ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ကျင်းပ

နေပြည်တော်   ၂၇   မေ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဦးကျော်သောင်း ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် ခရိုင် လူမှုဝန်ထမ်းရုံးဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ခရိုင်ရုံး (၁၆) ရုံး ဖွင့်လှစ်ရန် လျာထားရာ တွင် စစ်ကိုင်းခရိုင် အပါအဝင်ဖြစ်ပြီး ဝန်ထမ်းအသစ်ခန့်ထားရန် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေရရှိပြီးဖြစ်ရာ တစ်နိုင်ငံလုံးတွင်  စုစုပေါင်း ရာထူး(၃၈၄) နေရာ ဝန်ထမ်းသစ်ခန့်ထားနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အတွက် ခွင့်ပြုမိန့်ရရှိပါက စစ်ကိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးကို ယခုဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

 ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ သာသနိကအဆောက်အအုံများရှိ နဝရူပဗျာလ် ရုပ်ထုများကို  ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ လူသားမျိုးနွယ်တို့၏ နှုတ်မှုဆိုင်ရာ လက်ရာမွန်များနှင့် ဒြပ်မဲ့အမွေအနှစ် များအား လူသားမျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်း ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်တွင်းပြည်ပပညာရှင်များ ပါဝင်သည့် အဖွဲ့များဖြင့် လုပ်ဆောင်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် မြောက်ဦး မြို့ရှိ ရှေး ဟောင်းဘုရား စေတီပုထိုးများ၊ ရုပ်ထုများ၊ ကျောက်စာများ၊ ပိဋိကတ်တိုက် များ၊ ခံတပ် များ စသည့် ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းများအပြင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ် တို့အား ခေါင်းစဉ်တစ်ခုခြင်းစီ သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ မြောက်ဦးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် ဒြပ်ရှိ ယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများပါ တင်သွင်းရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ရာ ယခု လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် ရခိုင်ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့သာသနိက အဆောက်အအုံများရှိ နဝရူပဗျာလ် ရုပ်တုများနှင့် ပတ်သက်၍ UNESCO သို့ အမည်စာရင်းတင်သွင်းလိုသည့် ကိစ္စတွင်လည်း သက်ဆိုင်ရာပြည်နယ် အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းကော်မတီများ၊ ပညာရှင်များ၏ စာရင်းကောက်ယူ တင်သွင်းလာမှုများတွင် ပါဝင်လာပါက အခြားသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ နည်းတူ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဒေါ်အိအိပြုံး၏ KG သင်ရိုးနှင့် ကိုက်ညီသော ဂီတဆိုင်ရာအထောက်အကူပြုပစ္စည်းများ အပါအဝင် လိုအပ်သော သင်ထောက်ကူပစ္စည်းများအား လာမည့်ဘဏ္ဍာရေးနှစ်တွင် လုံလောက်စွာ ထောက်ပံ့ ပေးရန်နှင့် KG ဆရာ၊ဆရာမများ သီးသန့်ထားရှိပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လက်ရှိတွင် KG သင်တန်းကို တာဝန်ယူသင်ကြားပေးသည့် ဆရာ၊ ဆရာမများအနေဖြင့် ဖွဲ့စည်းပုံအရ သီးသန့်ခန့်ထားပေးခြင်း မရှိပါကြောင်း၊ မူလတန်းပြအဖြစ် ခန့်ထားသည့် ဆရာ၊ ဆရာမ များအနက်မှ KG သင်တန်း သင်ကြားပေးနိုင်စေရန်အတွက် သင်တန်းများ တက်ရောက်စေပြီး တာဝန်ပေးခဲ့ပါကြောင်း။

 

KG သင်ရိုးနှင့် ကိုက်ညီသော ဂီတဆိုင်ရာ အထောက်အကူပစ္စည်းများ အပါ အဝင် လိုအပ်သော သင်ထောက်ကူပစ္စည်းများအား သက်ဆိုင်ရာကျောင်းများ၏ အစီအစဉ်ဖြင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဆိုင်ရာ ရန်ပုံငွေမှ ကျခံသုံးစွဲရန် စီစဉ်ထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် KG သူငယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် KG Kit ပုံးများတွင် ပါဝင်သည့် သင်ထောက်ကူ ပစ္စည်းများကို ပြန်လည်ဖြည့်ဆည်းပေးသည့် (refilled) စနစ်အတွက်သာ ဦးစားပေး ထောက်ပံ့ ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၏ ရခိုင်ပြည် နယ်၊မြောက်ဦးမြို့၏ မြို့တည်နန်းတည် လေးမျက်နှာဘုရားပုထိုးတော်ကြီး အတွင်းရှိ ကျောက်ဆင်းတုတော်ဘုရားများ ဖျက်ဆီးခံရခြင်းကို ဖော်ထုတ်ဖမ်းဆီး အရေးယူ ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင် ကျောက်ဆမ်၏ ရှမ်းပြည်နယ်၊ ကျိုက်တုံမြို့၏ရှေးဟောင်း အဆောက်အအုံ ဖြစ်သည့် မြို့ရိုးနှင့် ကျုံးကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကာကွယ်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကြည်မင်း က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်တုတ်၏ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့အပြင် အခြား ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် တချို့တွင် “နိုင်ငံရေးသိပ္ပံ” ပညာကို အထူးပြုဘာသာအဖြစ် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)မှ ဦးဇုန်လှယ်ထန်း၏ ချင်းပြည်နယ် ဖလမ်းမြို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့၊ မဲသမူကျေးရွာအုပ်စု၊ ကရီးဖိုးကွီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် (၁၂၀’ x ၃၀’)RC တစ်ထပ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်း၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ၂၀၁၈ခုနှစ်၊ ဇွန်လတွင် မူလတန်းပြ(နေ့စားလပေး) လျှောက်လွှာ ခေါ်ယူပြီး မြို့နယ်အတွင်းရှိ နဝမတန်းအောင်၊ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဘွဲ့ရများ (၃၅၀ဝ)ကျော် လျှောက်ထားဖြေဆို ခဲ့ကြသော်လည်း (၂၀-၂-၂၀၁၉) ရက်နေ့အထိ ခန့်ထားခြင်းမရှိသည့်အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မတိုင်မီ ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာ ဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင် အခြေခံပညာ မူလတန်း(လွန်)ကျောင်းရှိ အန္တရာယ်ရှိ အဆောက်အအုံအား ဖျက်သိမ်း၍(၉၀’x၃၀’)RC နှစ်ထပ်ဆောင်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ကအတည်ပြုပြီး ပေးပို့ထားသော မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင် ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြု ပြီး ပေးပို့ထားသော ၂၀၁၇ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းကို ပြည့်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို မေ ၂၈ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း  ကြေညာသည်။  

 

အောင်ရဲသွင်

 

age 111