ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

နေပြည်တော် ၂၉ ဧပြီ

 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ကျန်းမာရွှင်လန်းစွာ တက်ရောက်လာကြသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ်ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက်များကို သယ်ဆောင်လာပြီး ဥပဒေ၊ နည်းဥပဒေ ဘောင်အတွင်းက နည်းလမ်းတကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရတော့မည် ဖြစ်ပါကြောင်း။

 


ယခုဆိုလျှင် လွှတ်တော်သက်တမ်းသည် ၃ နှစ်ကျော်၊ ၄ နှစ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော်၏ ဓလေ့ထုံးတမ်းများနှင့်အညီ ဆောင်ရွက်နိုင်ကြလိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း။

 


ထို့ကြောင့် ယခု (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း ဥပဒေပြုရေး တာဝန်များ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့ကို အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များကို နည်းလမ်းတကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ိိိ

 


ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း အစီအစဉ်တွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်၏ မြန်မာနိုင်ငံအတွင်း ပြည်တွင်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင် စားသောက်နေသူများကို မှတ်ပုံတင် အိမ်ထောင်စုစာရင်းများ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မဲပေးခွင့်များရရှိရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဖြေကြားသည်။

 


ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၏ လေကြောင်းထိန်းသိမ်းရေးမျှော်စင် တည်ဆောက်ပေးရေး၊ ကြိုးဖုန်းများ ပြုပြင်ပေးရေး၊ ဆိပ်ကမ်းအဆင့်မြှင့်တင်ပေးရေးနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးဖွင့်လှစ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့သည်။

 


တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်းလေဆိပ်၌ ခရီးသည်နားနေဆောင် လေဆိပ်အဆောက်အဦနှင့် Control Tower  လေကြောင်း ထိန်းသိမ်းရေးမျှော်စင် အဆောက်အဦများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဘုတ်ပြင်းလေဆိပ်အတွက် လေယာဉ်ပြေးလမ်း၊ လေယာဉ်အဝင်လမ်း၊ လေယာဉ်ရပ်နားနေရာ တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်ခရီးသည် နားနေအဆောက်အဦနှင့် ယာယီ လေကြောင်းထိန်းမျှော်စင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀ဝ၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀ဝ၄ ခုနှစ် နိုဝင်ဘာလတွင် ပြီးခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် ဘုတ်ပြင်းလေဆိပ် ခရီးသည်အဆောက်အဦကို အသေးစားပြုပြင် မွမ်းမံပေးခဲ့ပါကြောင်း။

 


ဘုတ်ပြင်းလေဆိပ်တွင် လေကြောင်းထိန်းမျှော်စင်တစ်ခု၏ အင်္ဂါရပ်နှင့်ညီညွတ်သော လေကြောင်းထိန်းမျှော်စင် အသစ်တည်ဆောက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရန်ပုံငွေ လျာထားတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ခွင့်ပြုရရှိသည့် ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း၊ လေယာဉ်ဆင်းသက်မှုကြိမ်ရေနှင့် ခရီးသည်တိုးတက်လာမှု အခြေအနေအပေါ်မူတည်၍ လိုအပ်လာသည့်အချိန်တွင် လေဆိပ်အဆောက်အဦသစ် တည်ဆောက်နိုင်ရန် ဘဏ္ဍာငွေ တင်ပြတောင်းခံပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 


မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ နိုင်ငံတော်၏ အဓိက ပြည်တွင်းဆိပ်ကမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပခုက္ကူဆိပ်ကမ်းကို ခေတ်မီဆိပ်ကမ်းတစ်ခုဖြစ်လာအောင် အဆင့်မြှင့်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပခုက္ကူမြို့တွင် နိုင်ငံတကာအဆင့်မီ ခေတ်မီဆိပ်ကမ်းတစ်ခု ပေါ်ထွန်းလာစေရေးအတွက် ပဏာမ လေ့လာဆန်းစစ်ချက် (Feasibility Study) ဆောင်ရွက်ခြင်း၊ ပဏာမ လျာထားနေရာ ရွေးချယ်ခြင်းနှင့် ပဏာမ ဒီဇိုင်းပုံစံရေးဆွဲခြင်းတို့ကို ၂၀၁၇ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပဏာမ ဒီဇိုင်းပုံံစံအရ ပခုက္ကူဆိပ်ကမ်း အသစ်ကို အလျားမီတာ (၁၈၀)ရှိသော ကွန်ကရစ် ဆိပ်ခံတံတားနှင့် (Pontoon Type) ဆိပ်ခံအဖြစ် တည်ဆောက်ရန် လျာထားပါကြောင်း။

 


ပခုက္ကူဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မီ တည်ဆောက်မည်ဆိုပါက အမေရိကန် ဒေါ်လာ (၂၅)သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း၊ ပခုက္ကူ ဆိပ်ကမ်းအသစ် တည်ဆောက်ရေးစီမံကိန်းကို Project Bank တွင် ထည့်သွင်းနိုင်ရန် အဆိုပြုချက် တင်ပြထားပြီးဖြစ်ပါကြောင်း၊ အတည်ပြုချက် ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးပြူးလွင်၏ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန  (ကညန)ရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေစေရေးအတွက် ယာဉ်နှင့်ယာဉ်မောင်း လိုင်စင်များကို (၃)လကြိုတင်၍ သက်တမ်းတိုးခွင့် ပြုထားသည့်အပြင် နယ်လှည့် ကွင်းဆင်းဆောင် ရွက်ပေးခြင်းများကို ယခင်က တစ်နှစ်(၃)ကြိမ် ဆောင်ရွက်ပေးခဲ့ရာမှ ၂၀၁၅ခုနှစ်၊ မတ်လမှစ၍ (၄)ကြိမ်သို့ တိုးမြှင့်ပြီး တစ်ကြိမ်လျှင်(၃)ရက် အချိန်ယူ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုအပ်လာသည့်အခါများတွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းလာပါက အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဂန့်ဂေါခရိုင်တွင် (ကညန)ရုံး ဖွင့်လှစ်ရန် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားသည်။

 


ထို့ပြင် ယနေ့အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း(၂၀၁၉)ကို လွှတ်တော်သို့တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 


ယင်းဥပဒေနှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းကြရန် ကြေညာထားသည်။

 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မေ ၂ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 


ကျော်သူထက်