ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၃)ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၃၀  မေ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အသေးစား(SME)လုပ်ငန်းစုများ ပါဝင်သော စက်မှုဇုန်တစ်ခု အကောင်အထည်ဖော် ထူထောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အသေးစား(SME) လုပ်ငန်းစုများပါဝင်သော စက်မှုဇုန်တစ်ခု အကောင်အထည်ဖော် ထူထောင်ပေးနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ကာ (Feasibility Study) များ ပြုလုပ်လျက်ရှိနေပါကြောင်းနှင့် မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့၏ အသေးစိတ်အစီရင်ခံမှုအရ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများကပါ ပါဝင်ပူးပေါင်းကာ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

mdn

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အပ်စကျေးရွာအုပ်စု၊ ဟုန်းကျေးရွာ၊ ကျေးလက်ကျန်းမာ ရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဟုန်းကျေးလက်ကျန်းမာရေး ဌာန(ခွဲ)တွင် ကျေးရွာပေါင်း (၁၃) ရွာ၊ အိမ်ခြေ (၃၃၀) ရှိပါကြောင်း၊ ထို့ကြောင့် ကျေးလက်ကျန်းမာရေးဌာနအဖြစ် ဖွင့်ပေးမည်ဆိုပါက အနီးအနားတွင်ရှိသည့် ကျေးရွာ (၁၉)ရွာ၊ အိမ်ခြေ(၅၀၄)အိမ်၊ လူဦးရေ (၂၇၅၅)ဦးကို လွှမ်းခြုံနိုင်မည်ဖြစ်ပါကြောင်း၊ အဆင့်တိုးမြှင့်ရန် လိုအပ်ချက် (၆)ချက်တွင်လည်း ၄ ချက် ပြည့်မီပြီး ချင်းပြည်နယ်သည်လည်း ခက်ခဲသည့် ဒေသဖြစ်သည့်အတွက် မိမိအနေဖြင့် အဆင့်တိုးမြှင့်ပေးရန် ရည်ရွယ်ပါကြောင်း၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးကလည်း ထောက်ခံပါကြောင်း။

 

သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လမ်းညွှန်ချက်တစ်ခုရှိပါကြောင်း၊ ဝန်ထမ်းများဖွဲ့စည်းပုံ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု အစီရင်ခံစာအပေါ် အခြေခံသော အမိန့်ကြေညာစာထွက်ပြီးမှသာ သတ်မှတ်ချက်များနှင့် စိစစ်တင်ပြရန် အကြောင်းကြားသည့်အတွက် အဆိုပါ အမိန့်ကြေညာစာကို စောင့်ရန်လိုပါကြောင်း၊ ထို့ကြောင့် အမိန့်ထွက်လာပါက ဖွဲ့စည်းပုံတင်ခြင်းနှင့် ဘတ်ဂျက်ကိစ္စရပ်များစသည် တို့ကို စတင်လုပ်ဆောင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေ သကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာရွာကြီးအား မြို့အဖြစ် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က အေးမြသာယာကျေးရွာအုပ်စုအား မြို့အဖြစ်အဆင့် တိုးမြှင့်နိုင်ရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်၍ ဒေသခံပြည်သူများ၏ သဘောထားများကို အေးမြသာယာရှိ အကွက်အလိုက်နှင့် ရွာခွဲအလိုက် သွားရောက်ပြီး သဘောထားရယူခဲ့ရာ အေးမြသာယာအုပ်စုရှိ ရပ်ကွက်(၉)ရပ်ကွက်မှာ အေးမြသာယာမြို့တွင် ပါဝင်လိုပြီး ရေတာ ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ဆီဆုံကုန်းကျေးရွာ၊ ဂုံညင်းတန်းကျေးရွာ၊ ကဝေစု ကျေးရွာတို့အား စုပေါင်း၍ ရေတာကျေးရွာအုပ်စုအဖြစ်လည်းကောင်း၊ ပြည်တော်သာ ကျေးရွာ၊ သိုက်ဝါးချောင်းကျေးရွာတို့အား စုပေါင်း၍ ပြည်တော်သာကျေးရွာအုပ်စု အဖြစ်လည်းကောင်း ဖွဲ့စည်းလိုကြောင်း သဘောထားရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ အောင်သုခ ကျေးရွာမှာ မည်သည့်အုပ်စုထဲတွင် ပါဝင်ဖွဲ့စည်းလိုသည်ကို ယခုထိတင်ပြ လာခြင်းမရှိ၍ မည်သို့ဆောင်ရွက်လိုသည်ကို ပြည်သူလူထု၏ သဘောထားရယူ ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ဖော်ပြပါ ရပ်ကွက်/ကျေးရွာများ၏ မြေအသုံးချမှုအခြေအနေနှင့် ကျေးရွာ(၁) ရွာချင်းစီ၏ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး ဆိုင်ရာအချက်အလက်များ၊ ကျေးရွာသမိုင်းကြောင်းစသည့် စာရင်းဇယားများ ပြုစုဆောင်ရွက်လျက်ရှိပြီး အချက်အလက် စာရင်းဇယားများနှင့် မြေပုံများ ပြည့်စုံအောင် ဆောင်ရွက်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ကွင်းဆင်းစစ်ဆေးပြီး အမှုတွဲတစ်ပေါင်းတည်း တည်ဆောက်၍ ဆက်လက်တင်ပြ သွားမည် ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ မကွေးတိုင်းဒေသကြီး ၊ ဂွေးပင်တိုက်နယ်၊ ဂွေးပင်ကျေးရွာတွင်ရှိသော ကျေးလက်ကျန်း မာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာတစ် နိုင်ငံလုံးရှိ မသန်စွမ်းသူများအား အခမဲ့ဖြစ်စေ၊ ကျခံနိုင်သော နှုန်းထားတစ်ခုနှင့်ဖြစ်စေ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တစ်ခု ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအုပ်စု၊ ထန်းပုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ အသေးစား စိတ်ဝေဒနာများကို ကုသသည့် ဆေးဝါးတချို့နှင့် အလွန်ကိုက်ခဲနာကျင်သော ဝေဒနာများကို သက်သာစေသည့် ဆေးဝါးတချို့တို့သည် ထိန်းချုပ်ဆေးဝါးများစာရင်းတွင် ပါဝင်နေပါသဖြင့် ဝယ်ယူရန်အလွန်ခက်ခဲပြီး ဝေဒနာရှင်များအား အလွယ်တကူ ကုသနိုင်စေရေးအတွက် မည်ကဲ့သို့ ဖြေလျှော့ပြောင်းလဲ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း ၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ငါဖိုင်ပီး ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ် ၏ ရန်ကုန်မြောက်ပိုင်း ခရိုင်၊ မှော်ဘီမြို့နယ်၊ ထိန်စွန်းစားကျက်မြေတွင် စိုက်ပျိုးအသက်မွေးနေကြသော အိမ်ထောင်စုများမှ လူနေထိုင်ခွင့်ရရှိရေးအတွက် စားကျက်မြေ ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ကြရာ ခွင့်မပြုဟု အကြောင်းကြားလာသဖြင့် နှစ်များစွာစိုက်ပျိုးနေထိုင်ပြီးဖြစ်သော ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေရေး မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် က လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး  က နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိကပညာ ရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ် ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာတွင်  မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်မှန်သည့် ပညာရေးအဆင့်အတန်းမြင့်မားနေရန် လိုအပ်ပါကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ ပညာရေးခေတ်နောက်ကျမှုနှင့် ဥပဒေကြီး ကြပ်မှုအားနည်းသည့် အခြေအနေကို အခွင့်ကောင်းယူပြီး အရည်အသွေး စစ်မှန်မှု မသေချာဘဲ မြန်မာ့ပညာရေးလောကထဲသို့ နိုင်ငံခြားတက္ကသိုလ်အဖွဲ့အစည်း အမည်များကို အသုံးပြု၍ ကြော်ငြာအားကောင်းကောင်းဖြင့် သင်တန်းကျောင်းမျိုးစုံ ဖွင့်လှစ် သင်ကြားပို့ချပေးနေသည်ကို တွေ့ရပါကြောင်း။

 

အဆိုပါ ကျောင်းများသည် စီးပွားရေးတွက်ခြေကိုက်မှုကိုသာ အဓိကထားပြီး အတုအယောင် သို့မဟုတ် အရည်အသွေးမမှီသည့် သင်ခန်းစာများ သင်ကြားပို့ချနေ မည်ဆိုပါက ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများ ဆုံးရှုံးနစ်နာရုံသာ မက မြန်မာ့ပညာရေး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် ပညာရေးအဆင့်အတန်းမြှင့်တင်ရန်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့် ရည်ရွယ်ချက်များနှင့် ပညာရေး အရည်အသွေးစိစစ်ကြပ်မတ်သည့် အဖွဲ့အစည်းများ ထားရှိကြပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီကို ဖွဲ့စည်း ထားပြီး ဖြစ်သော်လည်း ပုဂ္ဂလိက ပညာရေးလုပ်ငန်းများကို စိစစ်အကဲဖြတ်သည့် လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နေသည်ကို မတွေ့ရပါကြောင်း။

 

ထို့ကြောင့် အစိုးရတက္ကသိုလ်များ အဆင့်အတန်းမြှင့်တင်ပေးရန် လိုအပ်သကဲ့သို့ ပုဂ္ဂလိကပညာရေးကိုလည်း အဆင့်မြှင့်ရန် လိုအပ်ပါကြောင်း၊ စိစစ်ကြပ်မတ်အကဲ ဖြတ်သည့် လုပ်ငန်းစဉ်မရှိဘဲ ပညာရေးအဆင့်အတန်း မြင့်မားလာရန် မဖြစ်နိုင်ပါကြောင်း၊ စစ်မှန်သည့် ပညာရေးကို ကျောင်းသား၊ လူငယ်များရရှိစေရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် အဆိုကို တင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းအဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် က ထောက်ခံဆွေးနွေးသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယင်းအဆိုကို  လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် လက်ခံဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဇွန် ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော်