ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော် ၁၇ မေ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ အော်ဂဲနစ် သီးနှံ စိုက်ပျိုးသည့် တောင်သူများအား နိုင်ငံတော်မှ ပြည်တွင်း၊ ပြည်ပဈေးကွက် ချိတ်ဆက်ပေးနိုင်ရန်နှင့် လိုအပ်ချက်များကို မည်သို့ကူညီထောက်ပံ့ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာနှင့် ပတ်သက်၍ ပညာပေးသင်တန်းများပြုလုပ်ခြင်းနှင့် အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်တွင်းအဖွဲ့အစည်းများ ဖြစ်သည့် ရွှေမြေကြီးကိုယ့်အားကိုယ်ကိုး ဖွံ့ဖြိုးရေးအဖွဲ့နှင့် ပူးပေါင်း၍ အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာသင်တန်း ပေးခြင်းနှင့် ဈေးကွက်ချိတ်ဆက်ဖော်ဆောင်ပေးခြင်း လုပ်ငန်းများကို ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်များတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်တွင်းပြည်ပစားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းသော အစားအစာ ထုတ်လုပ်ပေးနိုင်ရန်နှင့် အော်ဂဲနစ်ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်အထိ တင်ပို့ ရောင်းချနိုင်ရန်အတွက် မြန်မာ့အော်ဂဲနစ် စံချိန်စံညွန်းကို အာဆီယံ အော်ဂဲနစ် စံချိန် စံညွန်းများနှင့်အညီ ပြုစု၍ မြန်မာ့အော်ဂဲနစ် စံချိန်စံညွှန်းစာအုပ်ကို ထုတ်ဝေ ပြဋ္ဌာန်းခဲ့ပါကြောင်း၊

ထို့ပြင် နိုင်ငံအတွင်း အခြားဒေသထွက်ပစ္စည်းများ တင်ပို့ရာတွင် သင့်တင့်မျှတသော ဈေးနှုန်းရရှိပြီး ဈေးကွက်ရရှိရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီလုပ်ငန်းရှင်များပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့များ နိုင်ငံခြားသို့သွားရောက်သည့်ခရီးစဉ်များ တွင်လည်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ အော်ဂဲနစ်စိုက်ပျိုးသည့် တောင်သူများအတွက် ပြည်တွင်း၊ ပြည်ပဈေးကွက်ကို ချိတ်ဆက်ပေးလျက် ရှိပါ ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် ထုတ်လုပ်မှုကို ပံ့ပိုးပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ - ညောင်ဦးမြို့နယ်အတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်း ၉၀ဝခန့် ပုဂံခေတ် ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သော မြကန်တမံကြီးအား ဘက်စုံပြုပြင် ထိန်းသိမ်းဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀ဝ၅ ခုနှစ်မှ ၂၀ဝ၉ ခုနှစ်အထိ လောကနန္ဒာ လျှပ်စစ် မြစ်ရေတင်လုပ်ငန်းမှ ဧရာဝတီမြစ်ရေကို တင်ယူပြီး မြကန်အတွင်း ရေဖြည့်တင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ် များပြားလွန်းသည့်အတွက် မြစ်ရေတင်လုပ်ငန်းအနေဖြင့် ၎င်း၏ ပင်မ လုပ်ငန်းဖြစ်သည့် ရေ သောက်ဧရိယာများသို့ စိုက်ပျိုးရေပေးဝေရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်လာသည့်အတွက်၂၀ဝ၉ခုနှစ် နောက်ပိုင်းတွင် မြကန်အတွင်းသို့ ရေဖြည့်တင်းပေးခြင်း မပြုနိုင်သည့် အခြေအနေဖြစ်ပါကြောင်း။

ထို့ပြင် တောင်ဇင်းရွှေလှိုင်းချောင်းမှ ရေကိုမြကန်အထိရောက်အောင် ပို့ဆောင် ရန် နှင့်စပ်လျဉ်း၍ အဆိုပါ ချောင်းသည် မိုးရွာသွန်းသည့်အချိန်တွင်သာ ရေစီးဆင်းမှုရှိပြီး အခြားအချိန်များတွင် ရေစီးဆင်းမှုမရှိသည့် သဲချောင်းဖြစ်ပါကြောင်း၊ သဲပြင်တောရွာအနီးရှိ မင်းကန်ကြီး (ကန်ကြီးကုန်းကန်) မြေဖို့ပြုပြင်ခြင်းနှင့် ရေပိုလွှဲ တည်ဆောက်ခြင်းနှင့်အတူ ရေလွှဲမြောင်းတူးဖော်ခြင်း၊ လက်ဝဲကျေးရွာအနီးရှိ ရတနာ ဘုမ္မိကန် မြေဖို့ပြုပြင်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်ခြင်း၊ ရတနာဘုမ္မိကန်မှ မြကန် အရောက်ရေလွဲမြောင်းတူးဖော်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းပမာဏကြီးမားစွာ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ကုန်ကျစရိတ်လည်း များပြားမည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ လက်တွေ့အခြေအနေအပေါ်တွင် သုံးသပ်၍ ဒေသအတွင်းမိုးရွာ သွန်းမှုနှင့်အညီ ကန်အတွင်းရေဝင်ရောက်မှုရှိလာသည့် အခြေအနေအပေါ်တွင် ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လိုအပ်သလို ထိန်းသိမ်းဆောင် ရွက်နိုင်သည့် အနေအထားသာ ရှိပါကြောင်း၊ မြကန်၏ ရေပိုရေလွှဲကို တစ်ဖက်မှ ထိန်းသိမ်း ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အဆိုပါ ရေပိုရေလွှဲထိန်းသိမ်းခြင်းမှ တစ်ဆင့် ကန်ရေဝင်မှု ပိုမိုရရှိနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် ၏ ရခိုင်ပြည် နယ်၊ မြောက်ဦးမြို့နယ်ရှိ ကုလားပုန်းနတ်ချောင်း ရေငန်တားတာတမံတွင် ဆည်ဖို့ရန် ကျန်နေသည့် အရှည်ပေ (၂၁၀ဝ၀)ကို ဆက်လက်ဆည်ဖို့ပေးရန်နှင့် လုံလောက်သော ရေနုတ်ပေါက်များကို ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ ၏ မြန်မာနိုင်ငံရှိ ဆည်မြောင်းတာတမံများ မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေလှောင်တမံကျိုးပေါက်မှုများကို ကာကွယ်ရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်းမေးခွန်း တို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးငွန်ဟေး ၏ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ အဓိက ချောင်းသွယ် (၆)ခုမှ နှစ်စဉ်မိုးရာသီ တိုင်းရေကြီးပြီး ချောင်းရေတိုက်စားမှုကြောင့် ဖြစ်ပေါ်သော မြေပြိုမှုများကို ကာကွယ် ထိန်းသိမ်းရန်အတွက် ၎င်းတို့ထဲမှ (၄)ခု သို့မဟုတ် (၂)ခုအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် သမ္မတ၏ အထူးရန်ပုံငွေဖြင့် လျာထားထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မှတ်တမ်းများကို ဥပဒေနှင့်အညီ မည်ကဲ့သို့ လွှဲပြောင်းရယူ ထိန်းသိမ်းထားသည်ကို သိရှိလိုခြင်းနှင့် မော်ကွန်းထိန်းသိမ်းခြင်း အရေးကြီးမှုကို ပြည်သူများ သိရှိနားလည်စေရန် ပညာပေးလုပ်ငန်းများ မည်ကဲ့သို့စီမံဆောင်ရွက်ထား သည်ကို သိရှိလိုခြင်းမေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း ၏ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အခွန်ဦးစီးဌာနရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ ကယားပြည်နယ်မှ ထုတ်လုပ်ပေးလျက်ရှိသော ဘီလူးချောင်း ရေအားလျှပ်စစ်ဝင်ငွေများမှ ပြည်နယ်သူ/ ပြည်နယ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်း အလို့ငှာ သင့်တော်သော မျှဝေမှု Resource Sharing ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ မြန်မာ့ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက် ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင်သင်္ဘောကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆ ထိခိုက်မှုအန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့် အမြန်ဆုံးအန္တရာယ် ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ စီမံရေးဆွဲပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က မိမိတို့အားလုံးသည် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်မပျက်စီးစေရေးအတွက် ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ပါကြောင်း၊ မြန်မာ့ပင်လယ်ပြင်တွင် သင်္ဘောများမှ ရေနံစိမ်းများ ယိုဖိတ်မှု မဖြစ်ပွားစေရေးနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ နည်းပါးစေရန် စိတ်ချရသော ကြိုတင် ပြင်ဆင်မှု အစီအမံများ၊ အရေးပေါ်ဖြေရှင်းမှု အစီအမံများ ပြင်ဆင်ထားရှိမှုနှင့် ဆီယို ဖိတ်မှုများ ဖြစ်ပေါ်လာပါက ကျူးလွန်မှုအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ ချမှတ်ရန်လည်း လိုအပ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ ပင်လယ်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီပြီး ဂေဟစနစ်ပျက်သုံးခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝ ဆုံးရှုံးနစ်နာမှုများအတွက် ထိုက်သင့်သည့် လျော်ကြေးများ ရရှိရန် လိုအပ်ပါကြောင်း၊ ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၊ပုဒ်မခွဲ (၁) တွင် နိုင်ငံပိုင်သယံဇာတ ပစ္စည်း များအား နိုင်ငံရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် လိုအပ်သော ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပြီး သယံဇာတပစ္စည်းများကို ထိန်းသိမ်းကြီးကြပ်ကာကွယ်မည် ဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက မဒေးကျွန်း ဆိပ်ကမ်းသို့ ဝင်ရောက်နေသည့် ပမာဏကြီးမားပြီး တန် (၃)သိန်းခန့် သယ်ဆောင်နေသည့် ရေနံစိမ်းတင် သင်္ဘောများ အကြောင်းအမျိုးမျိုးကြောင့် ရေနံယိုဖိတ်မှု ဖြစ်ပေါ်လာပါက ကြိုတင်မမျှော်မှန်းနိုင်သော ကိစ္စရပ်များအတွက် မဟာဗျူဟာကျသော ကာကွယ်မှု အစီအမံများ ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မိမိတို့ နိုင်ငံ၏ အကျိုးစီးပွားကို ပြည့်စုံအောင် ကာကွယ်နိုင်သည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားရှိရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်ရေနံ ယိုဖိတ်မှု တုံ့ပြန်ဆောင်ရွက်ရေး အရေးပေါ် စီမံချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းများက မူကြမ်းရေးဆွဲထားသော်လည်း အတည်ပြု မပြဋ္ဌာန်းနိုင်သေးသောကြောင့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး တင်ထွဋ်နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က အဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဥပဒေ၊ နည်းဥပဒေအပြင် အပြည်ပြည်ဆိုင်ရာ စံနှုန်းများဖြစ်သည့် (ISGOTT) နှင့် (BUNKER 2001) တို့အရ စီမံဆောင်ရွက်လျက်ရှိ ပြီး National Contingency Plan For Marine Pollution များကို တင်ပြအတည်ပြုပြီးပါက ၎င်းစီမံ ချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ရေနံတင်သင်္ဘောများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများသည် မိမိနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံထားရှိပြီး  ဖြစ်ပွားလာပါက ဆိုး ကျိုးအနည်းဆုံး ဖြစ်စေရန်၊ ထိခိုက်မှုများအတွက် နစ်နာကြေးများ ရရှိရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိခြင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိနေပါကြောင်း။

အဆိုသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးမှုများ၊ တိုင်းရင်းသား ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ကာကွယ်နိုင်ရန် ရည်ရွယ်၍ တင်သွင်းလာခြင်းဖြစ်သည့်အတွက် အဆိုကို အတည်ပြု လက်ခံသော်လည်း အဆိုပါ လုပ်ငန်းစဉ်များသည် ကြီးမားကျယ်ပြန့်လှပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်တွင်း ပြည်ပပညာရှင်များ အားလုံးပါဝင်ပေါင်းစပ် ညှိနှိုင်း သွားရမည့် ကိစ္စဖြစ်သည့်အတွက် အချိန်ယူဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို မေ ၂၁ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်