရင်းအမြစ်ကို မြှင့်တင်စေရန် ရည်ရွယ်ပါကြောင်း၊ အဆင့်မြင့်ပ ညာရေးကို ကျောင်းသားအများစု လက်လှမ်းမီသင်ကြားနိုင်ရန်အတွက် ချေးငွေအစီအစဉ်သည် အဓိကျသည့်နေရာတွင် ပါဝင်လျက်ရှိပါကြောင်း၊ ကျောင်းသားများအတွက် ချေးငွေအစီအစဉ်များ ရှိနေမည်ဆိုပါက ကျောင်းသားသည် ၎င်း၏ ပညာရေးစရိတ်နှင့်အတူ ကိုယ့်တာဝန်ကိုယ်ယူနိုင်မည် ဖြစ်ပါကြောင်း၊ မိဘများ၏ ပညာရေးဆိုင်ရာ အသုံးစရိတ် ဝန်ထုပ်ဝန်ပိုးကိုလည်း သက်သာစေမည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့်လည်း ပညာရေးအပေါ် အထူးအာရုံစိုက်နိုင်မည် ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် များစွာလိုအပ်လျက်ရှိနေသော ကဏ္ဍကြီးဖြစ်သည့် သုတေသနလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးကို ဦးတည်ပြီး ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအတွက် သုတေသနများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မဟာဘွဲ့ယူ ကျမ်းများ၊ ပါရဂူဘွဲ့ယူကျမ်းများ ပြုစုရာတွင်လည်းကောင်း အသေးစားချေးငွေများ ရရှိနိုင်မည် ဆိုပါက ပိုမိုအရည်အသွေးကောင်းမွန်သည့် ဘွဲ့ယူစာတမ်းများကို အချိန်ယူပြုစုနိုင်မည် ဖြစ်ပါကြောင်း၊ ချေးငွေအတွက် ရန်ပုံငွေတစ်ရပ်ကို နိုင်ငံတော်မှ သတ်မှတ်ပေးခြင်း သို့မဟုတ် နိုင်ငံတော်ဘဏ်တစ်ခု၏ ချေးငွေအစီအစဉ် သို့မဟုတ် ပုဂ္ဂလိကဘဏ်များ၏ ချေးငွေအစီအစဉ်ဖြင့် သင့်လျော်သည့် နည်းလမ်း ဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ချေးငွေပုံစံ အမျိုးမျိုးရှိသော်လည်း ကျောင်းသားများအတွက် အတတ်နိုင်ဆုံး ရေရှည်ချေးငွေများဖြစ်သင့်ပြီး ၎င်းတို့လုပ်ငန်းခွင်ဝင်ပြီး ဝင်ငွေများရရှိမှသာလျှင် အရစ်ကျ ပြန်ဆပ်နိုင်မည် ဆိုပါက အကောင်းဆုံးဖြစ်မည်ဟု ယူဆမိပါကြောင်း။

ထို့ကြောင့် ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ၊ ပညာရေးဆိုင်ရာချေးငွေများသည် ကောင်းမွန်သည့် ပညာရေးစနစ်တစ်ခုတွင် ရှိသင့်ရှိထိုက်သည့် အရာများဖြစ်ပါကြောင်း၊ နိုင်ငံတွင် ပညာအရည်အသွေးတိုးတက်အောင် အဘက်ဘက်က ဆောင်ရွက်နေကြသည်မှာ အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ပညာရည် အရည်အသွေး ကောင်းလာသော်လည်း နိုင်ငံ၏လူများစုဖြစ်သည့် ဝင်ငွေနည်းမိသားစုများက အဆင့်မြင့်ပညာရေးကို လက်လှမ်းမမီနိုင်ပါက အဓိပ္ပာယ်ရှိမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် အဆင့်မြင့်ပညာရေးကို အလွှာစုံမှ ကျောင်းသားများ ပိုမိုလက်လှမ်းမီရေးအတွက် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်တစ်ရပ်ကို စဉ်းစားကြံဆ အကောင်အထည်ဖော်ပေးပါရန် တိုက်တွန်းကြောင်း အဆို တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းအဆိုကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင် က ထောက်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အဆိုကို လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်  ဥက္ကဋ္ဌက အဆိုကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို မေ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်