ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၂ မေ 

 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများတွင် စီမံကိန်းမှ ထွက်ရှိလာသော အက်ဆစ်ငွေ့များ၊ ယမ်းငွေများကြောင့် သစ်ပင်များ၊ ထန်းဥယျာဉ်များ၊ သီးနှံများ ခြောက်သွေ့သေဆုံးခြင်း၊ မိုင်းခွဲမှု တုန်ခါအားကြောင့် မြေဆီလွှာ ပျက်စီးခြင်းနှင့် ရေဆိုးလွှတ်မှုကြောင့် လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများအပေါ် အမြန်ဆုံး တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက လက်ပံတောင်းတောင် စီမံကိန်းသည် ဟင်းလင်းဖွင့် (Open Pit) မိုင်းအမျိုးအစားဖြစ်ပြီး သတ္တုရိုင်းတူးဖော်ရာတွင် ယမ်းဖောက်ခွဲမှု အစီအစဉ်များကို အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအန္တရာယ် ကင်းရှင်းစေရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ လစဉ်တင်ပြခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှလည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ စာဖြင့် ထပ်ဆင့်အကြောင်းကြားစေပြီး အသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယမ်းဖောက်ခွဲရာတွင်လည်း အချိန်ဇယားအတိုင်း တိကျစွာ တစ်နေ့လျှင် တစ်ကြိမ်သာ ဖောက်ခွဲခြင်း၊ ယမ်းမဖောက်ခွဲမီ (၁၅)မိနစ်၊ ယမ်းဖောက်ခွဲခါနီးနှင့် ယမ်းဖောက်ခွဲပြီးဆုံးချိန်တို့တွင် ဥသြဆွဲသတိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ယမ်းဖောက်ခွဲခြင်းမှ ဖြစ်ပေါ်လာသည့် ဖုန်မှုန့်ပျံ့လွင့်မှု၊ ဆူညံမှု၊ တုန်ခါမှုများကိုလည်း World Bank Standard သတ်မှတ်ချက် စံချိန်စံညွန်းနှင့်အညီ အမြဲမပြတ် စောင့်ကြည့်တိုင်းတာ စစ်ဆေးလျက်ရှိရာ နိုင်ငံတကာလက်ခံသည့် သတ်မှတ်စံချိန် စံညွှန်းအတွင်းသာ ဆောင်ရွက်လျက်ရှိပါကြောင်း။

 


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ရည်ရွယ်၍ စီမံကိန်း ဧရိယာပြင်ပသို့ အရည်၊ အငွေ့၊ အစိုင်အခဲ စသည်တို့ကို  စွန့်ထုတ်မှု မရှိသော Zero Discharge ဖြစ်စေရေးအတွက် တူးဖော်ခြင်း၊ ကြိတ်ခွဲခြင်း၊ Leach Pad ခင်းကျင်းစုပုံခြင်း၊ ဆာလ်ဖျူရစ်အက်ဆစ်ပျော့ အရည်ဖျန်းပြီး Copper Sulphate Solution ထုတ်လုပ်ခြင်းနှင့် Electro Winning စနစ်ဖြင့် ကက်သုတ်ကြေးပြားထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ဒုတ္ထာရည်သိုလှောင်ကန်များကိုလည်း ဒေသရှိနှစ်တစ်ရာအတွင်း အမြင့်ဆုံး မိုးရေချိန်၊ မြစ်ရေကြီးမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များအပေါ် အခြေခံ၍ တည်ဆောက်ထားပြီး မြေသားအတွင်းသို့ ဒုတ္ထာရည်များ စိမ့်ဝင်မှုမရှိစေရန် သိပ်သည်းကျစ်လစ်သည့် ပေါ်လီအက်သလင်း ပလတ်စတစ်အထူပြားများကို သိုလှောင်ကန်၏ အောက်ခြေကြမ်းပြင်နှင့် ဘေးပတ်လည်နံရံများတွင် လည်းကောင်း၊ သတ္တုရိုင်းအပုံ Leach Pad များ၏ အောက်ခြေတွင်လည်းကောင်း ခင်ကျင်းတည်ဆောက်ထားပါကြောင်း၊ ကြေးနီထုတ်လုပ်မှု နည်းစဉ် အဆင့်ဆင့်ကိုလည်း နိုင်ငံတကာဥပဒေများနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိခြင်းနှင့် ကတိကဝတ်ပါ ပတ်ဝန်းကျင် အရည်အသွေးဆိုင်ရာ စောင့်ကြည့်တိုင်းတာမှုကို လိုက်နာဆောင်ရွက်ရေး စောင့်ကြည့်ကြပ်မတ် ကြည့်ရှုဆောင်ရွက်လျက်ရှိပြီး  နိုင်ငံတော်၏ အကျိုးစီးပွား၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူလူထု လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
    

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း၊ ပုလဲသွယ်စပ်မျိုးစပါး (GW-1) မျိုးစေ့မသန့်ပြန့်မှုကြောင့် နစ်နာဆုံးရှုံးခဲ့သော တောင်သူ(၁၉၈) ဦးအတွက် စပ်မျိုးစပါးဖြန့်ဖြူးရောင်းချ သောကုမ္ပဏီမှ လျော်ကြေးရရှိရေး ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၇ - ၂၀၁၈ခုနှစ် စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိိုမြို့နယ်၊ သီးလုံးကျေးရွာရှိ တောင်သူဦးတင်ဝင်းပါ (၁၉၈) ဦးအနေဖြင့် GW1 ပုလဲသွယ် စပ်မျိုးစပါး F1 ကြောင့် နစ်နာခဲ့မှုအပေါ် လိုအပ်သည်များ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်တာဝန်ပေးမှုနှင့်အညီ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာအလိုက် ကွင်းဆင်းအဖွဲ့များ ဖွဲ့စည်းပြီး အကြောင်းအချင်းအရာ ဖြစ်ပေါ်ခဲ့သော ကျေးရွာများရှိ တောင်သူများထံ တွေ့ဆုံကွင်းဆင်း စိစစ်ခဲ့ပါကြောင်း။
    

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိမှု တင်ပြချက်များအပေါ် အခြေအနေအရပ်ရပ် သုံးသပ်၍ ကုမ္ပဏီနှင့် တောင်သူတို့အကြား ပြဿနာများ ပြေလည်စွာ ဖြေရှင်းပေးနိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်နစ်နာမှု မရှိစေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ပေးခဲ့ပါကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကွင်းဆင်းခဲ့ပြီး  တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်စီမံခန့်ခွဲမှု၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဥက္ကဋ္ဌများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ တောင်သူကိုယ်စားလှယ်များ၊ တင်ပြထားသော ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွှေဘိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါကြောင်း။
  

 

ဆွေးနွေးပွဲ တွင် သဘောတူဆုံးဖြတ်ချက်နှင့်အညီ အကျိုးအမြတ်ကြီးစွာ ထိခိုက်ပျက်စီးမှုမရှိသည့် တောင်သူများအနေဖြင့် မျိုးစပါးတန်ဖိုးငွေ အပြေအကြေ ပေးသွင်းခဲ့ပါကြောင်း၊ ကျေးရွာအုပ်စု (၄၇) အုပ်စုရှိ တင်ပြပါ တောင်သူ(၁၉၈)ဦးထံမှ ကောက်ခံရန် ကျန်ရှိသည့် မျိုးစေ့ဖိုး ကြွေးကျန်များအားလုံးကို ကုမ္ပဏီမှ ကောက်ခံခြင်း မပြု တော့ရန် သဘောတူ ဆုံးဖြတ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
    

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဒေါက်တာရဲမြင့်ဆွေတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
    

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။
    

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
    

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။
    

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
    

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
    

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က အဆိုပါ  ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။
    

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
    

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 


အောင်ရဲသွင်